ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကျင်းပခဲ့တဲ့ ဘောလိဝုဒ်နာမည်ကြီးစုံတွဲ ဗစ်ကီနဲ့ ကက်ထရီနာ

10.12.2021yyl6.jpg

ဘောလိဝုဒ်လောကရဲ့ ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေဖြစ်ကြတဲ့ ကက်ထရီနာ ကဖ် (Katrina Kaif) နဲ့ ဗစ်ကီ ကော်ရှယ် (Vicky Kaushal) တို့ရဲ့မင်္ဂလာပွဲအကြောင်း လနဲ့ချီပြီး ပြောဆိုခန့်မှန်းမှုတွေ၊ ကောလဟာလတွေထွက်ပေါ်ခဲ့တာပါ။ ဒီဇင်ဘာ ၉ ရက်နေ့ မနေ့ကတော့ ဗစ်ကီနဲ့ ကက်ထရီနာတို့စုံတွဲဟာ ရာဇဌာန်ပြည်နယ်က Six Senses Fort Barwara တော်ဝင်နန်းတော်ကြီးမှာ မင်္ဂလာပွဲကို ကြီးကျယ်ခမ်းနားစွာကျင်းပခဲ့ကြပါတယ်။

သူတို့စုံတွဲဟာ မင်္ဂလာအခမ်းအနားက ပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ မျှဝေပေးခဲ့ပါတယ်။ “အရာအားလုံးအတွက် ကျွန်တော်၊ ကျွန်မတို့ နှလုံးသားထဲက ချစ်ခြင်းမေတ္တာနဲ့ ကျေးဇူးတရားတွေက အခုလိုအခိုက်အတန့်ကို ယူဆောင်လာပေးခဲ့တာပါ။ ဒီခရီးသစ်ကို အတူတကွ စတင်ဖို့အတွက် သင်တို့ရဲ့ချစ်ခြင်းမေတ္တာနဲ့ ကောင်းချီးပေးမှုတွေအားလုံးကို လိုချင်ပါတယ်”ဆိုပြီး မင်္ဂလာပုံရိပ်တွေနဲ့တကွ ပို့စ်တင်ခဲ့တာပါ။

အိန္ဒိယရိုးရာမင်္ဂလာဝတ်စုံတွေနဲ့ သူတို့စုံတွဲက ရင်သပ်ရှုမောဖွယ်ကောင်းခဲ့ကြပါတယ်။ အခုလိုနေ့ထူးနေ့မြတ်အတွက် သူတို့ရဲ့မင်္ဂလာဝတ်စုံကို နာမည်ကြီးဖက်ရှင်ဒီဇိုင်နာ ဆာဗျာဆာချီ (Sabyasachi) က ချုပ်လုပ်ပေးခဲ့တာပါ။ ဒီဇိုင်နာကလည်း သတို့သား၊ သတို့သမီးတွေရဲ့ဝတ်စုံအကြောင်း အင်စတာဂရမ်မှာ ပြောပြခဲ့ပါတယ်။ ကက်ထရီနာရဲ့သတို့သမီးဝတ်စုံကို လက်လုပ် Matka ပိုးထည်နဲ့ ပြုလုပ်ထားပြီး ကတ္တီပါသားနဲ့အနားသတ်တွေမှာ ပန်းထိုးခဲ့ပါတယ်။ ခေါင်းခြုံလွှာကိုလည်း လက်လုပ်ထည် Kiran နဲ့ ပြုလုပ်ထားပြီး ရွှေရောင်၊ ငွေရောင်တွေနဲ့ စိတ်ကြိုက်အနားကွပ်ထားပါတယ်။ သတို့သား ဗစ်ကီရဲ့မင်္ဂလာဝတ်စုံကိုတော့ အနုစိတ်တဲ့မာရီပန်းထိုး ဆင်စွပ်ပိုးသား Sherwani နဲ့ ပြုလုပ်ထားပြီး လက်လုပ်ရွှေကြယ်သီး Bengal Tiger ကိုလည်း ဆင်မြန်းပေးခဲ့ပါတယ်။

ဗစ်ကီနဲ့ ကက်ထရီနာတို့က မင်္ဂလာပွဲ မတိုင်ခင် ဒီဇင်ဘာ ၇ ရက်နေ့က ဧည့်သည်တွေအတွက် သီးသန့်ပါတီတစ်ခုကျင်းပပေးခဲ့ပြီး ဒီဇင်ဘာ ၈ ရက်နေ့မှာ သူငယ်ချင်းမိတ်ဆွေတွေနဲ့ မိသားစုတွေအတွက် Haldi နဲ့ Sangeet ရိုးရာအခမ်းအနားတွေ ကျင်းပခဲ့ကြတယ်လို့ The Indian Express သတင်းဌာနအရ သိရပါတယ်။ သူတို့စုံတွဲက အခုအပတ်အစောပိုင်းမှာ မင်္ဂလာပွဲကျင်းပရာခန်းမသို့ ရောက်ရှိလာခဲ့ပြီး မင်္ဂလာပွဲတက်ရောက်မယ့်ဧည့်သည်တွေအတွက် သူတို့ရဲ့အတွင်းရေးလုံခြုံမှုကို ထိန်းသိမ်းဖို့အတွက် ဖုန်းအသုံးပြုမှုကို ကန့်သတ်ထားတဲ့ တင်းကျပ်တဲ့စည်းမျဉ်းတွေချခဲ့ပါတယ်။

သတင်းတွေအရ ဗစ်ကီနဲ့ ကက်ထရီနာတို့ရဲ့ရိုးရာမင်္ဂလာပွဲက အပြင်ကို ချပြလို့မရတဲ့ လျှို့ဝှက်ချက်ဖြစ်ပြီး ကြီးမားတဲ့ အစီစဉ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဗစ်ကီနဲ့ ကတ်ထရီနာတို့ရဲ့မင်္ဂလာပွဲအခမ်းအနားကို သူတို့ရဲ့ပရိသတ်တွေ မြင်တွေ့ရဖို့အတွက် Amazon Prime Video ကို မင်္ဂလာပွဲရုပ်သံထုတ်လွှင့်ခွင့် ရူပီး သန်း ၈၀၀ နဲ့ ရောင်းချခဲ့တယ်လို့ သိရပါတယ်။

Amazon Prime Video က ဗစ်ကီနဲ့ ကက်ထရီနာတို့ရဲ့မင်္ဂလာပွဲနဲ့ပတ်သက်ပြီး သူတို့ သူငယ်ချင်းကနေ ချစ်သူတွေဖြစ်လာတာကစလို့ စေ့စပ်တာကနေ (၄) ရက်ကြာ မင်္ဂလာပွဲကျင်းပတဲ့အထိ ထုတ်လွှင့်ပြသွားမှာဖြစ်ပါတယ်။ ဗစ်ကီနဲ့ ကက်ထရီနာတို့ရဲ့မင်္ဂလာပွဲဗီဒီယိုကို ၂၀၂၂ခုနှစ်အစောပိုင်းမှ ကြည့်ရှုရမှာဖြစ်ပါတယ်။ မထုတ်လွှင့်ခင် မင်္ဂလာပွဲအခမ်းအနားနဲ့ပတ်သက်ပြီး ဘာမှ မပေါက်ကြားဖို့အတွက် မင်္ဂလာပွဲတက်ရောက်ခဲ့တဲ့ ဧည့်သည် (၁၂၀) ကျော်ကို မင်္ဂလာပွဲသတင်းအချက်အလက်တွေ မပေါက်ကြားရေးသဘောတူစာချုပ်မှာ လက်မှတ်ထိုးခိုင်းခဲ့သလို အခမ်းအနားတစ်လျှောက် ဖုန်းယူခွင့် ကန့်သတ်ခဲ့တာဖြစ်ပါတယ်။

Ref: Tribune “Katrina Kaif, Vicky Kaushal tie the knot in a fairytale wedding”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top