ကျွန်တော်တို့ ဂလက်ဆီဟာ တစ်ကြိမ်သေဆုံးဖူးပြီး အခုအကြိမ်ဟာ ဒုတိယသက်တမ်းဖြစ်ပါတယ်

7-scientistsha.jpg

ကျွန်တော်တို့ရဲ့ နဂါးငွေ့တန်းဂလက်ဆီဟာ Zombie တစ်ကောင်လို့ပြောရင် မှားမယ်မထင်ပါဘူး။ သူဟာ တစ်ကြိမ်သေဆုံးပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် Zombie နဲ့မတူတဲ့အချက်ကတော့ သူဟာ အခြား ဂလက်ဆီများရဲ့ ဦးနှောက်တွေကို လိုက်ပြီးဖောက်မစားပါဘူး။ အခု ဒီလိုပြောလာတာကတော့ ဂျပန်သိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး ကျွန်တော်တို့ဂလက်ဆီအတွင်းက ကြယ်တွေရဲ့ ဓာတုဗေဒရောစပ်မှုများကို လေ့လာရင်းသိရှိခဲ့တာဖြစ်ပါတယ်။

ဂလက်ဆီအတွင်းက ကြယ်တွေရဲ့ ဓာတုဗေဒရောစပ်မှုများကို လေ့လာရင်းသိရှိခဲ့

နဂါးငွေ့တန်းဂလက်ဆီထဲမှာရှိတဲ့ကြယ်တွေကို သူတို့ရဲ့ ဓာတုဗေဒရောစပ်မှုများအရ အပိုင်းကြီး (၂) ပိုင်း ခွဲခြားလိုက်နိုင်ပါတယ်။ ပထမအုပ်စုမှာတော့ အယ်ဖာဒြပ်စင်များဖြစ်တဲ့ အောက်စီဂျင်၊ မဂ္ဂနပ်စီယမ်၊ ဆီလီကွန်၊ ဆာလ်ဖာ၊ ကယ်လ်စီယမ်နဲ့ တိုက်တေနီယမ်တို့ ပေါများစွာပါရှိကြပါတယ်။ ဒုတိယအုပ်စုမှာတော့ အယ်ဖာဒြပ်စင်များ နည်းပါတယ်။ အခုလို အုပ်စုနှစ်စုကွဲနေခြင်းဟာ ဂလက်ဆီရဲ့ စတင်ဖွဲ့စည်းတဲ့အချိန်မှာ တစ်ခုခုဖြစ်ပျက်ခဲ့တယ်ဆိုတာကို ဖော်ပြနေပါတယ်။ ဒါပေမယ့် အဲ့ဒီအဖြစ်အပျက်ရဲ့ နောက်ကွယ် mechanism ကတော့ အခုထိ ရေရေရာရာ မသိသေးပါဘူး။

Tohoku တက္ကသိုလ်က သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ ပရောဖက်ဆာ Masafumi Noguchi က သူ့ရဲ့ မော်ဒယ်ဟာ ဒီအတွက်အဖြေကို ပေးနိုင်လိမ့်မယ်လို့ယုံကြည်နေပါတယ်။ အခုလို ကြယ်များအုပ်စုနှစ်စုကွဲနေရခြင်းဟာ မတူညီတဲ့ ကြယ်များဖြစ်ပေါ်ချိန်ကိုရည်ညွှန်းနေတယ်လို့ ဆိုပါတယ်။ သူတို့ကြားမှာ ကြယ်များဖြစ်ထွန်းခြင်းမရှိတဲ့ အချိန်တစ်ခုက ကြားဖြတ်ဝင်ခဲ့တယ်လို့ပြောပါတယ်။

၂၀၀၆ ခုနှစ်ကတင်သွင်းခဲ့တဲ့ cold flow galactic accretion သီအိုရီကိုအခြေခံပြီး Noguchi ဟာ နဂါးငွေ့တန်းဂလက်ဆီကြီးရဲ့ နှစ်ပေါင်း (၁၀) ဘီလီယံအချိန်ကာလကို အခြေခံတွက်ချက်ခဲ့ပါတယ်။ Cold flow galactic accretion သီအိုရီအရ ကြီးမားတဲ့ဂလက်ဆီများဟာ ကြယ်များဖြစ်ထွန်းစဉ်မှာ အဆင့်နှစ်ခုရှိတယ်လို့ ဆိုနိုင်ပါတယ်။ အခုကြယ်များရဲ့ ဓာတုဗေဒဆိုင်ရာရောစပ်ပုံများအရ Noguchi ဟာ နဂါးငွေ့တန်းဂလက်ဆီဟာလဲ ဒီအတိုင်းဖြစ်လိမ့်မယ်လို့ ယူဆခဲ့ပါတယ်။

Noguchi က cold flow galactic accretion သီအိုရီကိုအခြေခံပြီး နဂါးငွေ့တန်းဂလက်ဆီကြီးရဲ့ နှစ်ပေါင်း (၁၀) ဘီလီယံအချိန်ကာလကို အခြေခံတွက်ချက်ခဲ့

ကြယ်များအတွင်းက ဓာတုဗေဒဒြပ်စင်များဟာ သူတို့ မူတည်ဖြစ်ပေါ်တဲ့ ဓာတ်ငွေ့များအပေါ်မှာ မူတည်ပါတယ်။ စကြဝဠာအစောပိုင်းမှာ လေလံတဲ့ ဒြပ်စင်များဖြစ်တဲ့ အယ်ဖာဒြပ်စင်များဟာ မရှိသေးပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ကြယ်တွေဆီကပဲရရှိတဲ့ဒြပ်စင်များ၊ ဆူပါနိုဗာပေါက်ကွဲမှုရဲ့ ရလဒ်ဒြပ်စင်များ ဖြစ်လို့ပါပဲ။

Noguchi ရဲ့မော်ဒယ်အရ ပထမအဆင့်မှာ ဂလက်ဆီကြီးဟာ အပြင်ဘက်ကအေးတဲ့ဓာတ်ငွေ့များအပေါ်မှာ မှီခိုပါတယ်။ ဒါကို cold flow galactic accretion လို့လဲ ခေါ်ပါတယ်။ ဒီဓာတ်ငွေ့များက ပထမဆုံးကြယ်များကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမဲ့ ဒီကြယ်များဟာ သာမိုနိယာမများအရ သူတို့ရဲ့သက်တမ်းဟာ တိုတောင်းတာကြောင်း နှစ်ပေါင်း (၁၀) သန်းခန့်သာ ရှိပါတယ်။ သူတို့ဟာ Type II ဆူပါနိုဗာများဖြစ်ပေါ်လို့ သေဆုံးခဲ့ကြပါတယ်။ ဒီမှတစ်ဆင့် ပိုမိုလေးလံတဲ့ ဒြပ်စင်များဖြစ်ပေါ်လာပြီး အခြားကြယ်များကို ထပ်မံဖြစ်ပေါ်စေပါတယ်။

အဲဒီလို မဖြစ်ခင်ဆက်ကြားမှာ ကြယ်များဖြစ်ပေါ်မှုဟာ နှစ်ပေါင်း (၃) ဘီလီယံလောက်ရပ်တန့်ခဲ့တယ်လို့ Noguchi က ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၇) ဘီလီယံလောက်က နဂါးငွေ့တန်းဂလက်ဆီအတွင်းက အပူချိန်များဟာ ရုတ်တရတ်ထိုးတက်လာခဲ့တဲ့အတွင်းမှာ ကြယ်များဖြစ်ပေါ်မှုရပ်တန့်ခဲ့တယ်လို့ Noguchi က သူ့စာတမ်းထဲမှာ ဖော်ပြခဲ့ပါတယ်။

ဆူပါနိုဗာများရဲ့ နောက်ဆက်တွဲအပူချိန်များဟာ လုံလောက်တဲ့အတိုင်းအတာတစ်ခုထိ ပြန်လည်ကျဆင်းပြီးမှာသာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅) ဘီလီယံလောက်ကစလို့ နဂါးငွေ့တန်းဂလက်ဆီအတွင်းက ဒုတိယမျိုးဆက်ကြယ်များ ဖြစ်ပေါ်ခဲ့

ပထမဆုံးဆူပါနိုဗာများဖြစ်ပေါ်ပြီး နှစ်ပေါင်း (၂) ဘီလီယံလောက်ကြာမှသာ ဒုတိယအကြိမ်အဖြစ် Type Ia ဆူပါနိုဗာများ ထပ်မံဖြစ်ပေါ်ခဲ့ပါတယ်။ ဒီဆူပါနိုဗာကြောင့်ပဲ အခြားလေးလံတဲ့ဒြပ်စင်များဖြစ်တဲ့ Iron ကဲ့သို့သော ဒြပ်စင်များ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီဆူပါနိုဗာများရဲ့ နောက်ဆက်တွဲအပူချိန်များဟာ လုံလောက်တဲ့အတိုင်းအတာတစ်ခုထိ ပြန်လည်ကျဆင်းပြီးမှာသာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅) ဘီလီယံလောက်ကစလို့ နဂါးငွေ့တန်းဂလက်ဆီအတွင်းက ဒုတိယမျိုးဆက်ကြယ်များ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီထဲမှာ သက်တမ်း (၄.၇) ဘီလီယံရှိပြီဖြစ်တဲ့ ကျွန်တော်တို့ နေမင်းကြီးလည်း ပါပါတယ်။

အဆိုပါ ပထမမျိုးဆက်နဲ့ ဒုတိယမျိုးဆက်ကြယ်များကြားကာလဟာ ဒီဂလက်ဆီကြီးအတွင်း ကြယ်များဖြစ်တည်မှုရပ်တန့်ခဲ့တာကြောင့် ဒီဂလက်ဆီကြီးဟာသေဆုံးနေတယ်လို့ ဆိုနိုင်ပါတယ်။ တကယ်လို့ ဒီ Noguchi ရဲ့ မော်ဒယ်ဟာ မှန်ကန်ခဲ့တယ်ဆိုရင် အချို့သော ကြယ်ဖွဲ့စည်းဆင့်ကဲပြောင်းလဲမှုသီအိုရီများကို ပြန်လည်သုံးသပ်ဖို့လိုအပ်လာပါလိမ့်မယ်။ နောက်ထပ်ထပ်မံလေ့လာမှုများက ဒါကိုထောက်ခံနေမယ်ဆိုရင် ကျွန်တော်တို့ရဲ့ Frankenstein ဂလက်ဆီကြီးအကြောင်းဟာ ပိုစိတ်ဝင်စားဖို့ကောင်းလာပါလိမ့်မယ်။

ဒီဆောင်းပါးကို Curiosity မှာ ဖော်ပြထားတာဖြစ်ပါတယ်။

Ref: Curiosity
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top