စကြဝဠာရဲ့ ဖြစ်နိုင်ဖွယ်အရှိဆုံးပုံစံ

48424769_1448509041947504_2231796750828437504_n.jpg

လူသားတွေ ဖန်တီးထားတဲ့အရာတွေထဲမှာ လောလောဆယ် ကမ္ဘာနဲ့အဝေးကွာဆုံးနေရာကို ရောက်ရှိနေတာကတော့ (Voyager 1) လို့ခေါ်တဲ့ အာကာသ ခရီးသွား လွန်းပျံယာဉ်ကလေးပဲ ဖြစ်ပါတယ်။ ၁၉၇၀ ခုနှစ်ဝန်းကျင်ကတည်းက လွှတ်တင်ခဲ့တဲ့ ဒီယာဉ်ပျံကလေးဟာ ပြန်လမ်းမရှိတဲ့ ခရီးကို ထွက်ခွာသွားခဲ့တာဖြစ်ပြီး သတင်းအချက်အလက်တွေ ပြန်လည် ပေးပို့နေဆဲဖြစ်ပါတယ်။

ဒီယာဉ်ပျံကနေ နေစကြဝဠာ၊ နဂါးငွေ့တန်း၊ စကြဝဠာတစ်ခုလုံး စတာတွေရဲ့ တိကျတဲ့ပုံတွေကို ရိုက်မပြပေးနိုင်ပေမဲ့ သူဆီက ပြန်ပို့တဲ့ တချို့အချက်အလက်တွေ၊ လူသားတွေ သိနားလည်သမျှ စကြဝဠာအကြောင်းတွေကို ပေါင်းစပ်ပြီး စကြဝဠာရဲ့ ဖြစ်နိုင်ခြေအရှိဆုံးပုံစံကို မြင်ယောင်နိုင်ခဲ့ကြပါပြီ။

၂၀၁၂ ခုနှစ်မှာ ပက်ဘ်လို ကားလို့စ် ဘူဒါဆီ (Pablo Carlos Budassi) ဟာ လူသားတွေ လေ့လာနိုင်စွမ်းရှိတဲ့ စကြဝဠာ အပြည့်အဝရဲ့ ပုံစံငယ်ကို မှန်းဆ ဖန်တီးခဲ့ပါတယ်။ ဒီပုံစံမှာတော့ နေစကြဝဠာဟာ မျက်စိသားငယ်အိမ်ရဲ့ ပုံစံနဲ့ ဆင်တူနေပြီး ကျွန်တော်တို့ရဲ့ကမ္ဘာကတော့ အလယ်မှာ ရှိနေခဲ့ပါတယ်။ ဒီပုံထဲမှာ ကျွန်တော်တို့ရဲ့ နေနဲ့ နေစကြဝဠာကို အလည်မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အပြင်ဘက်နားမှာတော့ နဂါးငွေ့တန်းရဲ့ လက်တံတွေ၊ အလင်းရောင်စဉ် အမျှင်အတန်းတွေ၊ Big Bang ပေါက်ကွဲမှုရဲ့ လက်ကျန် စကြဝဠာဆိုင်ရာလှိုင်းတွေဟာ လက်စွပ်တစ်ကွင်းသဖွယ် တည်ရှိနေမှာ ဖြစ်ပါတယ်။

ဒီပုံအရ ကျွန်တော်ရဲ့ ကမ္ဘာဟာ အခြားအရာတွေနဲ့ နှိုင်းယှဉ်လိုက်ရင် တကယ်တမ်း ရှိနေတာထက် အနည်းငယ်ကြီးနေတာကို တွေ့ရမှာပါ။ ဘာလို့ဆို ဘူဒါဆီဟာ ဒီပုံစံကို ကိန်းဂဏန်းတွေအရပဲ မှန်ကန်အောင် ဆွဲခဲ့တာဖြစ်ပြီး အာကာသဗေဒဆိုင်ရာ တိကျမှုတွေကို ဖယ် ဆွဲခဲ့တာဖြစ်ပါတယ်။ (တကယ့် Scale အတိုင်းဆွဲခဲ့မယ်ဆိုရင် ကမ္ဘာဟာ မမြင်နိုင်လောက်အောင် သေးငယ်နေပါလိမ့်မယ်)။

အဲဒီတော့ သင်ဟာ စကြဝဠာထဲက အရာတွေရဲ့ အရွယ်အစား Scale ကို မှန်းဆကြည့်ချင်တယ် ဆိုရင်တော့ ဒီဓာတ်ပုံကို ကတော့ပုံအနေအထား (ဆီခြင်ရာတွင်သုံးသော) နဲ့ မြင်ယောင်ကြည့်ပြီး နေဟာ အလယ်မှာရှိနေတယ်လို့ ယူဆထားလိုက်ပါ။ အဲဒီ အခါ နေနဲ့ပိုပြီးဝေးကွာတဲ့ အရာတွေဟာ အရွယ်အစားအရ ပိုမိုကြီးတယ်လို့ ယူဆရမှာဖြစ်ပါတယ်။

ဒါကိုဆွဲဖို့အတွက် ဘူဒါဆီဟာ ကမ္ဘာ့မြေပုံ၊ ဓာတ်ပုံတွေ၊ ပရက်စတန် (Princeton) တက္ကသိုလ် နဲ့ နာဆာ (NASA) တို့ဆီကနေ အချက်အလက်တွေကို လေ့လာစုဆောင်းခဲ့ပြီး အခုလို ဆွဲနိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ပရင်စတန် တက္ကသိုလ်ကလေ့လာသူတွေဟာ အာကာသရူပဗေဒ ဂျာနယ်မှာ အခုလိုပဲ စကြဝဠာရဲ့ ပုံစံငယ်ကို ပြသခဲ့ရာမှာ အရွယ်အစား Scale တွေကို အတိအကျသုံးစွဲခဲ့လို့ ဘယ်အရာကိုမျှ သေချာရှင်းလင်းစွာ မမြင်ခဲ့ရပါဘူး။

ဒါကို အတုယူပြီးတော့ ဘူဒါဆီဟာ မြင်သာထင်သာရှိရမယ့်အရာတွေကိုသာ ပါဝင်အောင် ထည့်သွင်းပြီး သူ့ရဲ့ အနုပညာအမြင်နဲ့ ပေါင်းစပ်ကာ အကောင်းဆုံး ဖော်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုပုံစံဟာ အရွယ်အစား Scale လွဲမှားနေပေမဲ့ ဖြစ်နိုင်ဖွယ်ရှိတဲ့ စကြဝဠာရဲ့ အကောင်းဆုံးသောပုံစံ ဖြစ်ပါတယ်။

Ref: Curiosity ”This is what the entire known universe looks like in a single images”

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top