ပရိသတ်ရဲ့ဖုန်းကို လုပြီး ခွဲချေခဲ့လို့ အဖမ်းခံခဲ့ရတဲ့ မက်ဂရီဂေါ်

hh3-e1552461967922.jpg

”ဒီကမ္ဘာပေါ်မှာ သည်းခံမှုဆိုတာ ကောင်းမြတ်တဲ့အကျင့်တစ်ခုပါ။ အဲဒီအကျင့်အတွက် ကျွန်တော် အားထုတ်ဖို့ လိုနေပါသေးတယ်”လို့ သိုင်းပေါင်းစုံ ကစားသမား မက်ဂရီဂေါ်က ပြောပါတယ်။ မိုင်ယာမီကမ်းခြေက ညကလပ်အပြင်ဘက်မှာ ပရိသတ်တစ်ယောက်ရဲ့ဖုန်းကို ခွဲချေခဲ့လို့ ဖမ်းဆီးခံရပြီးချိန်မှာ မက်ဂရီဂေါ်က အင်စတာဂရမ်ပေါ်မှာ အခုလို ရေးသားခဲ့တာပါ။

မက်ဂရီဂေါ်နဲ့ ပရိသတ်တစ်ယောက်ဟာ တနင်္လာနေ့ နံနက် (၅) နာရီအချိန်မှာ LIV ညကလပ်ရှိရာ Fontainebleau Miami Beach ဟိုတယ်ကနေ ထွက်ခွာလာခဲ့တယ်လို့ ဆိုပါတယ်။ စောင့်ကြည့်ကင်မရာမှတ်တမ်းတွေအရ ပရိသတ်က သူ့ကို ဓာတ်ပုံရိုက်ချိန်မှာ မက်ဂရီဂေါ်က ဖုန်းကို ပုတ်ချပြီး ခြေထောက်နဲ့ ထပ်ဖန်တလဲလဲ ဆောင့်နင်းခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက်မှာ မက်ဂရီဂေါ်က အမေရိကန်ဒေါ်လာ ၁၀၀၀ တန်ဖုန်းကို ကောက်ယူပြီး ထွက်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

မက်ဂရီဂေါ်နဲ့ ပြဿနာဖြစ်ခဲ့တဲ့ ပရိသတ်ကတော့ အင်္ဂလန်နိုင်ငံ ဘာ့ခ်ရှိုင်းယားစီရင်စုမှာ နေထိုင်တဲ့ အသက် (၂၂) နှစ်အရွယ် အဒါဇက် ဖြစ်ပါတယ်။ မက်ဂရီဂေါ်ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလက UFC တိုက်ခိုက်ရေးသမားတွေ လိုက်ပါလာတဲ့ ဘတ်စ်ကားကို အရုပ်နဲ့ပစ်ပေါက်ခဲ့ပြီး အခြေအနေ ရုတ်ရုတ်သဲသဲဖြစ်ခဲ့လို့ စောင့်ကြည့်ခံရတဲ့ကာလ ပြည့်မြောက်သွားပြီး (၃) ရက်အကြာမှာပဲ အခုလို ဖြစ်ခဲ့တာပါ။ ဒီဖြစ်ရပ်ကြောင့် မက်ဂရီဂေါ်ဟာ Miami-Dade အချုပ်ခန်းကို ရောက်သွားခဲ့ပြီး အာမခံကြေး အမေရိကန်ဒေါ်လာ (၁၂၅၀၀) နဲ့ ပြန်လွတ်လာခဲ့တာပါ။ သူဟာ ဖျက်လိုဖျက်စီးလုပ်မှု၊ အင်အားသုံးလုယက်မှု စတဲ့စွဲချက်တွေ ရင်ဆိုင်နေရပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top