စိတ်မကျေပွဲ ပြန်ထိုးခွင့်ရရင် မေဝယ်သာကို အနိုင်ယူနိုင်မယ်လို့ ကာနယ်လိုအယ်ဗာရက်စ် ယုံကြည်

yyl-004-9.jpg

ပွဲတိုင်းနိုင် လက်ဝှေ့သမား မေဝယ်သာနဲ့ စိတ်မကျေပွဲ ပြန်ထိုးခွင့်ရရင် အနိုင်ယူနိုင်လိမ့်မယ်လို့ မက္ကဆီကိုလက်ဝှေ့သမား ကာနယ်လိုအယ်ဗာရက်ဇ်က ပြောပါတယ်။ အသက် ၂၉ နှစ်ရှိတဲ့ အယ်ဗာရက်ဇ်ဟာ အခုလအစောပိုင်းက ရုရှားလက်ဝှေ့သမား ဆာဂိုင်းကိုဗာလက်ဗ်ကို အလဲထိုးပြီး ဝိတ်တန်း ၄ တန်းမှာ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ပါတယ်။ အယ်ဗာရက်ဇ်ဟာ ၂၀၁၃ ခုနှစ်တုန်းက မေဝယ်သာနဲ့ ထိုးသတ်ခဲ့ဖူးပြီး အဲဒီပွဲစဉ်မှာ မေဝယ်သာက အသာစီးကနေ ထိုးသတ်သွားပြီး အမှတ်နဲ့ အနိုင်ရခဲ့ပါတယ်။ အခုအချိန်မှာတော့ အသက် ၄၂ နှစ်ရှိတဲ့ အမေရိကန်လက်ဝှေ့ကျော် မေဝယ်သာက လက်ဝှေ့လောကကနေ အနားယူသွားခဲ့ပါပြီ။

” အခု ပြန်ထိုးရင်တော့ အရင်တုန်းကလို မဟုတ်တော့ပါဘူး။ ကျွန်တော်က အရင်နဲ့မတူတဲ့ ဖိုက်တာတစ်ယောက် ဖြစ်နေပါပြီ။ မေဝယ်သာကလည်း ကောင်းနေဆဲပဲလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ အဲဒီပွဲက အရင်ကနဲ့ မတူတဲ့ပွဲ ဖြစ်လာမှာပါ”လို့ အယ်ဗာရက်ဇ်က ပြောပါတယ်။ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝ ပွဲစဉ်(၅၆)ပွဲ ထိုးသတ်ချိန်မှာ (၅၃)ပွဲ အနိုင်ရခဲ့တဲ့ အယ်ဗာရက်ဇ်ဟာ မေဝယ်သာကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ဂိုလော့ဗ်ကင်၊ မီဂွယ်ကော့တို၊ အေမာခန်း၊ ကိုဗာလက်ဗ် စတဲ့ ထိပ်တန်း လက်ဝှေ့သမားတွေကို အနိုင်ထိုးသတ်ခဲ့သူပါ။

လက်ရှိအချိန်မှာ အယ်ဗာရက်ဇ်ရဲ့ ပြိုင်ဘက်ဖြစ်လာနိုင်သူ ၅ ယောက်ရှိနေတယ်လို့ သူ့ရဲ့ ပွဲစီစဉ်သူ အက်ဒီဟန်းက ပြောပါတယ်။ ”ဂိုလော့ဗ်ကင်၊ ဘီလီဂျိုးဆန်းဒါးစ်၊ ဒီမစ်ထရီဘီဗို၊ အန်ဒရာဒီ၊ ကာလမ်စမစ်နဲ့ ဂျွန်ရိုင်ဒါတို့ ပွဲစဉ်ကနေ အနိုင်ရသူကို အယ်ဗာရက်ဇ်နဲ့ ပွဲတည်ဖို့ရှိတယ်။ တကယ်တမ်းတော့ ဂိုလော့ဗ်ကင်နဲ့ ပွဲတည်သင့်တာပါ။ ဒါပေမဲ့ ပြိုင်ဘက်ဖြစ်နိုင်သူ ၅ ယောက်ရှိနေတယ်။ သူတို့ထဲက တစ်ယောက်ယောက်နဲ့ ထိုးမှာပါ”လို့ အက်ဒီဟန်းက ပြောပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top