မိမိပြုစုစောင့်ရှောက်ပေးခဲ့တဲ့ ကလေးငယ်နဲ့ မထင်မှတ်ဘဲ လုပ်ဖော်ကိုင်ဘက်ဖြစ်လာခဲ့သူ

int03.jpg

ဗယ်(လ်)မာဝမ် ဆိုတဲ့ ကယ်လီဖိုးနီးယားက ကလေးအထူးပြုနာစ့်တစ်ဦးဟာ ဘရန်ဒန် ဆီမီနာတိုရေ ဆိုတဲ့ ကလေးငယ်တစ်ဦးကို လွန်ခဲ့တဲ့ ၂၈ နှစ်လောက်က

လူစီး(ယ်)ပါကက်ကလေးဆေးရုံမှာ မွေးကင်းစကလေးအနေနဲ့ ပထမဆုံးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီတုန်းက ဘရန်ဒန်ဟာ လမစေ့ပဲ မွေးဖွားခဲ့တဲ့ကလေးဖြစ်တာကြောင့် မိဘနဲ့ချက်ချင်း အိမ်ကိုပြန်မလိုက်နိုင်သေးပဲ ဆေးရုံမှာ တစ်လဝန်းကျင်နေခဲ့ရပါတယ်။ အဲဒီတစ်လအတွင်းမှာ ဘရန်ဒန်ကို ဗယ်(လ်)မာဝမ်က ပြုစုစောင့်ရှောက်ပေးခဲ့တာပါ။

၂၀၁၈ ဩဂုတ်လဝန်းကျင်မှာတော့ ဗယ်(လ်)မာဟာ ဘရန်ဒန်နဲ့ ပြန်လည်ဆုံတွေ့ခဲ့ရပါတယ်။ “ကျွန်မ ဘရန်ဒန်ကို တွေ့လိုက်တဲ့ အချိန် သူက မနက်ခင်းပိုင်းမှာ လူနာတွေကို လှည့်လည်ကြည့်ရှူနေတာ ဖြစ်ပြီး ကျွန်မရဲ့ လူနာတစ်ယောက်ကို ပြုစု နေတာပါ။ အဲဒါနဲ့ ကျွန်မလည်း ကျွန်မအဖွဲ့မှာပါလာတဲ့ ဒီဒုတိယနှစ်ကလေးဦးနှောက်နဲ့အာရုံကြောဘွဲ့လွန်ကျောင်းသားလေးကို နာမည်မေးကြည့်တော့ သူ့နာမည်ကို ရင်းရင်းနီးနှီးသိနေမိတယ်။ အဲဒါနဲ့ မေးခွန်းတွေဆက်မေးကြည့်တော့ သူက ဆန်ဟိုဆေးမြို့(San Jose) ကလာတာဖြစ်ကြောင်း၊ သူငယ်ငယ်တုန်းက ဒီဆေးရုံမှာပဲ လမစေ့ဘဲ မွေးခဲ့တဲ့ ကလေးပါဖြစ်ကြောင်းသိလိုက်ရတယ်။ အဲဒီအချိန်မှာ ကျွန်မ ဟိုးအရင်တုန်းက ဒီနာမည်နဲ့ကလေးတစ်ယောက်ကို စောင့်ရှောက်ခဲ့ဖူးတာသွားသတိရလိုက်တယ်။ ဒါနဲ့သေချာအောင် မင်းအဖေက ရဲအရာရှိလားမေးလိုက်တော့ သူအကြာကြီး ငြိမ်သွားပြီးတော့မှ ကျွန်မကို ပြန်မေးတယ် ။ “မင်းက ဗယ်(လ်)မာလား” တဲ့ ကျွန်မလည်း စိတ်လှုပ်ရှားပြီး ဟုတ်တာပေါ့ လို့ပြန်ဖြေလိုက်တယ်” လို့ ဗယ်(လ်)မာက ပြောပြခဲ့ပါတယ်။

ဘရန်ဒန်ရဲ့ အမေက ဘရန်ဒန်ဒီဆေးရုံမှာ ဘရန်ဒန်အလုပ်လုပ်ရတယ်ဆိုကတည်းက ဗယ်(လ်)မာကို ရှာခိုင်းနေခဲ့တာပါ။ ဒါပေမဲ့ ဒီလောက်နှစ်တွေကြာပြီမို့ ဗယ်(လ်)မာ ဒီဆေးရုံမှာ အလုပ်မလုပ်လောက်တော့ဘူးလို့ပဲ သူက ထင်နေခဲ့တာပါ။

ဘရန်ဒန်က သူ ဒီအလုပ်ကိုရွေးချယ်ခဲ့တာလည်း သူ့ကိုငယ်ငယ်ကပြုစု စောင့်ရှောက်ပေးခဲ့တဲ့ နာစ့် ဗယ်(လ်)မာက အဓိကကျတယ်လို့ ဆိုပါတယ်။ “သူ(မ)ဟာ သူ့လူနာတွေအပေါ် ဘယ်လောက်ဂရုစိုက်လဲ ဆိုတာ လူနာရဲ့နာမည်ကို နောက် အနှစ်သုံးဆယ်အထိမှတ်မိနေတာကိုကြည့်ရင် ထင်ရှားပါတယ်။ ကျွန်တော်တို့လူနာတွေ ကြီးပြင်းသွားတာကို မြင်ရဖို့ ဆိုတာ အင်မတန်ကံကောင်းမှရတာပါ။ ကျွန်တော်တို့ ဆရာဝန်တွေ၊ နာစ့် တွေအကုန်လုံးက အဲဒီအခွင့်အရေးကို တော်ရုံမရနိုင်ကြပါဘူး။ ဒီလို ကြည်နူးပျော်ရွှင်ဖွယ် အခိုက်အတန့်ကို သူ (ဗယ်လ်မာ) နဲ့မျှဝေခွင့်ရတဲ့အတွက် ကျွန်တော်လည်း ပျော်ရွှင်ရပါတယ်” လို့ ဘရန်ဒန်က ပြောခဲ့ပါတယ်။

ဒီကြည်နူးဖွယ်ရာအဖြစ်အပျက်အကြောင်းတင်ထားတဲ့ ဆေးရုံရဲ့ ဖေ့စ်ဘွတ်ခ် ပို့စ်ကိုလည်း လူအများက ဝိုင်းဝန်း ဝေမျှနေကြပြီး ချီးကျူးလို့နေကြပါတယ်။

Ref: “Pediatric nurse,52, is “stunned” to discover that her new colleague”

Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top