YPS Card စနစ်ကို အခုလအတွင်း စတင်စမ်းသပ်အသုံးပြုမယ်

yyl-013-3.jpg

YPS Card စနစ်နဲ့ ယာဉ်စီးခပေးချေမှုကိုစတင်နိုင်ဖို့အတွက် အခုလအတွင်း ယာဉ်စီးရေ ၁၅၀၀ မှာ ကနဦးစမ်းသပ်တပ်ဆင်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့(YRTA)ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။အခုလက်ရှိမှာ ကတ်စနစ်စတင်နိုင်ဖို့အတွက် မှတ်တိုင်အကွာအဝေးတိုင်းတာမှုတွေကို ဆောင်ရွက်ပြီး ဖြစ်တဲ့အပြင် ဒီဇင်ဘာ ၃ ရက်မှာ တာဝန်ယူတပ်ဆင်မည့်ကုမ္ပဏီနဲ့ ယာဉ်လိုင်းကုမ္ပဏီတွေအကြား တပ်ဆင်မှု ကဏ္ဍ ညှိနှိုင်းတဲ့လုပ်ငန်းတွေကိုလည်း ဆောင်ရွက်ပြီးဖြစ်ပါတယ်။

”ရန်ကုန်တိုင်းဒေသကြီးအစိုးရက စီမံထားတဲ့အတိုင်း ဒီဇင်ဘာလအတွင်းမှာ တပ်ဆင်ဖို့ အားလုံး ပြင်ဆင်ပြီး ဖြစ်ပါတယ်။ ဒီအပတ်အတွင်းမှာ နှစ်ဦးနှစ်ဖက် စာချုပ်လက်မှတ်ရေးထိုးပြီး အကောင်အထည်ဖော်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်”လို့ ဦးလှအောင်က ပြောပါတယ်။

ဒီကတ်စနစ်အတွက် လိုအပ်တဲ့စက်ကိရိယာတွေကို Asia Starmer Transport Intelligence ကုမ္ပဏီက တာဝန်ယူတပ်ဆင်ပေးသွားမှာဖြစ်ပြီးတော့ ကနဦးအနေနဲ့ YUPT, YBPC, ဗန္ဓုလ၊ ရွှေတောင်ပိုင်းကုမ္ပဏီတို့ရဲ့ ယာဉ်စီးရေ ၁၅၀၀ ကိုသာ တပ်ဆင် အသုံးပြုသွားမှာဖြစ်ပါတယ်။

အခုအသုံးပြုမယ့် ကတ်စနစ်ရဲ့ နည်းပညာပိုင်းဟာ တရုတ်နိုင်ငံ၊ ချုံချင့်မြို့မှာ ၁၅ နှစ်ကျော်ကြာ အောင်မြင်စွာအသုံးပြုပြီးဖြစ်သလို လက်ရှိမှာလည်း အသုံးပြုနေတာဖြစ်ပြီး နိုင်ငံတကာစံနှုန်းနဲ့အညီ ပုံမှန်အဆင့် မြှင့်တင်သွားမှာဖြစ်လို့လည်း သိရပါတယ်။

YPS Card စနစ် စတင်အသုံးပြုနိုင်မယ်ဆိုရင် အကြွေရှားပါးတာ၊ လူအင်အား၊ စက်အင်အားတွေကို အသုံးပြုပြီး အကြွေတွေကို ရေတွက်ရတာ၊ ငွေအကြွေအစုတ်တွေကြောင့် လေလွင့်ဆုံးရှုံးရတာ စတဲ့ပြဿနာ တွေဟာ အထိုက်အလျောက် ကင်းဝေးသွားမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့အတွင်းမှာပြေးဆွဲနေတဲ့ ယာဉ်လိုင်းပေါင်း ၁၀၀ ရှိပြီးတော့ အဲဒီယာဉ်လိုင်းတွေဟာ ယာဉ်စီးရေ ၄၄၀၀ ကျော်ကိုအသုံးပြုပြီး ယာဉ်လမ်းကြောင်းပေါင်း ၁၃၀ ကျော်နဲ့ ပြည်သူ ၁ ဒသမ ၈ သန်းကျော်ကို နေ့စဉ် သယ်ယူပို့ဆောင်ပေးနေ့တာဖြစ်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top