ရထားနဲ့ ဘတ်စ်ကား ချိတ်ဆက်မယ့် Pilot Project စတင်

yyl-016.jpg

ရန်ကုန်မြို့ရဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးမှာ ပိုမိုအဆင်ပြေလွယ်ကူ လျင်မြန်ချောမွေ့စေဖို့အတွက် ရထားနဲ့ ဘတ်စ်ကား ချိတ်ဆက်မယ့် Pilot Project ကို သမိုင်းဘူတာရုံနဲ့ သမိုင်းမှတ်တိုင်မှာ ဒီဇင်ဘာ ၂ ရက်နေ့ ကနေ စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။

ဒီစီမံချက်ဟာ ပြည်သူလူထုသွားလာတဲ့အခါ ပိုမိုအဆင်ပြေစေဖို့ ရည်ရွယ်ပြီး ရထားဆိုက်ချိန်မှာ ခရီးသည် ဘယ်လောက် ကားပေါ်ကိုတက်တယ်၊ ကားပေါ်ကဆင်းတဲ့ ခရီးသည်ဘယ်လောက် ရထားပေါ်ကိုတက်တယ် ဆိုတဲ့ အချက်အလက်တွေကို ကောက်ယူသွားမှာ ဖြစ်ပါတယ်။အခုလိုကောက်ယူတဲ့ အချက်အလက်တွေအပေါ်မှာမူတည်ပြီးတော့ နောင်မှာပြုလုပ်မယ့် ရထားနဲ့ ဘတ်စ်ကားကြား ချိတ်ဆက်မှုကောင်းမွန်စေဖို့ အစီအမံတွေမှာ ထည့်သွင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ဆိုပါတယ်။

အများပြည်သူသယ်ယူပို့ဆောင်ရေးမှာ ရထားဟာ ပိုမိုထိရောက်တယ်ဆိုပေမယ့် ရန်ကုန်မြို့ အနေ အထားမှာ ဘတ်စ်ကားများနဲ့သာ သွားလာမှုများပြားနေပါတယ်။ ရထားနဲ့ ဘတ်စ်ကား ချိတ်ဆက်ပြီး သယ်ယူပို့ဆောင်နိုင်ရေးဟာ ခရီးသည်တွေရဲ့ကြား လမ်းကြောင်း လွှဲပြောင်းမှုပြုလုပ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့၊ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတယ်လို့ JICA မှ တာဝန် ရှိသူတစ်ဦးက ပြောပါတယ်။

အခုစီမံချက်ကို မြန်မာ့မီးရထား၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် အဖွဲ့(YRTA)၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)တို့ ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top