တစ်လဝင်ငွေ ဒေါ်လာ ၁၀,၀၀၀ ကျော်( ကျပ်သိန်း ၂၀၀ ဝန်းကျင်)ရနေတဲ့ ၂၃ နှစ်အရွယ် ဓာတ်ပုံဆရာမ

4-7-2022-17.jpg

ဝါသနာပါတဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းနိုင်တာ ကိုယ်တကယ်ချစ်တဲ့သူနဲ့ အိမ်ထောင်ပြုရသလိုပါပဲ။ နေ့ရက်တိုင်းက ပျော်ရွှင်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ၁၃ နှစ်သမီးအရွယ်တုန်းက မိသားစုနဲ့အတူ ခရီးထွက်ချိန်မှာ ဂရေ့စ်တောရက်စ်က သူစုထားတဲ့ မုန့်ဖိုးလေးတွေနဲ့ ဒေါ်လာ ၅၀၀ တန် ကင်မရာတစ်လုံး ဝယ်ခဲ့တယ်။ သူက ခရီးစဉ်တစ်လျှောက်လုံး ဓာတ်ပုံတွေ ရိုက်ရင်းနဲ့ ဓာတ်ပုံရိုက်ရတာကို အရမ်းနှစ်သက်သွားတယ်။ ဓာတ်ပုံရိုက်ရတာက သူ့ရဲ့ဝါသနာပဲ။

သူက မွေးနေ့ပါတီပွဲတွေမှာ ဓာတ်ပုံလိုက်ရိုက်တယ်၊ အလှဓာတ်ပုံတွေလည်း ရိုက်ပေးတယ်။ ပြီးတော့ ဒေါ်လာ ၅၀၀ တန် ကင်မရာ ဆက်စပ်ပစ္စည်းတွေဝယ်ဖို့ Chick-Fil-A အသင့်စား စားသောက်ဆိုင်မှာ အလုပ်ဝင်လုပ်တယ်။ ဖလော်ရီဒါပြည်နယ်က Southeastern တက္ကသိုလ်မှာ ပညာသင်နေတဲ့ ကာလတစ်လျှောက်လုံး ဓာတ်ပုံရိုက်တဲ့အလုပ်ကို အချိန်ပိုင်းအလုပ်တစ်ခုလိုလုပ်ပြီး ငွေရှာခဲ့တယ်။ အသက် ၂၀ အရွယ်မှာ အပျော်တမ်းဓာတ်ပုံရိုက်တဲ့အလုပ်ကနေ သူ ဒေါ်လာ ၂၀၀၀ လောက် ရခဲ့တယ်။

ဒါပေမဲ့ ဒီအလုပ်က သူ့ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ် ဖြစ်လာမယ်လို့ သူ မမျှော်မှန်းရဲခဲ့ဘူး။ ဒါကြောင့် တခြားအချိန်ပိုင်းအလုပ်တွေလည်း တွဲလုပ်တယ်။ နောက်ပိုင်းမှာတော့ အင်စတာဂရမ်ပေါ်က နာမည်ကျော် အလွတ်တန်းဓာတ်ပုံဆရာတွေကို လေ့လာရင်းနဲ့ ကင်မရာကောင်းကောင်း ဝယ်ကိုင်ဖို့လိုတယ်ဆိုတာ သူ ရိပ်စားမိလာတယ်။

ကင်မရာကောင်းကောင်းဝယ်ပြီး ပွဲများများ ရိုက်ရရင် အရင်းကျေမယ်၊ သူ့ရဲ့လက်ရာတွေလည်း ပိုကောင်းလာမယ်လို့ တွက်ဆမိတယ်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှာ ကောလိပ်ပြီးသွားတဲ့နောက် အကျိုးအမြတ် အဓိကမထားတဲ့ အဖွဲ့အစည်းတစ်ခုမှာ အချိန်ပိုင်းအလုပ်ဝင်လုပ်ရင်း ပိုက်ဆံစုတယ်။ နောက် ၅ လအကြာမှာတော့ ကင်မရာနဲ့ lens အကောင်းစားတွေဝယ်ဖို့ အမေရိကန်ဒေါ်လာ ၄၅၀၀၀ ရင်းနှီးမြှုပ်နှံလိုက်ပြီး ဓာတ်ပုံရိုက်တဲ့အလုပ်နဲ့ စတင်အသက်မွေးခဲ့တာ အခုဆိုရင် တစ်နှစ်ကို ဒေါ်လာ ၁၇၇,၀၀၀ အထိ ရရှိနေပါပြီ။

ကိုဗစ်-၁၉ စည်းမျဉ်းတွေ ပြန်လည်ဖြေလျှော့နိုင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း မင်္ဂလာပွဲ ၄၆ ပွဲရိုက်ရတယ်။ မင်္ဂလာပွဲ ၁၀ ပွဲက တစ်လတည်းမှာ ရိုက်ရတာပါ။ ပွဲဆက်တွေများလို့ စိတ်ပန်း၊ လူပန်းဖြစ်ပြီး လက်ရာ ကျသွားမှာကို သူ မလိုလားဘူး။ ဒီတော့ အခုနှစ်မှာတော့ မင်္ဂလာပွဲ ၃၄ ပွဲပဲ လက်ခံထားတယ်။ လာမယ့်နှစ်ကျရင် မင်္ဂလာပွဲ ၂၇ ပွဲပဲ လက်ခံမယ်လို့ ဂရေ့စ်က ဆိုပါတယ်။

ဂရေ့စ်က သူ့ဓာတ်ပုံတွေကို တည်းဖြတ်ပေးမယ့် ဒီဇိုင်နာတစ်ယောက် ငှားရမ်းထားပြီး သူ့အိမ်မှာလည်း ရုံးခန်းဖွင့်ထားပါတယ်။ အခွန်ငွေကိစ္စတွေအတွက် ပြည်သူ့စာရင်းကိုင်တစ်ယောက်လည်း ငှားထားပါတယ်။ တစ်ခါတရံမှာ စွန့်ဦးတီထွင်လူငယ်တစ်ယောက်ဖြစ်လို့ အထင်အမြင်သေးခံရတာမျိုး ကြုံရပေမဲ့ သူ ဝါသနာပါတဲ့အလုပ်ဖြစ်လို့ ပေးဆပ်ရကျိုးနပ်တယ်လို့ ဂရေ့စ်က ဆိုပါတယ်။ အခုချိန်မှာတော့ ဂရေ့စ်က တစ်လဝင်ငွေ ဒေါ်လာ ၁၀၀၀၀ ကျော် ရနေပါပြီ။

သူ့လက်ရာတွေကို စိတ်ဝင်စားရင် Grace Torres Photography မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Ref: CNBC ” This 23-year-old spent $45,000 to become a wedding photographer—now she makes $177,000 per year”

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top