တစ်နေ့ အသက် (၁၀) နှစ်ပဲရှိသေးတဲ့ ကျွန်မသမီးလေးက သူ့အတန်းဖော်သူငယ်ချင်းတွေနဲ့ ပျော်ပွဲစားထွက်ဖို့ ကျွန်မဆီမှာ ခွင့်တောင်းလာလေရဲ့။ ဆရာ၊ ဆရာမတွေလည်း ပါမှာပါတဲ့။ ဒီတော့ မိဘခွင့်ပြုချက်လိုတယ်ပေါ့။
တကယ်တော့ မသွားလည်းရ၊ သွားလည်းရတဲ့ ခရီးတိုလေးပါ။ ရည်ရွယ်ချက်ကတော့ ငယ်ရွယ်စဉ်ကတည်းက ကလေးတွေကို အဖွဲ့အစည်းနဲ့လုပ်ဆောင်တတ်ဖို့၊ ကိုယ့်အားကိုယ်ကိုယ်တတ်စေဖို့နဲ့ မိမိကိုယ်ကိုယ် ယုံကြည်ချက်ရှိလာစေပြီး အမြင်ကျယ်လာစေဖို့ပါတဲ့လေ။
သမီးလေးကတော့ ကိုယ်သဘောမတူလောက်ဘူးဆိုတာကြိုသိလို့ထင်ရဲ့။ သူ့တာဝန်အရ ခရီးစဉ်ရဲ့ရည်ရွယ်ချက်တွေကို ခရားရေလွှတ်ပြောချသွားပြီး ပေးသွားတာ၊ မပေးသွားတာက မေမေ့သဘောပါတဲ့လေ။
ကျွန်မလည်း အဲဒီညက ကျွန်မရဲ့ငယ်ဘဝအကြောင်းကို ပြန်စဉ်းစားမိတာပေါ့။ ရှင်တို့ထင်နေသလို ခရီးတွေထွက်ပြီး အတွေ့အကြုံအများကြီးကို စုဆောင်းခဲ့တဲ့ အမှတ်တရတွေတော့ မဟုတ်ပါဘူး။ ဘယ်ရောက်ဖူးလဲမေးရင် ဘယ်မှမရောက်ဖူးခဲ့တဲ့ အိမ်တွင်းအောင်းနေ့ရက်တချို့ဆီကိုပါ။ အခွင့်အရေးတွေရှိရက်သားနဲ့ လက်လွှတ်ခဲ့ရတဲ့ ဖျော့တော့တော့မှတ်ဉာဏ်တချို့ဆီကိုပါ။ ကျွန်မလည်း ကျွန်မသမီးလေးအရွယ်တုန်းက သူ့အဖိုး၊ အဘွားတွေဆီက အရမ်းအချစ်ခံခဲ့ရတော့ (အချစ်ခံခဲ့ရတယ်လို့ပဲ ခေါင်းစဉ်တပ်ပါရစေ) ဘယ်သွားသွား အိမ်က ခွင့်မပြုခဲ့ဖူးပေါ့။ ကျွန်မအနေနဲ့ သူ့ကိုကိုယ်ချင်းစာပြီး ခွင့်ပြုခဲ့တာတွေရှိလေးတော့ အခုဆို သူ့အသက် (၁၀) နှစ်နဲ့ ကျွန်မ အသက် (၁၀) နှစ်အမြင်တွေ၊ အတွေးအခေါ်တွေက အနည်းငယ်ကွာတယ်ဆိုရုံထက်ကို ပိုနေခဲ့ပါပြီ။ ဒီလိုဆို ခရီးသွားခြင်းကနေ ကျွန်မတို့ကလေးတွေကို ဘာတွေသင်ပေးနိုင်မလဲဆိုတဲ့ မူလရည်ရွယ်ချက်ဆီကို ပြန်သွားကြည့်ကြရအောင်ပါ။
၁။ အတွေ့အကြုံတွေက ပိုတန်ဖိုးရှိပါတယ်
အရာဝတ္ထုတွေထက် အတွေ့အကြံတွေ၊ အမှတ်တရတွေကို ဖန်တီးနိုင်ဖို့၊ စုဆောင်းတတ်ဖို့က ပိုလို့အရေးကြီးပါတယ်။ ကြားနေကျစကားပုံလေးအတိုင်းပဲ “ပျော်ရွှင်မှုဆိုတာ ငွေနဲ့ဝယ်ယူလို့မရပါဘူး”။ သို့ပေမဲ့ အတွေ့အကြုံကောင်းတွေ အများကြီးဖန်းတီးပေးလာနိုင်မယ့် ခရီးသွားခြင်းအတွက်တော့ ငွေရင်းရတန်ပါတယ်။ ခရီးတစ်ခါထွက်ပြီးတိုင်း သင့်ကလေးအမြင်တစ်ဆ ကျယ်လာစေလိမ့်မယ်လို့လည်း အာမခံနိုင်ပါတယ်။
၂။ အချိန်ကငွေထက် ပိုလို့အရေးကြီးပါတယ်
ဘဝဆိုတာ တိုတိုလေးပါ။ ဘယ်အချိန်ဘာဖြစ်မယ် ဘယ်သူမှ အတိအကျ ခန့်မှန်းထားလို့မရပါဘူး။ အဲဒီလို တိုတောင်းလှတဲ့ဘဝလေးမှာ ငွေတွေချည်းနေ့စဉ်ရက်ဆက်ထိုင်စုဆောင်းနေပြီး တစ်သက်မှာတစ်ခါလောက် သွားကြည့်ဖူးချင်တဲ့နေရာရဲ့ ပန်းချီးကားတစ်ချပ်လောက်တောင် မဝယ်ဖြစ်သေးဘူးဆိုရင်တော့ မဟုတ်သေးပါဘူး။ အဲဒီလိုမှမဟုတ်လည်း အလှထိုင်ကြည့်ရုံအတွက် အိမ်ခန်းနံရံပေါ်ချိတ်ထားပြီး အသက်တွေသာတဖြည်းဖြည်းကြီးလာရင်လည်း အလကားပါပဲ။
စိတ်ပူလို့ကတစ်ကြောင်း၊ ဒီကလေးဘာသိဦးမှာလဲဆိုတဲ့အတွေးတွေကတစ်ကြောင်း၊ အကြောင်းကြောင်းကြောင့် အပြိုင်အဆိုင်များတဲ့ခေတ်ကြီးထဲ အမြင်ကျယ်ဖို့လိုအပ်နေတဲ့ သူတို့လေးတွေရဲ့တက်လမ်းနဲ့ အမှတ်တရကောင်းကျန်ရစ်စေနိုင်မယ့် နေ့စွဲတွေကို မဖျက်ဆီးကြရအောင်ပါ။
၃။ လက်ရှိအနေအထားကိုပဲ အာရုံစိုက်တတ်လာစေမယ်
အနာဂတ်တွေ၊ အတိတ်တွေထက် ပစ္စုပ္ပန်က ပိုလို့အရေးကြီးပါတယ်။ ကလေးတွေအနေနဲ့ ဒီအယူအဆကို ခရီးသွားခြင်းကနေ လေ့လာနိုင်ပါတယ်။ ကိုယ်နဲ့အကျွမ်းတဝင်မရှိတဲ့နေရာတစ်ခုကို သွားဖို့ရာအတွက် ကျွန်မတို့မှာ ပြင်ဆင်ရမှာတွေ အများကြီးပါ။ ကလေးတွေကိုလည်း ကိုယ့်လက်ကိုယ့်ခြေနဲ့ ပြင်ဆင်တတ်အောင် သင်ထားပေးဖို့လိုပါတယ်။ သူတို့ကိုယ်တိုင်ပြင်ဆင်ရတဲ့အခါ မေ့ကျန်ခဲ့တာတွေရှိမယ်။ လွဲပါခဲ့တာတွေရှိမယ်။ အစားအသောက် အဆင်မပြေတာ၊ နေရေးထိုင်ရေး အခက်အခဲရှိတာတွေ ဖြစ်နိုင်၊ ရှိနိုင်ပါတယ်။ ခရီးတစ်ခု၊ နှစ်ခု၊ သုံး၊ လေးခုကို သူတို့ကိုယ်တိုင်လုပ်ခိုင်းကြည့်ပါ။ နောက်ပိုင်း ကိုယ်တိုင်ပြင်ဆင်တတ်၊ တာဝန်ယူတတ်သွားပြီး အဆင်မပြေမှုတွေရှိလာတဲ့အခါ ဘယ်လိုအကောင်းဆုံးကျော်လွှားရမယ်ဆိုတဲ့အသိကို ရရှိသွားစေနိုင်ပါတယ်။
၄။ စိတ်ရှင်းရှင်းထားတတ်စေတယ်
ခရီးသွားနေတာလေ။ အချိန်တွေ၊ ငွေတွေရင်းနှီးထားရတာလေ။ ဒါကို ကျွန်မတို့လူကြီးတွေမှ မဟုတ်ပါဘူး။ ကလေးတွေလည်း သိပါတယ်။ ကလေးတွေအနေနဲ့ဆို ကိုယ်သွားချင်တဲ့ခရီးတစ်ခုကို သွားနေပြီးကာမှ ကျောင်းစာတွေ၊ တခြားအရာတွေဆိုတာ တွေးနေစရာမလိုတော့ပါဘူး။ အတန်းထဲတစ်နေကုန် စာထိုင်သင်နေမှ ပညာတတ်ကြီးဖြစ်လာမှာ မဟုတ်ပါဘူး။ ပြင်ပဗဟုသုတကလည်း ရှိဖို့လိုပါသေးတယ်။ ဒီအရာဟာနေ့စဉ်လူနေမှုဘဝနဲ့လည်း တိုက်ရိုက်ဆက်စပ်လို့နေပါတယ်။ နားလည်အောင်ပြောရမယ်ဆိုရင်တော့ ကြီးကြီးငယ်ငယ် ကိုယ်ရွေးချယ်ထားတဲ့လမ်းကိုလျှောက်နေတဲ့အချိန်မှာ ဘယ်အရာကိုမှစိတ်ထဲမထားဘဲ အကောင်းဆုံး ကြိုးစားလျှောက်လှမ်းရမယ်ဆိုတာပါပဲ။ ဒီအရာကို ခရီးသွားခြင်းကနေ သင်ပေးနိုင်ပါတယ်။ ဒါကြောင့်မို့လို့ နွေရာသီကျောင်းပိတ်ရက်တွေမှာ ကလေးတွေကို စာချည်းလှိမ့်မသင်ဘဲ ခရီးလေးဘာလေးပို့ပေးဖို့ ပြောချင်ပါတယ်။
၅။ အစစ်အမှန်ကို ရှာဖွေလာနိုင်တယ်
တစ်နေရာတည်း၊ ပတ်ဝန်းကျင်တစ်ခုတည်းမှာ နေနေပြီး ကိုယ်ဘာကြိုက်တတ်တယ်။ ဘာကိုခုံမင်တတ်တယ်ဆိုတာ သိဖို့ ခဲယဉ်းလှပါတယ်။ အပြောင်းအလဲလေးတွေနဲ့ များများတွေ့ဖူးကာမှ ရွေးချယ်မှုတွေလုပ်ရတဲ့အခါ အမြင်ကျယ်ကျယ်၊ ဉာဏ်ရှိရှိနဲ့ အဖြေထုတ်နိုင်မှာပါ။ ငယ်ရွယ်စဉ်ထဲက ကိုယ်ဘာလဲဆိုတာ သိရှိထားလေလေ၊ အောင်မြင်မှုနဲ့ ပိုနီးစပ်လေပါပဲ။ သင့်ကလေးငယ်အတွက် ဒီအရာတွေကို ခရီးသွားခြင်းကနေတစ်ဆင့် သင်ပြပေးနိုင်ပါတယ်။
ဆိုတော့ ဒီအချက်တွေပေါ်မူတည်ပြီး ကျွန်မသမီးငယ်လေးသွားချင်တဲ့ ကျောင်းခရီးစဉ်ပေးသွားသင့်၊ မသွားသင့်ကို အဲဒီနေ့ညမှာပဲ ကျွန်မအဖြေထုတ်လိုက်ပါတော့တယ်။ သမီးလေးတော့ ပျော်သွားလောက်ပါရဲ့…။
Po Mo Htoo Aung (ရိုးရာလေး)