အဘွားအို ကာတီးယားရဲ့ ငှက်ပိတုန်းဆေးရုံ

22.8.23-yyl-7.jpg

အဘွားအို ကာတီးယားရဲ့အိမ်ကို ငှက်ပိတုန်းဆေးရုံလို့ ခေါ်ကြတယ်။ ဒဏ်ရာရနေတဲ့ ငှက်ပိတုန်းလေးတွေ၊ သင်းကွဲလာတဲ့ ငှက်ပိတုန်းလေးတွေရဲ့ ခိုလှုံရာရိပ်မြုံလေးတစ်ခုပေါ့။ အသက် ၇၃ နှစ်အရွယ် အဘွားအို ကာတီးယားက ငှက်ပိတုန်းလေးတွေကို ပြုစုစောင့်ရှောက်ပေးလာတာ ၁၁ နှစ် ရှိပြီ။

ကာတီးယားရဲ့ခင်ပွန်းက ၂၀၀၉ ခုနှစ်မှာ ကွယ်လွန်သွားတယ်။ ခင်ပွန်းမရှိလို့ အထီးကျန်နေတဲ့ ကာတီးယားဟာ အူမကြီးကင်ဆာရောဂါလည်း ခံစားနေရတယ်။ တစ်နေ့တော့ သူ လမ်းလျှောက်လာတုန်း မျက်လုံးဒဏ်ရာရနေတဲ့ ငှက်ပိတုန်းလေးတစ်ကောင်ကို တွေ့တယ်။ ငှက်ပိတုန်းလေးတွေဆိုတာ သေးသေးလေးတွေလေ။ တခြားငှက်ကြီးတစ်ကောင်က ထိုးဆိတ်လိုက်လို့ ဒဏ်ရာရသွားတာ ဖြစ်နိုင်တယ်။ ဒါနဲ့ပဲ ကာတီးယားက ငှက်ကလေးကို သူ့အိမ် ခေါ်လာတယ်။

ဒါပေမဲ့ ငှက်လေးကို ဘာလုပ်ပေးရမှန်း သူ မသိဘူး။ သူ့မိတ်ဆွေ တိရစ္ဆာန်ကုဆရာဝန် တစ်ယောက်ကို လှမ်းအကူအညီတောင်းရတယ်။ ဂူချီ မျက်မှန်ဘူးကို ငှက်ကလေးအတွက် အသိုက်လုပ်ပေးခဲ့တော့ ငှက်လေးကိုလည်း ဂူချီလို့ နာမည်ပေးလိုက်တယ်။ အဲဒီအချိန်က ကာတီးယားအတွက် အခက်ခဲဆုံးအချိန်ပဲ။ ဆေးကုဖို့ တန်ဖိုးကြီးပစ္စည်းတွေကို ထုခွဲရောင်းချရတယ်။ ရောဂါဖိစီးမှုဒဏ်နဲ့ စိတ်ကျဝေဒနာ ခံစားနေရချိန်မှာ ငှက်လေး ဂူချီက သူ့အတွက် အဖော်မွန် ဖြစ်ခဲ့တယ်။ သူ့ရဲ့ အထီးကျန်မှုတွေကို လျော့ပါးသက်သာစေခဲ့တယ်။

ဒီလိုနဲ့ပဲ ကာတီးယားက ငှက်ပိတုန်းလေးတွေကို တစ်ကောင်ပြီး တစ်ကောင် ကယ်တင်လာလိုက်တာ အခုဆိုရင် သူကယ်တင်ခဲ့တဲ့ ငှက်ငယ်ပေါင်း ရာနဲ့ချီ ရှိနေပြီ။ ကာတီးယားရဲ့ ကောင်းသတင်းက တစ်စထက်တစ်စ ပျံ့နှံ့သွားလို့ နီးစပ်ရာ မိတ်ဆွေတွေကလည်း ဒဏ်ရာရနေတဲ့ ငှက်ပိတုန်းလေးတွေ တွေ့ရင် ကာတီးယားဆီ ခေါ်လာတတ်တယ်။ ၁၁ နှစ်ငှက်ပိတုန်းလေးတွေကို ဘယ်လိုပြုစုပေးရမလဲဆိုတာလည်း သူ ကောင်းကောင်းသိနေပါပြီ။ ငှက်ပိတုန်းနဲ့ပတ်သက်တဲ့ အခမ်းအနားတွေမှာ သူ့အတွေ့အကြုံ၊ အယူအဆတွေကို ဟောပြောဖို့ ကာတီးယားကို ဖိတ်ခေါ်ကြတယ်။

သူ ကယ်တင်လိုက်တဲ့ ငှက်ပိတုန်းလေးတွေ ဝေဒနာ သက်သာသွားရင် တောအုပ်ထဲ သွားပြန်လွှတ်ပေးတယ်။ ပြန်မကောင်းလာနိုင်တော့တဲ့ ငှက်ပိတုန်းလေးတွေဆိုရင်တော့ နောက်ဆုံးအချိန်အထိ သူ့တိုက်ခန်းမှာပဲ စောင့်ရှောက်ပေးထားပြီး သေသွားရင် မြေမြှုပ်ပေးတယ်။

မက္ကဆီကိုနိုင်ငံရဲ့ ဂေဟစနစ်မှာ ဝတ်မှုန်ကူးပေးတဲ့ ငှက်ပိတုန်းလေးတွေက အလွန်အရေးပါပါတယ်။ ဒါပေမဲ့ မြို့ပြတိုးချဲ့မှုတွေ ဆက်တိုက်လုပ်နေတော့ သူတို့ရဲ့အသိုက်အမြုံတွေ ဖျက်စီးခံနေရတယ်။ ငှက်ပိတုန်းလေးတွေ ရင်ဆိုင်ကြုံတွေ့နေတဲ့ အခြေအနေကို လူတွေ သတိထားမိလာအောင် ကာတီးယားက လူမှုကွန်ရက်ပေါ်မှာ ဗီဒီယိုတွေ တင်ခဲ့ပြီး ဗီဒီယိုအများစုကလည်း ပျံ့နှံ့ခဲ့ပါတယ်။

Ref: Kindhearted Woman Turns Her Apartment into a Hummingbird Hospital

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top