အိန္ဒိယနိုင်ငံမှာ ဒစ်ဂျစ်တယ်ရူပီးငွေ စတင်အသုံး ပြုတော့မယ်

30.1.2021yyl35.jpg

အစောဆုံးအနေနဲ့ ဒီနှစ်ထဲမှာ ဒစ်ဂျစ်တယ်ရူပီးငွေကို စတင်မိတ်ဆက်သွားမယ်လို့ အိန္ဒိယနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဆီသရာမန်က ပြောပါတယ်။ တရုတ်နိုင်ငံကလည်း လွန်ခဲ့တဲ့ ၂ နှစ်အတွင်း မြို့ကြီးတွေမှာ ဒစ်ဂျစ်တယ်ယွမ်ငွေကို စမ်းသပ်အသုံးပြုလျက်ရှိပြီး အိန္ဒိယကတော့ စီးပွားရေးအင်အားကြီး နိုင်ငံတွေထဲမှာ တရားဝင် ဒစ်ဂျစ်တယ်ငွေကြေးအသုံးပြုဖို့ အခုနောက်ဆုံး ကြေညာခဲ့တဲ့ နိုင်ငံဖြစ်လာပါတယ်။

” ဒစ်ဂျစ်တယ်ရူပီးက ဒစ်ဂျစ်တယ်စီးပွားရေးကို အလွန်အမင်း အားကောင်းလာစေမှာပါ။ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု လွှဲပြောင်းပေးမှုတွေ သိသိသာသာ မြင့်တက်လာတာ တွေ့ရပါတယ်။ အဲဒီလို လွှဲပြောင်းပေးမှုတွေက အမြတ်ငွေ အခွန်ဌာနထံ ရောက်ရှိဖို့ မဖြစ်မနေ အရေးကြီးပါတယ်” လို့ ဘဏ္ဍာရေးဝန်ကြီး ဆီသရာမန်က ဆိုပါတယ်။

ဒစ်ဂျစ်တယ်ရူပီးကို အသုံးပြုဖို့ စီစဉ်နေပေမဲ့ ဒစ်ဂျစ်တယ်ငွေကြေး (cryptocurrency)ကိုတော့ ပိတ်ပင်သွားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုတွေကနေ ရရှိလာတဲ့ဝင်ငွေကို အခွန် ၃၀ ရာခိုင်နှုန်းကောက်ခံသွားမယ်လို့လည်း ဆီသရာမန်က ဆိုပါတယ်။ ဒါကြောင့် ဒစ်ဂျစ်တယ်ငွေကြေး (cryptocurrency)နဲ့ အစားထိုးမရနိုင်တဲ့ ပိုင်ဆိုင်မှုပစ္စည်း(non-fungible token) ရောင်းဝယ်ဖောက်ကား လွှဲပြောင်းမှုတွေကနေ ရရှိလာတဲ့ အမြတ်ငွေဟာ အိန္ဒိယနိုင်ငံမှာ အခွန်ငွေအများဆုံးစာရင်းဝင် ဖြစ်လာတော့မှာပါ။

အိန္ဒိယနိုင်ငံသားတွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ချိန်ကတည်းက ဒစ်ဂျစ်တယ်ငွေကြေးကို ပိုစိတ်ဝင်စားလာကြတာပါ။ ဒစ်ဂျစ်တယ်ငွေကြေး ရောင်းဝယ်ဖောက်ကားသူ ဘယ်လောက်ရှိနေသလဲဆိုတာကို အိန္ဒိယအစိုးရက တွက်ချက် ခန့်မှန်းထားခြင်းမရှိပေမဲ့ ဒစ်ဂျစ်တယ်ငွေကြေးမှာ ရင်းနှီးမြှုပ်နှံသူ သန်း ၂၀ လောက်ရှိတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

Ref: BBC and CNN “India says it will launch digital rupee as soon as this year”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top