သမီး(၂) ယောက်က ဖခင်ဖြစ်သူအတွက် မွေးနေ့သရဖူခေါင်းဆောင်းကို နှစ်တိုင်း ဖန်တီးပေးခဲ့

8-11-2022yyl28.jpg

ရေး ရွန်ချက်တီရဲ့ အသက် ၈၀ ပြည့်မွေးနေ့

အမေရိကန်နိုင်ငံက မိသားစုတစ်စုမှာ နှစ်တိုင်းမပျက်မကွက်လုပ်ဖြစ်တဲ့ ချစ်စဖွယ်မိသားစုဓလေ့တစ်ခုရှိပါတယ်။ အဲဒါကတော့ မွေးနေ့ရောက်တိုင်း ဖခင်ဖြစ်သူအတွက် မွေးနေ့သရဖူခေါင်းဆောင်းလေးလုပ်ပေးတာပါ။ အသက် ၈ နှစ်အရွယ်မှာ ကင်မ် ကာရေးဆိုတဲ့ အမျိုးသမီးဟာ သူ့အဖေ ရေး ရွန်ချက်တီရဲ့ ၃၂ နှစ်ပြည့်မွေးနေ့အတွက် သူ့ညီမလေး ဂျီနာ ချန်ဒလာရဲ့အကူအညီနဲ့ သရဖူခေါင်းဆောင်းတစ်ခု လုပ်ပေးခဲ့ရာကနေ အဲဒီဓလေ့ စခဲ့တာပါ။ နှစ် (၅၀) နီးပါးကြာတဲ့အထိ သူတို့ညီအစ်မနှစ်ယောက်က သူတို့ရဲ့အဖေအတွက် မွေးနေ့သရဖူခေါင်းဆောင်းလေးဖန်တီးပေးနေတုန်းပါ။ သူတို့ရဲ့အဖေဟာ ဖေဖော်ဝါရီလက အသက် ၈၀ ပြည့်မြောက်ခဲ့တာပါ။ အိမ်မှာပဲ မွေးနေ့ပွဲကို ဆင်နွှဲခဲ့ကြပါတယ်။

မွေးနေ့ရောက်တိုင်း ရေး ရွန်ချက်တီက သရဖူခေါင်းဆောင်းမပါဘဲ မွေးနေ့ညစာစားတာမျိုးမရှိခဲ့ပါဘူး။ နှစ်တိုင်း သမီး(၂) ယောက်လုပ်ပေးတဲ့ မွေးနေ့သရဖူခေါင်းဆောင်းလေးနဲ့ပါ။ မွေးနေ့သရဖူခေါင်းဆောင်းလေးက သူ့ကို အရမ်းပျော်ရွှင်စေပြီး နှစ်တိုင်း အဲဒါလေးကို မြင်ရတာ နှစ်သက်တယ်လို့ သိရပါတယ်။

ရေး ရွန်ချက်တီရဲ့ အသက် ၃၅ နှစ်ပြည့်မွေးနေ့

ရေး ရွန်ချက်တီရဲ့သမီး (၂) ယောက်က အိမ်ထောင်ကိုယ်စီနဲ့ သားသမီး၊ မြေးတွေရပြီး မိသားစုများလာပေမဲ့ သူ့အဖေအတွက် မွေးနေ့သရဖူခေါင်းဆောင်းကို ကိုယ်တိုင်လုပ်ပေးနေတုန်းပါပဲ။ နှစ်တိုင်း (၁) လလောက်ကြိုပြီး ပြင်ဆင်ပြုလုပ်ပါတယ်။ လွန်ခဲ့တဲ့ ၄၈ နှစ်တာကာလအတွင်း လုပ်ခဲ့တဲ့ မွေးနေ့သရဖူခေါင်းဆောင်းတစ်ခုစီက ပုံစံတွေကွဲပြားပါတယ်။ Super Bowl၊ အိုလံပစ်အကြာင်းအရာပါတဲ့ မွေးနေ့သရဖူခေါင်းဆောင်းကစပြီး ရေး ရွန်ချက်တီရဲ့အကောင်းဆုံးဆိုရိုးစကားတွေပါဝင်တဲ့ ခေါင်းဆောင်းအထိပါပဲ။

COVID-19 ကြောင့် မိသားစုတွေ တွေ့ဆုံလို့မရတဲ့အချိန်တုန်းကတော့ ကင်မ် ကာရေးက သူ့အဖေရဲ့အိမ်တံခါးရှေ့မှာ မွေးနေ့သရဖူခေါင်းဆောင်းကို ထားခဲ့ပြီး Zoom ကနေတဆင့် မွေးနေ့ပွဲဆင်နွှဲပေးပါတယ်။ သူ့အဖေအတွက် မွေးနေ့သရဖူခေါင်းဆောင်းလုပ်ပေးပြီး မွေးနေ့ပွဲ အတူကျင်းပဆင်နွှဲတာကို အမြဲထာဝရလုပ်သွားမယ်လို့ ကင်မ် ကာရေးက ဆိုပါတယ်။

Ref: People “King for a Day! Sisters Create Birthday Crowns for Their Dad for Nearly 50 Years and Counting”

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top