ISIS စစ်သွေးကြွတွေရဲ့ နယ်မြေထဲမှာ ပိတ်မိနေတဲ့ ကျောင်းသားကို ကြေးစားစစ်သည်ငှားပြီး ကယ်ထုတ်ပေးခဲ့တဲ့ ပါမောက္ခ

48902292_1238124269672650_8398960855458250752_n.jpg

ISIS စစ်သွေးကြွတွေ နယ်မြေသိမ်းထားတဲ့ အီရတ်နိုင်ငံ ကာဒစ်စတန်မှာတော့ ဖီရာ့စ်ဂျူမာ့ခ်ျ (Firas Jumaah) ဆိုတဲ့ ကျောင်းသား ပိတ်မိနေပါတယ်။ ဖီရာ့စ်က ဆွီဒင်တောင်ပိုင်း Lund တက္ကသိုလ်မှာ PhD တန်း တက်ရောက်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ISIS စစ်သွေးကြွတွေက အနီးအနားရွာတွေကို သိမ်းပိုက်လိုက်ပြီး သူတို့ရဲ့ လူမျိုးတွေကို ပစ်မှတ်ထားနေတယ်ဆိုတာကို ဇနီးသည်က လှမ်းအကြောင်းကြားတဲ့အခါ အီရတ်ကို ပြန်သွားခဲ့ပါတယ်။ ဒီတော့ PhD ကျမ်းပြုဖို့ကိုလည်း အချိန်မီပြီးအောင် ဆောင်ရွက်ဖို့ မသေချာတော့ပါဘူး။

အီရတ်မြောက်ပိုင်းဒေသက Yazidi လူမျိုးတွေကို ISIS စစ်သွေးကြွအဖွဲ့တွေက နှိပ်စက်မှုတွေ ပြုလုပ်ကြပါတယ်။ လူမျိုးတုံး သတ်ဖြတ်မှုလို့ ပြောရလောက်အောင် အမျိုးသားတွေနဲ့ ကလေးငယ်တွေကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး အမျိုးသမီးကြီးနဲ့ မိန်းမငယ်လေးတွေကိုတော့ လိင်ကျွန်အဖြစ် ခိုင်းစေတာပါ။

ISIS စစ်သွေးကြွတွေက ဇာတိမြို့ကို ဖျက်ဆီးသွားတဲ့အတွက် မစ္စတာ ဖီရာ့စ်နဲ့ မိသားစုကတော့ အသုံးမပြုတော့တဲ့ စက်ရုံဟောင်းကြီးတစ်ခုမှာ ဒုက္ခသည်အဖြစ် ပုန်းခိုနေရပါတယ်။ ဒါကြောင့် အခြေအနေအလုံးစုံနဲ့ တစ်ပတ်အတွင်း ပြန်မလာခဲ့နိုင်ရင် PhD ကျမ်းပြုဖို့ ဖြစ်နိုင်တော့မှာ မဟုတ်ကြောင်း ပါမောက္ခဆီကို မက်ဆေ့ခ်ျတစ်စောင် ပို့ခဲ့ပါတယ်။

ပါမောက္ခကတော့ သူ့ရဲ့ ကျောင်းသားကို ပြန်ခေါ်ဖို့ ကယ်ဆယ်ရေးမစ်ရှင် ဆောင်ရွက်ပေးတဲ့ ကုမ္ပဏီတစ်ခုနဲ့ ချိတ်ဆက်ခဲ့ကာ ရက်အနည်းငယ် ကြာပြီးနောက်မှာတော့ လင်ခရူဇာ ကားနှစ်စီးနဲ့ လက်နက်အပြည့်အစုံ ကြေးစားစစ်သည် ၄ ယောက်က ဖီရာ့စ် ပုန်းခိုနေရာကို တွေ့အောင်ရှာပြီး ဇနီးနဲ့ ကလေးနှစ်ဦးကိုပါ ကယ်တင်နိုင်ခဲ့ပါတယ်။ ဖီရာ့စ်တို့ မိသားစုက ဆွီဒင်ကို ပြန်သွားနိုင်ခဲ့ပေမဲ့ သူ့အမေနဲ့ အစ်မတွေကတော့ အီရတ်မှာပဲ ကျန်ခဲ့ပါတယ်။

ဖီရာ့စ်ကတော့ ဆွီဒင်မှာ PhD ဘွဲ့ကို ပြီးအောင်ယူပြီး ဆေးကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်နေပြီ ဖြစ်သလို ပညာရပ်ရဲ့ ဒေါက်တာတစ်ယောက် မဆုံးရှုံးဖို့ အပြည့်အဝ တာဝန်ယူပေးခဲ့တဲ့ ပါမောက္ခကိုလည်း ပြောမပြနိုင်အောင် ကျေးဇူးတင်နေပါတော့တယ်။

Ref: dailymail.co.uk “Swedish university professor rescues one of her students trapped by ISIS in Iraq by hiring MERCENARIES to go into war zone”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top