ကလေးသူငယ် ပန်ခရိယရောင်ရောဂါကို တွန်းလှန်တိုက်ဖျက်နေတဲ့ သားအမိနှစ်ဦး သမ္မတဟောင်း ၃ ဦး ချီးမြှင့်တဲ့ဆု ရရှိ

7.11.23-yyl-7.jpg

ကလေးသူငယ် ပန်ခရိယရောင်ရောဂါကို တွန်းလှန်တိုက်ဖျက်ဖို့ တစ်စိုက်မတ်မတ် ကြိုးပမ်းခဲ့ကြတဲ့ သားအမိနှစ်ယောက်ဟာ အမေရိကန်သမ္မတဟောင်း ၃ ဦး ချီးမြှင့်တဲ့ 2023 Points of Light ဆု ဆွတ်ခူးခဲ့ပါတယ်။

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ နေထိုင်တဲ့ ရေဘက္ကာတေလာဟာ ၇ နှစ်သမီးအရွယ်ကတည်းက ကလေးသူငယ် ပန်ခရိယရောင်ရောဂါ ခံစားခဲ့ရသူပါ။ လူသိနည်းသေးတဲ့ ဒီရောဂါရဲ့ဒဏ်ကို အလူးအလဲ ခံစားခဲ့ရတဲ့ ရေဘက္ကာတေလာကို ဆရာဝန်တွေက အသက် ၁၂ နှစ်ကျော်အောင် နေရတော့မှာ မဟုတ်ဘူးလို့ ထင်ကြေးပေးခဲ့ကြပါတယ်။

ရေဘက္ကာတေလာဟာ ပန်ခရိယ အစားထိုးခွဲစိတ်မှုအပါအဝင် ခွဲစိတ်မှုပေါင်း ၁၅၀ နီးပါး လုပ်ခဲ့ရပြီး အသက်ဘေး အကြိမ်ကြိမ် ကြုံခဲ့ပါတယ်။ သူ့လိုရောဂါမျိုး ခံစားနေရတဲ့ အခြားကလေးငယ်တွေကို ကူညီပေးနိုင်ဖို့ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းချင်တယ်လို့ ၁၂ နှစ်သမီးအရွယ်မှာ ရေဘက္ကာတေလာက Make A Wish ဖောင်ဒေးရှင်းကို ပြောခဲ့ဖူးပါတယ်။

အခုအခါမှာတော့ ရေဘက္ကာတေလာက အသက် ၂၁ နှစ်အရွယ် ရှိနေပြီး တက္ကဆက်ပြည်နယ် A&M တက္ကသိုလ်မှာ ဇီဝအင်ဂျင်နီယာကျောင်းသူဖြစ်နေပါပြီ။ သူက ကလေးသူငယ် ပန်ခရိယရောင်ရောဂါအတွက် ဆေးဘက်ဆိုင်ရာ သုတေသန ပြုလုပ်နေပြီး ကုသနည်းရှာဖွေလျက် ရှိပါတယ်။

ရေဘက္ကာရဲ့မိခင် ခရစ္စတင်းတေလာကလည်း သူ့သမီးရဲ့ လုပ်ဆောင်မှုတွေမှာ အင်တိုက်အားတိုက် ပါဝင်ကူညီပေးခဲ့တာပါ။ ပန်ခရိယရောင်ရောဂါ ခံစားနေရတဲ့ ကလေးသူငယ်တွေနဲ့ သူတို့ရဲ့မိသားစုတွေကို ကူညီပေးဖို့ Make A Wish ဖောင်ဒေးရှင်းက အမေရိကန်ဒေါ်လာ ၃ သန်း မတည်ပေးခဲ့ပါတယ်။ ကမ္ဘာပေါ်က ကလေးငယ် ၁ သိန်းမှာ ကလေးသူငယ် ပန်ခရိယရောင်ရောဂါ ခံစားနေရသူ ၃ ယောက်ကနေ ၁၃ ယောက်ကြား ရှိပါတယ်။

ရေဘက္ကာနဲ့ မိခင်ဖြစ်သူ ခရစ္စတင်းတေလာတို့ဟာ ဘီလ်ကလင်တန်၊ ဂျော့ဒဗလျူဘုရှ်၊ အိုးဘားမား အစရှိတဲ့ အမေရိကန်သမ္မတဟောင်း ၃ ဦး ပေးအပ်တဲ့ Points of Light Award ကို ၂၀၂၃ ခုနှစ်အတွက် ဆွတ်ခူးခဲ့ပါတယ်။ အဲဒီဆုကို ဂျော့အိတ်ဒဗလျူဘုရှ်က စတင်ဖန်တီးခဲ့တာပါ။

Ref: Texas Mother–Daughter Duo Given Prestigious Award from 3 Past Presidents for Easing Others’ Pain From Rare Disease

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top