တန်ဖိုးမမဲ့ရလေအောင် နှိုင်းယှဉ်ခြင်းကိုရှောင်

3-1.jpg

”ထူးခြားကောင်းမွန်တဲ့အရာတစ်ခုကို အမြန်ဆုံးပျက်စီးစေတဲ့နည်းလမ်းကတော့ တခြားအရာတစ်ခုနဲ့ နှိုင်းယှဉ်လိုက်တာပါပဲ” (The fastest way to kill something special, is to compare it to something else) ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ သွေးထွက်အောင်မှန်လွန်းတဲ့ စကားပါ။

ကျွန်တော်တို့ရဲ့ သိစိတ်မှာရော၊ မသိစိတ်မှာရော နှိုင်းယှဉ်မိတာမျိုး ဖြစ်တတ်ပါတယ်။ ဘာမှမဖြစ်လောက်တဲ့ကိစ္စလို့ ထင်ရပေမဲ့ အမှန်တကယ်တော့ လုံးဝကိုမှားယွင်းနေတဲ့အရာပါ။ စံပယ်တစ်ပွင့် သူ့အဆင်း၊ သူ့ရနံ့နဲ့သူ တင့်တယ်နေတယ်ကို နှင်းဆီလောက်မလှရကောင်းလားလို့ နှိုင်းယှဉ်လိုက်တာဟာ ပန်းနှစ်ပွင့်လုံးကို တန်ဖိုးမဲ့သွားစေပါတယ်။ တကယ်တော့ ပန်းတစ်ပွင့်စီမှာ အဆင်းရနံ့တစ်မျိုးချင်းစီနဲ့ ပသာဒဖြစ်ပြီးသားပါ။

ကျွန်တော်တို့ရဲ့ လက်တွေ့ဘဝထဲမှာလည်း တခြားသူတွေကိုပဲ ဖြစ်ဖြစ်၊ ကိုယ်နဲ့ တခြားသူ တစ်ယောက်ယောက်နဲ့ပဲဖြစ်ဖြစ် နှိုင်းယှဉ်မိတဲ့အခိုက်အတန့်မျိုးတွေရှိပါတယ်။ ”ဒီကောင် ငါ့လောက်တောင် မတတ်ဘဲ ငါ့ထက် လစာကောင်းတယ်” ဆိုတာမျိုး ကြုံဖူး၊ ကြားဖူးကြမှာပါ။ အဲဒီလို နှိုင်းယှဉ်တာဟာ ကိုယ့်တန်ဖိုးကိုရော၊ တခြားသူရဲ့ တန်ဖိုးကိုပါ ပျက်စီးသွားစေတဲ့လုပ်ရပ်ပါ။ တန်ဖိုးတွေကို ပျက်စီးစေရုံတင်မကဘဲ ကိုယ့်စိတ်ထဲက ကြည်လင်မှု (အကြည်ဓာတ်) ကိုပါ ထိခိုက်စေပါတယ်။ တခြားသူတစ်ဦးတစ်ယောက်နဲ့ နှိုင်းယှဉ်ကြည့်တာဟာ ကိုယ့်ကိုယ်ကိုယ် လေးစားမှုကင်းမဲ့ရာရောက်ပါတယ်။ တခြားသူအပေါ်လည်း လေးစားမှုမရှိရာ ရောက်ပါတယ်။

တချို့တွေကလည်း အဲဒီလွဲမှားမှုကို ငယ်ငယ်ကတည်းက အစပြုရိုက်သွင်းပေးလေ့ရှိပါတယ်။ ကိုယ့်သားသမီးကို ”ဘယ်သူဆို အဆင့်ဘယ်လောက်ရတာ၊ ဘယ်သူတို့များ တော်လိုက်တာ၊ နင်နဲ့တော့ တခြားစီပဲ”ဆိုတဲ့ စကားလုံးမျိုးသုံးပြီး မခံချင်စိတ်ဖြစ်လာအောင် လုပ်လေ့ရှိပါတယ်။ ဒီလိုနှိုင်းယှဉ်ခံရတာမျိုးကို ဘယ်သူမှမကြိုက်ပါဘူး။ အခန့်မသင့်ရင် ကိုယ့်ထက်တော်တယ်လို့ နှိုင်းယှဉ်ခံရတဲ့သူကို မလိုမုန်းတီးစိတ်တောင် ဖြစ်သွားစေနိုင်ပါတယ်။ ဒါဟာ တရားသဘောအရဆိုရင် အကုသိုလ်ဖန်တီးမှုပါ။

တကယ်တော့ ကိုယ့်ရဲ့အားသာချက်တွေ၊ အားနည်းချက်တွေကိုအသိဆုံးက ကိုယ်ပါပဲ။ တခြားသူနဲ့ နှိုင်းယှဉ်နေမယ့်အစား ကိုယ့်ကိုယ်ကိုယ်အာရုံစိုက်ပြီး အားသာချက်တွေပိုကောင်းလာအောင်၊ အားနည်းချက်တွေ ပိုနည်းလာအောင် ကြိုးစားရမှာပါ။ ဘာမဟုတ်ဘူးလို့ထင်ရပေမဲ့ ကိုယ့်အတွက်ရော၊ တခြားသူအတွက်ရော၊ လူမှုပတ်ဝန်းကျင်အတွက်ပါမကောင်းတဲ့ နှိုင်းယှဉ်ခြင်းကို ရှောင်ကြဖို့ တိုက်တွန်းရင်းအဆုံးသတ်ပါရစေ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top