၂၀၂၀ခုနှစ်အတွင်းမှာပဲ စစ်မှုထမ်း ရတော့မယ့် ကိုရီးယားဆယ်လီများ

26-6-2020-yyl-042.jpg

ကိုရီးယားနိုင်ငံရဲ့ဥပဒေအရဆိုရင် ကိုရီးယားနိုင်ငံမှာ နေထိုင်ကြတဲ့ အသက် (၁၈) နှစ်ကနေ အသက် (၂၈) နှစ်အရွယ်အမျိုးသားတွေက မဖြစ်မနေ စစ်မှုထမ်းဆောင်ကြရပါတယ်။ သူတို့တွေက (၂) နှစ်လောက် စစ်တာဝန်တွေကို ထမ်းဆောင်ကြရတာပါ။ ကိုရီးယားနိုင်ငံက အမျိုးသားဆယ်လီတွေလည်း ဒီဥပေဒကနေ ကင်းလွှတ်ခွင့်မရကြပါဘူး။ သူတို့တွေလည်း စစ်မှုထမ်းဆောင်ရမယ့် အရွယ်ရောက်လာရင် စစ်ထဲဝင်ကြရပါတယ်။ ကျန်းမာရေးကိစ္စနဲ့ အရေးကြီးကိစ္စရှိရင်တော့ စစ်ထဲဝင်ရမယ့်နှစ်ကို ရွေ့ဆိုင်းလို့တော့ရပါတယ်။

၂၀၂ဝပြည့်နှစ်မှာ စစ်မှုထမ်းဆောင်ရမယ့် ကိုရီးယားဆယ်လီတွေရှိပါတယ်။ အခုဆိုရင် ၂၀၂၀ ပြည့်နှစ်အလယ်တောင်ရောက်ရှိနေပါပြီ။ လက်ရှိ COVID-19 ကပ်ရောဂါဖြစ်နေပေမယ့် တချို့ဆယ်လီတွေက အခုနှစ်အစပိုင်းလောက်မှာပဲ စစ်ထဲဝင်ရောက်သွားခဲ့ကြပါတယ်။ အခုနှစ်အတွင်းမှာပဲ စစ်မှုထမ်းဆောင်ရဦးမှာ ဆယ်လီတွေ ရှိနေပါသေးတယ်။ စစ်ထဲဝင်ရမယ့် ရက်အတည်အကျမကြေညာရသေးပေမယ့် မကြာခင် စစ်မှုထမ်းဆောင်ကြတော့မယ့် ဆယ်လီတွေကို ဖော်ပြပေးလိုက်ရပါတယ်။ (တချို့ကတော့ စစ်ထဲဝင်မယ့်ရက်ကို ကြေညာလိုက်ပါပြီ)

ဝူဒိုဟွမ်

မင်းသား ဝူဒိုဟွမ်က မကြာသေးခင်ကမှ ထုတ်လွှင့်ပြသခဲ့တဲ့ “The King:Eternal Monarch” ဇာတ်လမ်းတွဲမှာ မင်းသားလီမင်ဟိုနဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပြီးတဲ့နောက်မှာ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ရရှိခဲ့ပါတယ်။ သူက အဲဒီဇာတ်လမ်းတွဲမှာ ဘုရင်ရဲ့သက်တော်စောင့်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တာပါ။ သူက ဇူလိုင် ၆ ရက်နေ့မှာ စစ်မှုထမ်းဆောင်ရတော့မှာဖြစ်ကြောင်းကို ဇွန်လ ၂၅ ရက်နေ့က သူ့အင်စတာဂရမ်အကောင့်ကနေ ကြေညာခဲ့ပါတယ်။ COVID-19 ကြောင့် စစ်မှုမထမ်းခင်မှာ ပရိသတ်တွေနဲ့ နှုတ်ဆက်ပွဲကျင်းပသွားမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။ ဝူဒိုဟွမ်က “Save Me” (၂၀၁၇) ၊ “Tempted” (၂၀၁၈) ၊ “My Country” (၂၀၁၉) ဇာတ်လမ်းတွေနဲ့လည်း အောင်မြင်မှုရရှိထားပါတယ်။ စစ်ထဲဝင်မယ့်ရက်ကို မကြေညာခင်က ဇာတ်လမ်းတွဲအသစ်မှာ ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ပေးဖို့ ကမ်းလှမ်းချက်လက်ခံရရှိခဲ့ပါသေးတယ်။

ပတ်ဘိုဂမ်

မင်းသားချော ပတ်ဘိုဂမ်ကတော့ ကိုရီးယားအနုပညာလောကမှာ အောင်မြင်တဲ့မင်းသားတစ်ယောက်ပါ။ ၂၀၁၉ခုနှစ်က ထုတ်လွှင့်ပြသခဲ့တဲ့ “Encounter” ဇာတ်လမ်းတွဲမှာ မင်းသမီးချော ဆောင်းဟေဂိုနဲ့ သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီဇာတ်လမ်းတွဲကို မြန်မာပရိသတ်တွေလည်း ကြိုက်နှစ်သက်ခဲ့ကြပါတယ်။ သူကလည်း သြဂုတ်လ ၃၁ ရက်နေ့မှာ ရေတပ်ထဲဝင်ပြီး တာဝန်ထမ်းဆောင်ရတော့မှာဖြစ်ကြောင့် ဇွန်လ ၂၅ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဘိုဂမ်က Navy Military Band မှာ လျှောက်ထားခဲ့တာဖြစ်ပြီး ဇွန်လ ၂၅ ရက်နေ့ကမှ လက်ခံကြောင်းရလဒ်ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ပတ်ဘိုရမ် ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းများစွာရှိခဲ့ပြီး လက်ရှိမှာလည်း ဇာတ်လမ်းတွဲနဲ့ဇာတ်ကားအသစ်တွေမှာပါဝင်သရုပ်ဆောင်ထားပါတယ်။ စစ်ထဲမဝင်ခင် ရိုက်လက်စဇာတ်လမ်းတွဲနဲ့ဇာတ်ကားတွေကို အပြီးသတ်သွားမယ်လို့ သိရပါတယ်။ ပတ်ဘိုဂမ်ရဲ့ဇာတ်လမ်းတွဲအသစ်က “The Moment” ဖြစ်ပြီး “Seo Bok” ဇာတ်ကားကို အခုနှစ်ကုန်မှာထွက်ရှိမှာဖြစ်ပါတယ်။ “Wonderland” ဇာတ်ကားကလည်း ၂၀၂၁ခုနှစ်မှာ ထွက်ရှိမှာဖြစ်ပါတယ်။ ပတ်ဘိုဂမ်ရဲ့ချစ်ပရိသတ်တွေကတော့ သူ စစ်မှုထမ်းနေစဉ်အတွင်းမှာ အသစ်ထွက်ရှိမယ့်ဇာတ်လမ်းတွဲ၊ ဇာတ်ကားတွေနဲ့ အလွမ်းဖြေကြရမှာဖြစ်ပါတယ်။

ဂျန်ကီယောင်

မကြာသေးခင်ကမှ ထုတ်လွှင့်ပြသပြီးစီးခဲ့တဲ့ “Born Again” ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့တဲ့ ဂျန်ကီယောင်က အခုနှစ်အတွင်းမှာ စစ်မှုထမ်းဆောင်ရတော့မှာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်မှုထမ်းမယ့်တရားဝင်ရက်အတည်အကျကတော့ထွက်ရှိလာခြင်းမရှိသေးပါဘူး။ ဂျန်ကီယောင်ကလည်း မိန်းကလေးပရိသတ်တွေကို ဖမ်းစားထားနိုင်တဲ့ မင်းသားတစ်လတ်ပါပဲ။ အရပ်အမောင်းကောင်းပြီး ချစ်စရာကောင်းတဲ့အပြုံးလေးကို ပိုင်ဆိုင်ထားတဲ့အတွက် မိန်းကလေးတွေအကြိုက်အမျိုးသားပုံစံဖြစ်ပါတယ်။ သူက “Come and Hug Me” (၂၀၁၈)၊ “Search:WWW” (၂၀၁၉) စတဲ့ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး လူသိများလာခဲ့တာဖြစ်ပါတယ်။

ကင်မြောင်ဆိုး (INFINITEအဖွဲ့ဝင်)

INFINITE အဆိုအဖွဲ့ရဲ့အဖွဲ့ဝင်လည်းဖြစ်တဲ့၊ မင်းသားတစ်လတ်လည်း ဖြစ်တဲ့ ကင်မြောင်ဆိုးကလည်း အဆိုလောကမှာရော အနုပညာလောကမှာပါ အောင်မြင်တဲ့သူတစ်ယောက်ပါ။ အဆိုအဖွဲ့ထဲမှာလည်း သူက ချောမောထင်ပေါ်တဲ့သူဖြစ်တဲ့အတွက် မိန်းကလေးပရိသတ်တွေကြိုက်နှစ်သက်ကြပါတယ်။ သူကလည်း အခုနှစ်ကုန်ပိုင်းလောက်မှာ စစ်မှုထမ်းနိုင်ဖွယ်ရှိပါတယ်။ စစ်မှုထမ်းမယ့်ရက်အတိအကျကတော့ ထွက်ရှိလာခြင်းမရှိသေးပါဘူး။ ကင်မြောင်ဆိုးက အခုနှစ်အစောပိုင်းမှာ ထွက်ရှိထားတဲ့ “Meow, the Secret Boy” ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ခဲ့ပါတယ်။ အရင်ကလည်း ဇာတ်လမ်းတွဲများစွာမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ကင်မြောင်ဆိုး စစ်ထဲမဝင်ခင် ဇာတ်လမ်းတွဲအသစ်မှာပါဝင်ဖို့ မျှော်လင့်ရပါတယ်။

BTS အဖွဲ့ဝင် Jin

အမေရိကန်ထိတောင် ထိုးဖောက်အောင်မြင်နေတဲ့ ကမ္ဘာကျော်ကိုရီးယားအဆိုအဖွဲ့ BTS ရဲ့အသက်အကြီးဆုံးအဖွဲ့ဝင် Jin ဟာ စစ်ထဲဝင်ရမယ့် ပထမဆုံးအဖွဲ့ဝင်ဖြစ်မှာဖြစ်ပါတယ်။ သတင်းစာရှင်းလင်းပွဲတစ်ခုမှာလည်း စစ်ထဲဝင်မယ်ဆိုရင် ဘယ်အချိန်ဖြစ်ဖြစ် အဆင်သင့်ဖြစ်နေပါပြီလို့ Jin က ထုတ်ပြောခဲ့ဖူးပါတယ်။ Jin က အခုနှစ်ကုန်ပိုင်း (ဒါမှမဟုတ်) ၂၀၂၁ခုနှစ်အစပိုင်းမှာ စစ်မှုထမ်းနိုင်ချေရှိပါတယ်။ BTS အဖွဲ့ဝင်တွေကလည်း မဖြစ်မနေစစ်မှုထမ်းရမယ့် ကိုရီးယားဥပဒေကို လွန်ဆန်လို့မရပါဘူး။ BTS အဖွဲ့ဝင် Jin ရဲ့စစ်မှုထမ်းရမယ့်ရက်အတိအကျကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Jin ရဲ့အသက်အရွယ်အရဆိုရင် အခုနှစ်မှာ စစ်ထဲဝင်ရမှာဖြစ်ပါတယ်။ BTS အဖွဲ့က ကမ္ဘာကျော်တဲ့ပထမဆုံးကိုရီးယားအမျိုးသားအဆိုအဖွဲ့ဖြစ်ပါတယ်။ တစ်နှစ်ပတ်လုံး ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေ ကျင်းပနေရတာဖြစ်ပြီး COVID-19 ကြောင့် ဖျော်ဖြေပွဲတွေကို ရပ်ဆိုင်းထားခဲ့ရပါတယ်။

Ref: Preview.ph

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top