အန်တိုနီယာ၏ အနှစ်သက်ဆုံး ကယန်းအစားအစာ (၄) မျိုး

IMG_3799-1024x683.jpg

ONE Championship တွင် ပထမဆုံး မြန်မာအမျိုးသမီး ပရော်ဖက်ရှင်နယ် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမား အန်တိုနီယာသည် ကယားပြည်နယ်ရှိ ဒေသထွက်အစားအစာများထဲမှ ၎င်းအနှစ်သက်ဆုံး အစားအစာ (၄) မျိုးကို ပရိသတ်များအတွက် မျှဝေပေးခဲ့သည်။

ကယားလူမျိုးအန်တိုနီယာက ကယားပြည်နယ်ထွက် အစားအစာများမှာ ဆီနှင့် ဟင်းခတ်မှုန့်များ မပါဝင်ဘဲ သဘာဝအတိုင်း ချက်ပြုတ်ထားခြင်းကြောင့် အရသာရှိပြီး ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာ များဖြစ်ကြောင်း ပြောပြခဲ့သည်။

မြန်မာနိုင်ငံတွင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီးနောက် တိုင်းရင်းသားရိုးရာအစားအသောက်များ ပိုမို၍ခေတ်စားလာခဲ့ကာ တိုင်းရင်းသားအစားအစာဆိုင်များစွာလည်း ပေါ်ထွက်လာခဲ့သည်။ ၎င်းအနေဖြင့် ရိုးရာအစားအစာများအကြောင်း ပရိသတ်များထံမျှဝေရခြင်းအတွက် ဂုဏ်ယူမိပြီး ရပ်ဝေးရောက်နေသည့် မိမိအဖို့ ဇာတိမြေကိုအလွမ်းပိုစေသည်ဟုဆိုသည်။

ကယားရိုးရာခေါင်ကျရည်
တိုင်းရင်းသားရိုးရာခေါင်ကျရည်များတွင် ထူးခြားသည့် ကိုယ်ပိုင်ဟန်နှင့် ကိုယ်ပိုင်အရသာကိုယ်စီရှိကြသည်။ အဆိုပါ ရိုးရာခေါင်ကျရည်များတွင် မြန်မာနိုင်ငံ၏ အသေးငယ်ဆုံးပြည်နယ်ဖြစ်သည့် ကယားပြည်နယ်မှ ခေါင်ကျရည်များသည်လည်း ထူးခြားသောအရသာများစွာ ရှိနေသည်။

ကယားပြည်နယ်တွင် ရိုးရာခေါင်ကျရည်ကို မင်္ဂလာဆောင်၊ ကောက်ရိတ်သိမ်းပွဲ(ခ) ကောက်သစ်စားပွဲနှင့် ဘာသာရေးပွဲတော် အစရှိသည့်အခမ်းအနားများတွင် ဧည့်ခံစရာအဖြစ် ထည့်သွင်းထားကြသည်။ ကယားရိုးရာ ခေါင်ကျရည်သည် လူကြီးလူငယ်မရွေး သောက်သုံးနိုင်ပြီး မီးပုံဘေးတွင် ဝိုင်းဖွဲ့ထိုင်ကာ ဝါးပိုက်လေးများဖြင့်
လည်းကောင်း၊ ဝါးကျည်ထောက် ခွက်လေးများဖြင့် လည်းကောင်း တစ်စိမ့်စိမ့်သောက်ရသည်မှာ အလွန်ပင် အရသာရှိလှသည်ဟု အန်တိုနီယာက ပြောပြသည်။

“ကယားပြည်နယ်မှာ ခေါင်ကျရည်က အမျိုးမျိုးရှိတယ်။ ကျွန်မကတော့ ကောက်ညှင်းနဲ့ချက်တဲ့ ခေါင်ကျရည်ကို ပိုပြီး ကြိုက်ပါတယ်။ တော်သင့်ရုံသောက်ရင် သွေးလည်ပတ်မှုကိုလည်း ကောင်းစေတယ်” ဟု အန်တိုနီယာက ၎င်းကြိုက်သည့် ရိုးရာ ခေါင်ကျရည်အကြောင်း ရှင်းပြသည်။

ကယန်းတိုင်းရင်းသားများ၏ ရိုးရာအဖျော်ယမကာဖြစ်သော ခေါင်ကျရည်ကို ပြုလုပ်ရာတွင် ကောက်ညှင်းဆန်နှင့် တစေးကို ရေနှင့် အချိုးကျကျ ရောစပ်ပြီး ကျိုချက်ကြသည်။ ထို့နောက် မြေအိုးကြီးများတွင် ထည့်သွင်းပြီး ရက်သတ္တပတ် ၃ ပတ်အထိ အချဉ်ဖောက်ထားရသည်။

ထို့နောက် ပန်းနုရောင်အရည်အဖြစ် အသွင်ပြောင်းလာပြီး ချိုမြမြရှတတဖြင့် အနံအရသာပြည့်စုံသော ရိုးရာခေါင်ရည် ဖြစ်လာခဲ့သည်။ အရသာအားဖြင့် တန်ဖိုးကြီး အိုင်ယာလန်ပန်းသီးဗျစ်ရည်ကဲ့သို့ရှိပြီး အချိန်ကြာကြာ ထိန်းသိမ်းထားပါက ပြင်းရှရှဖြစ်သွားတက်သည်။

ကယားရိုးရာခေါင်ရည်သည် ကမ္ဘာကျော်ဝီစကီများကဲ့သို့ ဒေသထွက် စမ်းချောင်းရေ (သို့) သဘာဝရေနှင့် ချက်မှသာ အရသာကောင်းမွန်သည်မှာလည်း ထူးခြားသောအချက်ဖြစ်သည်။

ကယားဝက်အူချောင်း
ကယားဝက်အူချောင်းများသည် အမေရိကန်ဝက်အူချောင်းများကဲ့သို့ အရွယ်အစားကြီးမားလှသည်။ မြန်မာနိုင်ငံတွင် ကယားဝက်အူချောင်းသည် နာမည်ကြီးသောအစားအစာများထဲတွင် ပါဝင်သည်။ ဝက်အူစစ်စစ်ကို သန့်စင်အောင် ဆေးကြောပြီး ဝက်သားကို ခပ်နုတ်နုတ်စင်းကာ ကယားဒေသထွက် မက်ခါသီးမွှေးမွှေးလေးကိုရော၍ ထောင်းထားသည်။ မက်ခါသီးသည် လူနှင့်တည့်ပြီး ကျန်းမာရေးအတွက် အလွန်ပင်ကောင်းသည်ဟု ကယားလူမျိုးများက ယုံကြည်ကြသည်။

မက်ခါသီးသည် ငြုပ်ကောင်းနှင့် ဆင်တူပြီး ကချင်၊ ကရင်၊ ကယား တိုင်းရင်းသားများ အသုံးပြုကြသည့် ဟင်းခတ်ပစ္စည်းတစ်မျိုး ဖြစ်သည်။ ယူနန်နယ်ဘက်ရှိ တရုတ်လူမျိုးများလည်း အသုံးပြုကြသည်ဟု စာဆိုများ ရှိခဲ့ဖူးသည်။ တချို့မှာမူ ဝက်အူချောင်းထဲတွင် ဂျူးမြစ်နှင့် အာလူးတို့ကို ထောင်းထည့်ကြသည်။ ဝက်အူအတွင်း အစာသွပ်ထားသည့် ဝက်အူချောင်းများကို အစာများအတန်အသင့်ကျက်သည်အထိ မီးအေးအေးဖြင့် ကြော်ခြင်း(သို့မဟုတ်) မီးကင်ခြင်း ပြုရသည်။ ပြီးမှ ကျပ်ခိုးတင်ခြင်းအဆင့်ဆင့်ပြုရပြီးမှ အသင့်စားသုံးနိုင်သည့် ကယား ဝက်အူချောင်းရသည်။

“ကယားဝက်အူချောင်းက အခြားဝက်အူချောင်းတွေနဲ့ ပုံစံမတူသလို အရသာလည်း ကွဲပါတယ်။ အဆီမပါသလောက်နည်းပြီး အသားဓာတ်အပြည့်အဝပါတယ်” ဟု အန်တိုနီယာကဆိုသည်။ ကယားပြည်နယ်တွင် ဝက်မွေးမြူရာ၌ ခြံခတ်မွေးမြူခြင်းမဟုတ်ဘဲ သဘာဝအလျောက် လွှတ်ထားခြင်းဖြစ်သည်။ ထိုအချက်ကပင် အဆီမများခြင်း ဖြစ်ပေမည်။

ဆောင်ဒူရွာကြက်သားဟင်း
ကယန်းရိုးရာအစားအသောက်များ အတော်များများသည် ဆီပါဝင်မှုအလွန်ပင်နည်းပါလှသည်။ ထို့အချက်ကပင် ကျန်းမာရေးအတွက် အလွန်ကောင်းသောအချက်ဖြစ်သည်။ ထို့အပြင် သဘာဝအလျောက် စိုက်ပျိုးထားသော လတ်ဆတ်သည့်အသီးအနှံများကိုသာ အဓိကထားပြီးချက်ပြုတ်လေ့ရှိသည်။ ဟင်းပွဲတွင်အနည်းငယ်သာပါဝင်မည့်
နနွင်းကအစ ကိုယ်တိုင်စိုက်ပျိုးထားသော လတ်ဆတ်သောနနွင်းကိုသာ အသုံးပြုကြသည်။ အိမ်မှာ မွေးထားသော ကြက်၊ စိုက်ခင်းထဲရှိသခွားသီး၊ မက်ခါသီး ထောင်းထည့်ထားသောကြောင့် ပူပူစပ်စပ် မွှေးမွှေးလေးဖြင့် ခံတွင်းရှင်းစေသည်။

“ကျွန်မကတော့ကြက်သားဟင်းဆိုရင် ဒီလို ပူပူစပ်စပ်နဲ့ ကြက်သားဟင်းကို အရမ်းကြိုက်ပါတယ်”ဟု အန်တိုနီယာက ဆိုသည်။

ကယားအမဲသားလုံးကြော်
အမဲသားသည် လူကိုအားဖြစ်စေပြီး အာဟာရအပြည့်ပေးသည်။ ခွန်အားကိုအသုံးပြုရသည့် မိမိအဖို့ အမဲသားသည် စားသင့်သောအစားအစာ ဖြစ်သည်။ ကယားအမဲသားလုံးကြော်ကို အမဲသားနှင့် အမဲအကြောတို့ကို ဓားဖြင့်စဉ်းပြီး ဂျင်းအရည်ညှစ်ထည့်ရသည်။ ထို့နောက် မက်ခါသီး၊ ရှမ်းကြက်သွန်ဖြူ၊ မုန့်ညင်းခြောက်နှင့် ဆီဘူးငရုတ်သီးတို့ကို ညှက်အောင်ထောင်း၍ ရောနယ်ပြီးသည့်အခါ အရသာကောင်းသော အမဲလုံးကြော်ကို ရရှိသည်။

“အမဲလုံးကြော်က ကယားဝက်အူချောင်းလိုပဲ စားလို့ကောင်းတဲ့ အစားအစာတစ်ခုပါ။ ခွန်အားသုံးတဲ့ ကစားသမား တစ်ဦးအတွက်လည်း အထူးသင့်တော်ပါတယ်” ဟု အန်တိုနီယာကဆိုသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top