ဇာတ်ညွှန်းရေးဆရာမနဲ့ စေ့စပ်လိုက်ပြီဖြစ်တဲ့ မင်းသမီး ခရစ်စတန် စတီဝါ့

11-4-2021yyl2.jpg

Twilight ဇာတ်ကားတွေနဲ့ အောင်မြင်လာခဲ့တဲ့ မင်းသမီး ခရစ်စတန် စတီဝါ့ (Kristen Stewart) က (၂) နှစ်ကြာ တွဲလာခဲ့တဲ့ သူ့ရဲ့လက်တွဲဖော် ဇာတ်ညွှန်းရေးဆရာမ၊ မင်းသမီးလည်းဖြစ်တဲ့ ဒေးလန် မေရာ (Dylan Meyer) နဲ့ စေ့စပ်လိုက်ပြီဆိုတာကို နိုဝင်ဘာ ၂ ရက်နေ့က ထုတ်ပြောခဲ့ပါတယ်။

ခရစ်စတန်က ဒေးလန် မေရာကို လက်ထပ်ဖို့ စီစဉ်ထားတယ်ဆိုတာကို အတည်ပြုပေးခဲ့သလို မေရာက သူ့ကို လက်ထပ်ခွင့်တောင်းခဲ့တဲ့အတွက်လည်း ချီးမွှမ်းခဲ့ပါသေးတယ်။ ခရစ်စတန်က မေရာနဲ့ စေ့စပ်လိုက်ပြီး လက်ထပ်တော့မယ်ဆိုတာကို SiriusXMရဲ့ The Howard Stern Show မှာ အတည်ပြုပြောကြားခဲ့တာပါ။ “ကျွန်မတို့ လက်ထပ်တော့မယ်။ ကျွန်မတို့ ဒါကို သေချာပေါက်လုပ်တော့မှာပါ။ ကျွန်မ သူ့ကို လက်ထပ်ခွင့်တောင်းချင်ခဲ့တာပါ။ လက်ထပ်ခွင့်တောင်းတာကို သူလုပ်သွားခဲ့တယ်။ ကျွန်မတို့ လက်ထပ်တော့မယ်။ ဒါက ဖြစ်တော့မှာပါ” လို့ ခရစ်စတန်က ဆိုပါတယ်။

ခရစ်စတန်က သူ့ရဲ့ချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းချင်နေပြီလို့ ဝန်ခံခဲ့ပြီးတဲ့နောက်မှာ အခုလိုစေ့စပ်လိုက်ပြီး လက်ထပ်တော့မယ်ဆိုတဲ့ ဝမ်းသာစရာသတင်းထွက်ရှိလာခဲ့တာပါ။ ခရစ်စတန်က သူဟာ လိင်တူလိင်ကွဲနှစ်မျိုးလုံးကို စိတ်ဝင်စားတဲ့သူဆိုတာကို ၂၀၁၇ခုနှစ်က ထုတ်ပြောပြခဲ့တာပါ။ ခရစ်စတန်နဲ့ မေရာတို့စုံတွဲဟာ ချစ်သူတွေမဖြစ်ခင် လွန်ခဲ့တဲ့ ၆ နှစ်လောက်ကတည်းက အချင်းချင်းသိခဲ့ကြတာပါ။ ခရစ်စတန်က မေရာကို ချစ်တယ်လို့ပြောဖို့ (၂) ပတ်ပဲ အချိန်ယူခဲ့ရတယ်လို့ ဆိုပါတယ်။

“ကျွန်မ သူ့ကို ချစ်တယ်လို့ ပထမဆုံးပြောခဲ့တုန်းက ကျွန်မတို့ ဘားတစ်ခုမှာ ထိုင်နေရသလိုပဲ။ ကျွန်မ သူ့ကို သိခဲ့တာ (၆) နှစ်လောက်ရှိပြီ။ ဒါပေမဲ့ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် စတွေ့တာက (၂) ပတ်လောက်ပဲရှိသေးတယ်။ ကျွန်မ သူ့ကို ဇာတ်ကားတစ်ခုမှာ ဆုံမိကြပြီးကတည်းက မတွေ့ရတာက ၆ နှစ်လောက်ရှိပြီ။ အဲဒီနောက် သူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့ပါတီမှာ ပြန်တွေ့ခဲ့ကြတယ်”လို့ ခရစ်စတန်က သူတို့အကြောင်းကို ပြန်ပြောပြခဲ့ပါတယ်။

ခရစ်စတန် စတီဝါ့ ရဲ့ Spencer ဇာတ်ကားသစ်က အခုအပတ်ထဲ ရုံတင်ပြသမှာဖြစ်ပြီး အဲဒီဇာတ်ကားမှာ ဒိုင်ယာနာမင်းသမီးအဖြစ်သရုပ်ဆောင်ထားပါတယ်။

Ref: AsiaOne “Kristen Stewart and Dylan Meyer are engaged”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top