ဝှက်စာဖော်သူတွေကို ၃၅ နှစ်ကျော် ဒွိဟဖြစ်စေခဲ့တဲ့ CIA ဌာနချုပ်ထဲမှ ကျောက်ဆစ်ရုပ်

ဆကငု.jpg

အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) ဌာနချုပ်ဝန်းထဲမှာ ကျောက်ဆစ်ပညာရှင် ဂျင်ဆန်ဘွန်း ထုဆစ်ထားတဲ့ Kryptos ကျောက်ဆစ်ရုပ်ဟာ ကမ္ဘာတဝန်းမှ ဝှက်စာဖော်သူတွေကို ၃၅ နှစ်ကျော် ဒွိဟဖြစ်စေခဲ့တဲ့ အရာပါပဲ။

S ပုံသဏ္ဍာန်ရှိတဲ့ ရုပ်တုကြီးကို ကြေးပြား ၄ ပြား ပေါင်းစပ်ဖန်တီးထားတာဖြစ်ပြီး လက်တင်အက္ခရာ ၂၆ လုံးကို ဝှက်စာပုံစံ ရေးထွင်းထားရာမှာ အက္ခရာ ၈၆၅ လုံး၊ Question mark (?) ၄ လုံး စုစုပေါင်း စကားလုံး ၈၆၉ လုံး ပါဝင်ပါတယ်။Kryptos ဆိုတာ ဂရိဘာသာစကားဖြစ်ပြီး ကွယ်ဝှက်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။

Kryptos ရုပ်တုကို ၁၉၉၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၃ ရက်က စိုက်ထူ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး (အဲဒီအချိန်က) ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၂၅၀၀၀၀ ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။

ကြေးပြား တချပ်ချင်းစီမှာ ဝှက်စာတစ်ခုစီ ပါဝင်ပြီး ဝှက်စာ ၃ ခုကို ဖော်ထုတ်နိုင်ခဲ့ကြပေမဲ့ K4 လို့ ခေါ်တဲ့ စတုတ္တမြောက်အပိုင်းကိုတော့ သင်္ချာနည်းအရ ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိပါဘူး။ ၂၀၂၅ ခုနှစ်နှောင်းပိုင်းတွင် သုတေသီနှစ်ယောက်က Smithsonian ပြတိုက်မှာ မှတ်တမ်းဟောင်းတွေကို ရှာဖွေရင်း (ဂျင်ဆန်ဘွန်း လှူဒါန်းထားတဲ့ စာရွက်စာတမ်းတွေကနေတစ်ဆင့်) K4 ဝှက်စာ၏ မူရင်းအဖြေကို မမျှော်လင့်ဘဲ တွေ့ရှိခဲ့ပါတယ်။ ( ဒါပေမဲ့ ဒီအကြောင်းကို ထုတ်ပြောရင် မူပိုင်ခွင့် ချိုးဖောက်မှုဥပဒေအရ တရားစွဲဆိုခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုကြောင့် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိပါဘူး)

အဲဒီနောက်မှာတော့ ဉာဏ်ရည်တုနည်းပညာ(AI) အသုံးပြုပြီး ခန့်မှန်းဖြေဆိုမှု အမှားတွေ ပေးပို့မှုအလွန်များပြားလာတာကြောင့် ဂျင်ဆန်ဘွန်းက ဒီဝှက်စာရဲ့ အဖြေကို လေလံတင် ရောင်းချခဲ့ပါတယ်။ Paradigm နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက အမေရိကန်ဒေါ်လာ ၉၆၂,၅၀၀ နဲ့ လေလံအောင်ပြီး (ဒီဝှက်စာရဲ့အဖြေကို ၂၀၇၅ ခုနှစ်အထိ ထုတ်ဖော်ပြောဆိုမှု မပြုရဆိုတဲ့ သဘောတူညီချက်နဲ့အတူ) ဝယ်ယူထိန်းသိမ်းခဲ့တာပါ။

Ref: Kryptos

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top