စက်ဘီးခိုးတယ်လို့ စွပ်စွဲခံရတဲ့ လူငယ်နဖူးမှာ ”ကျွန်တော် သူခိုးပါ”ဆိုတဲ့ တက်တူးထိုးခံခဲ့ရ

teen_punishment_tattoo.jpg

လူငယ်တစ်ယောက်ရဲ့ နဖူးပေါ်မှာ ”ကျွန်တော် သူခိုးပါ” ဆိုတဲ့ တက်တူးထိုးခဲ့တဲ့အတွက် အမျိုးသားနှစ်ယောက်ကို နှိပ်စက်ညှဉ်းပန်းမှုနဲ့ စွဲချက်တင်ပြီး ဘရာဇီးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း ဆော်ပေါ်လိုမြို့မှာ အခုလိုဖြစ်ပွားခဲ့တာဖြစ်ပြီး တက်တူးထိုးခံရတဲ့ လူငယ်က အသက် ၁၇ နှစ်ရှိပါပြီ။ ဖမ်းဆီးခံထားရသူ နှစ်ဦးက ဒီလူငယ်ဟာ စက်ဘီးခိုးဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လူငယ်က သူတို့ရဲ့ စွပ်စွဲမှုကို ငြင်းဆန်ခဲ့ပြီး သူ့အနေနဲ့ အရက်မူးလွန်သွားလို့ စက်ဘီးပေါ် လဲကျသွားခဲ့တာလို့ တုံ့ပြန်ထားပါတယ်။

အသက် ၂၇ နှစ်နဲ့ ၂၉ နှစ်အရွယ်ရှိတဲ့ အမျိုးသားနှစ်ဦးဟာ လူငယ်ကိုဖမ်းဆီးပြီး လက်နဲ့ ခြေထောက်ကို ကြိုးတုပ်ခဲ့ပါတယ်။ ”ကျွန်တော်ကလက်မှာ တက်တူးထိုးပေးပါလို့ ပြောပေမယ့် သူတို့က နဖူးမှာပဲ တက်တူးထိုးပေးမယ်လို့ ပြောပြီး ရယ်မောခဲ့ကြပါတယ်။ အဲဒီလို လုပ်မယ့်အစား ကျွန်တော့် လက်တွေ၊ ခြေထောက်တွေကို ရိုက်ချိုးလိုက်ဖို့ သူတို့ကိုကျွန်တော် တောင်းပန်ခဲ့ပါတယ်”လို့ လူငယ်က ပြောပါတယ်။

အဲဒီအမျိုးသားနှစ်ဦးဟာ လူငယ်ရဲ့ နဖူးပေါ်မှာ ”ကျွန်တော်က သူခိုးပါ။ အရှုံးသမားပါ”လို့ အဓိပ္ပာယ်ရတဲ့ စာသားကို ပေါ်တူဂီဘာသာစကားနဲ့ ရေးထိုးပေးခဲ့ပြီး အဲဒီလို တက်တူးထိုးနေတာကို မှတ်တမ်းတင် ရိုက်ကူးခဲ့ပါတယ်။ ဒီဗီဒီယိုဖိုင်ကို အွန်လိုင်းပေါ်တင်ခဲ့တဲ့နောက် ရဲတပ်ဖွဲ့က သူတို့ကို ဖော်ထုတ်ပြီး ဖမ်းဆီးနိုင်ခဲ့တာပါ။ အဲဒီအမျိုးသားနှစ်ဦးက လူငယ်ကို အပြစ်ပေးတဲ့အနေနဲ့ အခုလို တက်တူးထိုးပေးခဲ့တာပါလို့ ဝန်ခံခဲ့ပါတယ်။

အခုချိန်မှာ လူငယ်ရဲ့ နဖူးက တက်တူးကို ဖယ်ရှားပေးဖို့ အွန်လိုင်းပေါ်မှာလှုပ်ရှားမှု လုပ်နေပြီး အလှူငွေအဖြစ် ဘရာဇီးငွေ ၁၉၀၀၀(အမေရိကန်ဒေါ်လာ ၅၈၀၀) ရထားပြီလို့ ဘီဘီစီသတင်းဌာနက ဖော်ပြထားပါတယ်။

Ref: BBC news;Brazil teen tattooed with ‘I’m a thief’ over bike theft accusations

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top