နိုင်ငံတကာသတင်းတိုကဏ္ဍ

28872196_1786904791340433_5422165107599736832_n.jpg

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လူ့အခွင့်အရေးဆိုင်ရာဆု ပြန်လည်ရုပ်သိမ်း

နေရပ်စွန့်ခွာခဲ့ကြတဲ့ ဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီး U.S. Holocaust Memorial Museum က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူ့အခွင့်အရေးဆိုင်ရာဆု (Elie Wiesel Award)ကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ ဂျူးလူမျိုးတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ (Holocaust) ဖြစ်ရပ်ကနေ အသက်ရှင်လွတ်မြောက်လာခဲ့တဲ့ စာရေးဆရာ Elie Wiesel ကို အစွဲပြုပြီး Elie Wiesel ဆုလို့ ခေါ်ဝေါ်တာပါ။

၂၀၁၂ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကနေ လွတ်မြောက်လာပြီးမကြာခင် Elie Wiesel ဆု ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီး စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကိုဝေဖန်ခဲ့ခြင်း မရှိတဲ့အတွက် အခုလို ဆုပြန်လည်ရုပ်သိမ်းလိုက်တာလို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ U.S. Holocaust Memorial Museum က ကြေညာခဲ့ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ ဘီလ်ဂိတ်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ဂျက်ဖ်ဘီဇို

၂၀၁၈ ခုနှစ်အတွက် ဖို့ဘ်မဂ္ဂဇင်း (Forbes)က ထုတ်ပြန်တဲ့ ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ Amazon ကုမ္ပဏီကို တည်ထောင်ခဲ့တဲ့ ဂျက်ဖ်ဘီဇို့စ်က ဘီလ်ဂိတ်ကို ကျော်ဖြတ်ပြီး အဆင့်(၁)နေရာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဂျက်ဖ်ဘီဇိုဟာ ချမ်းသာကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၁၁၂ ဘီလျံရှိနေပြီး ဘီလျံ ၁၀၀ ကျော် ချမ်းသာကြွယ်ဝတဲ့ ကမ္ဘာ့ပထမဆုံး ပုဂ္ဂိုလ်ဖြစ်လာပါတယ်။ ၁၉၉၄ ခုနှစ်မှာ အွန်လိုင်းစာအုပ်စတိုးအဖြစ် စတင်တည်ထောင်ခဲ့တဲ့ Amazon ကုမ္ပဏီဟာ နောက်ပိုင်းမှာ အွန်လိုင်းကနေ အမျိုးအစား အမျိုးမျိုး ရောင်းဝယ်ဖောက်ကားမှုပြုလုပ်ခဲ့ပြီး အခုအချိန်မှာ ရှယ်ယာဈေးတွေ မြင့်တက်လာလို့ ဂျက်ဖ်ဘီဇိုလည်း အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာတာပါ။

မိုက်ခရိုဆော့ဖ်ကုမ္ပဏီကို တည်ထောင်ခဲ့တဲ့ ဘီလ်ဂိတ်ကတော့ ချမ်းသာကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၉၀ ဘီလျံရှိပါတယ်။ ဖေ့ဘွတ်ကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့တဲ့ မက်ခ်ဇူကာဘတ်ကတော့ ချမ်းသာကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၇၁ ဘီလျံနဲ့ အဆင့်(၅)နေရာမှာ ရပ်တည်နေပါတယ်။

ဗိသုကာလောကရဲ့ ထိပ်တန်းဆု ဆွတ်ခူးခဲ့တဲ့ အသက် ၉၀ အရွယ်အိန္ဒိယနိုင်ငံသား

တန်ဖိုးနည်း အိမ်ရာစီမံကိန်းတွေ ဆောက်လုပ်ပေးခဲ့လို့ နာမည်ကျော်ကြားခဲ့တဲ့ အသက် ၉၀ အရွယ် အိန္ဒိယနိုင်ငံသား ဒိုရှီဟာဗိသုကာလောကရဲ့ ထိပ်တန်းဆု (Pritzker) ဆွတ်ခူးသွားခဲ့ပါတယ်။ ဗိသုကာလောကရဲ့ နိုဗယ်ဆုလို့ တင်စားကြတဲ့ ဒီဆုကို လွန်ခဲ့တဲ့ နှစ် ၄၀ ကတည်းက စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး အိန္ဒိယနိုင်ငံသားတစ်ဦး ပထမဆုံးအကြိမ် ဆုရခဲ့တာ ဖြစ်ပါတယ်။

၁၉၂၇ ခုနှစ်က ပူနီမြို့မှာ မွေးဖွားခဲ့တဲ့ ဒိုရှီဟာ မွမ်ဘိုင်းမြို့မှာ ဗိသုကာပညာ သင်ကြားခဲ့ပြီးတဲ့နောက် နာမည်ကျော် ဗိသုကာပညာရှင် လီကော်ဘက်ရှာထံမှာ အလုပ် လုပ်ခဲ့ပါတယ်။ ၁၉၅၆ ခုနှစ်မှာတော့ ကိုယ်ပိုင်ကုမ္ပဏီ တည်ထောင်ခဲ့ပြီး အန်ဒြာဘတ်မြို့မှာ အလုပ် လုပ်ခဲ့ပါတယ်။ သူတည်ဆောက်ခဲ့တဲ့ တန်ဖိုးနည်း အိမ်ရာစီမံကိန်းမှာ ဆင်းရဲသား မိသားစု တော်တော်များများ အပါအဝင် လူ ၈၀,၀၀၀ ကျော် နေထိုင်နိုင်ခဲ့ပါတယ်။ ဒိုရှီဟာ လာမယ့်မေလမှာ ကျင်းပမယ့် ဆုပေးပွဲအခမ်းအနားမှာ အမေရိကန်ဒေါ်လာ တစ်သိန်း ဆုရရှိမှာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံအတွက် သူလျှိုလုပ်ပေးခဲ့တဲ့ ရုရှား ထောက်လှမ်းရေးအရာရှိဟောင်း ဓာတုဆေးရည်နဲ့ လုပ်ကြံခံရလို့ အသည်းအသန်ဖြစ်နေ

ဗြိတိန်နိုင်ငံအတွက် သူလျှိုလုပ်ပေးခဲ့တဲ့ ရုရှား ထောက်လှမ်းရေးအရာရှိဟောင်းနဲ့ သမီးဖြစ်သူတို့ကို အင်္ဂလန်နိုင်ငံတောင်ပိုင်း ဆာလစ်ဘူရီမြို့မှာ အာရုံကြောထိခိုက်စေတဲ့ ဓာတုဆေးရည်နဲ့ လုပ်ကြံခဲ့တာလို့ ဗြိတိန်နိုင်ငံရဲ့ အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး ထိပ်တန်းအရာရှိက ပြောပါတယ်။ ပြီးခဲ့တဲ့မတ်လ ၄ ရက်နေ့ဒေသစံတော်ချိန် ညနေ ၄ နာရီ ၁၅ မိနစ်မှာ ဝှစ်ရှိုင်းယားရဲတပ်ဖွဲ့က သာမန်အနေအထား မဟုတ်တဲ့ လူနှစ်ယောက် တွေ့ရတယ်ဆိုတဲ့ ဖုန်းခေါ်ဆိုမှုတစ်ရပ် ရရှိခဲ့ပါတယ်။

ဆာလစ်ဘူရီမြို့က The Maltings ဈေးဝယ်စင်တာအပြင်ဘက် ခုံတန်းလျားမှာ အသက် ၆၆ နှစ်အရွယ် သူလျှို ဆခရီပယ်နဲ့ အသက် ၃၃ နှစ်အရွယ် သမီးဖြစ်သူ ယူလီယာတို့ သတိလစ်နေတာ ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပါတယ်။ သူတို့နှစ်ယောက်မှာ မျက်စိနဲ့မြင်နိုင်တဲ့ဒဏ်ရာမရှိပေမယ့် ဆေးရုံမှာ အသည်းအသန် အနေအထားဖြစ်နေပါတယ်။ ဆခရီပယ်နဲ့ ယူလီယာတို့ သားအဖကို ပထမဆုံး ကူညီပေးခဲ့တဲ့ ရဲအရာရှိလည်း ဆေးရုံရောက်နေပြီး စိုးရိမ်ရတဲ့ အခြေအနေ ရှိနေပါတယ်။ ရုရှားစစ်တပ်ရဲ့ ထောက်လှမ်းရေးအရာရှိ(ငြိမ်း) တစ်ဦးဖြစ်တဲ့ ဆခရီပယ်ဟာ ၂၀၀၄ ခုနှစ်က နိုင်ငံတော် သစ္စာဖောက်တယ်လို့ သံသယရှိလို့ ဖမ်းဆီးခံခဲ့ရပြီး ၂၀၀၆ ခုနှစ်မှာ ရုရှားနိုင်ငံက သူ့ကို ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၀ ပြည့်နှစ်အရောက်မှာ အကျဉ်းသားလဲလှယ်မှု အစီအစဉ်အရ ပြန်လွတ်မြောက်လာပြီးဗြိတိန်နိုင်ငံမှာ ခိုလှုံနေသူဖြစ်ပါတယ်။

လစာတိုးပေးလို့ ကနေဒါဆရာဝန်တွေ ဆန္ဒပြ

ကနေဒါနိုင်ငံ ကူဘက်ပြည်နယ်မှာ ဆရာဝန်တွေကို လုပ်ခလစာ တိုးမြှင့်ပေးမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ဆရာဝန်တွေ၊ ဒေသခံတွေနဲ့ ဆေးကျောင်းသားတွေ ဆန္ဒပြခဲ့ကြပါတယ်။ လူနာတွေအတွက် လိုအပ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ မလုပ်နိုင်သလို သူနာပြုတွေအတွက် ခက်ခဲကြမ်းတမ်းတဲ့ လုပ်ငန်းခွင် အခြေအနေ ကြုံနေရချိန်မှာ သူတို့ကို လစာတိုးပေးတာ စော်ကားသလိုပဲလို့ ကူဘက်ပြည်နယ်က ဆရာဝန်အဖွဲ့က အိတ်ဖွင့်ပေးစာ ပေးခဲ့ပါတယ်။

ပျမ်းမျှအားဖြင့် တစ်နှစ်လုပ်ခ ကနေဒါဒေါ်လာ ၄၀၀,၀၀၀ ရရှိနေတဲ့ ကူဘက်ပြည်နယ်က ဆရာဝန်တွေဟာ အစိုးရက ပံ့ပိုးတဲ့ ကျန်းမာရေးစီမံကိန်းအရ နှစ်စဉ်နှစ်တိုင်း လုပ်ခလစာ ၁.၄ ရာခိုင်နှုန်း တိုးမြှင့်ရရှိမှာဖြစ်ပါတယ်။ ဒါပေမဲ့ Médecins Québécois pour la Régime Public ဆရာဝန်အဖွဲ့က သူတို့တွေ လုပ်ခလစာ တိုးမလိုချင်ဘူး၊ ကူဘတ်ပြည်နယ်ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ကောင်းဖို့နဲ့ သူနာပြုတွေ ထပ်ခန့်ပေးဖို့ပဲ လိုလားတယ်လို့ အိတ်ဖွင့်ပေးစာမှာ ရေးသားဖော်ပြထားပါတယ်။

အခုဆန္ဒပြပွဲမှာ ဆရာဝန် ၅၀၀ ကျော်၊ ဒေသခံတွေနဲ့ ဆေးကျောင်းသား၊ ကျောင်းသူ ၁၅၀ ကျော် ပါဝင်ခဲ့ပါတယ်။ လစာတိုးပေးမယ့် အစီအစဉ်ကို ဆုံးဖြတ်ပြီးသားဖြစ်လို့ ပြန်လည်ညှိနှိုင်းဆွေးနွေးတာမျိုး လုပ်မှာမဟုတ်ဘူးလို့ ကူဘက်ပြည်နယ် ကျန်းမာရေးဝန်ကြီး ဘာရက်တီက ပြောပါတယ်။

သခင်ဆေးကုသမှုခံယူတဲ့ ဆေးရုံရှေ့မှာ ၄ လကြာ စောင့်မျှော်နေတဲ့ခွေး

ဘရာဇီးနိုင်ငံက Santa Casa de Novo Horizonte ဆေးရုံရှေ့မှာ ခွေးတစ်ကောင်က သခင်ကို လေးလကြာ စောင့်မျှော်ခဲ့တယ်လို့ ဒေသခံမီဒီယာတွေ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ အသက် ၅၉ နှစ်အရွယ်ရှိတဲ့ အိမ်ရာမဲ့ အမျိုးသားတစ်ဦး လမ်းပေါ်ရန်ပွဲမှာ ဓားထိုးခံခဲ့ရပါတယ်။ လူနာတင်ကားနဲ့ သူ့ကို ဆေးရုံခေါ်လာချိန်မှာ သူ မွေးထားတဲ့ခွေးက လူနာတင်ကား နောက်ကနေ ထပ်ချပ်မကွာ လိုက်ခဲ့ပါတယ်။ သခင်ဖြစ်သူက ဓားဒဏ်ရာတွေနဲ့ ကွယ်လွန်သွားခဲ့ပေမယ့် ခွေးငယ်ကတော့ နောက်ထပ် နှစ်လကြာတဲ့အထိ ဆေးရုံရှေ့မှာ သခင်ကို စောင့်မျှော်ခဲ့ပါတယ်။

ဆေးရုံဝန်ထမ်းတွေက ခွေးကို အစာကျွေး၊ ရေတိုက် စောင့်ရှောက်ခဲ့ပြီး ဆေးရုံကနေ ၃ ကီလိုမီတာဝေးတဲ့ တိရစ္ဆာန် စောင့်ရှောက်ရေးဂေဟာကို ပို့ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီခွေးဟာ ဂေဟာကနေ ထွက်ပြေးလာပြီး ဆေးရုံရှေ့ ပြန်ရောက်လာခဲ့လို့ ဆေးရုံဝန်ထမ်းတွေ အံ့အားသင့်ခဲ့ကြပါတယ်။

ရုရှားနိုင်ငံမှာ လက် ၅၄ ဖက် (၂၇ စုံ)ပါတဲ့ အိတ်တစ်လုံး တွေ့ရှိ

ရုရှားနိုင်ငံ အရှေ့စူးစူးက ဒေသခံတွေဟာ လက် ၂၇ စုံ ပါတဲ့ အိတ်တစ်လုံး တွေ့ရှိခဲ့လို့ အံ့ဩတကြီးနဲ့ နားမလည်နိုင်အောင် ဖြစ်ခဲ့ကြပါတယ်။ တရုတ်နိုင်ငံ နယ်စပ်နားမှာရှိတဲ့ ဆိုက်ဘေးရီးယားပြည်နယ်ခါဘာရော့စ်မြို့အနီးမှာ လက်တွေပါတဲ့အိတ် တွေ့ရှိခဲ့တာပါ။ဒေသခံတစ်ဦးက မြစ်ကမ်းဘေးမှာ လက်တစ်ဖက် တွေ့ရှိရာက အစပြုပြီး အရာရှိတွေက လက်တွေပါတဲ့အိတ်ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီနေရာဟာ ငါးမျှားလို့ကောင်းတယ်ဆိုပြီးနာမည်ကြီးတဲ့ နေရာတစ်ခုပါ။ အဲဒီလက်ပြတ်တွေဟာ ဘယ်သူ့လက်တွေလဲ၊ ဘယ်သူက ခုတ်ဖြတ်ခဲ့တာလဲ၊ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေအတွက်တော့ အဖြေမရှိသေးပါဘူး။ ပစ္စည်းခိုးတဲ့သူတွေကို အပြစ်ပေးတဲ့အနေနဲ့ အခုလိုလက်တွေကို ခုတ်ဖြတ်ခဲ့တာဆိုတဲ့ အယူအဆတစ်ရပ်တော့ ရှိနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top