အင်္ဂလန်အသင်းကို လူမျိုးရေးခွဲခြားတဲ့ ဖြစ်ရပ်ကြောင့် ဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ရာထူးက နုတ်ထွက်

yyl-16-005.jpg

အင်္ဂလန်ကို (၆)ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အင်္ဂလန်အသင်းရဲ့ လူမည်းကစားသမားတွေ လူမျိုးရေးခွဲခြားတဲ့ဖြစ်ရပ်ကြောင့် ဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ မီဟာလော့ဗ်က ရာထူးက နုတ်ထွက် သွားခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ ဘူလ်ဂေးရီးယားအသင်း ပရိသတ်တွေက နာဇီပုံစံ အလေးပြုတာ၊ မျောက်သံပေးပြီး လူမျိုးရေးခွဲခြားတာတွေ လုပ်ခဲ့တဲ့အတွက် ကွင်းလယ်ဒိုင်က ပွဲကို (၂)ကြိမ်တိုင်တိုင် ရပ်နားခဲ့ရပါတယ်။

ဒီဖြစ်ရပ်ကြောင့် ဘူလ်ဂေးရီးယားဝန်ကြီးချုပ်က ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဘူလ်ဂေးရီးယား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌက ရာထူးကနေ မနုတ်ထွက်မချင်း ရန်ပုံငွေချထားပေးဖို့ ငြင်းဆန်သွားမှာဖြစ်ပြီး အစိုးရအဖွဲ့နဲ့ ဘောလုံးအဖွဲ့ချုပ်ကြား ဆက်ဆံမှုလုပ်မှာမဟုတ်ဘူးလို့ ဘူလ်ဂေးရီးယားဝန်ကြီးချုပ် ဘိုရီဆော့ဗ်က ဆိုခဲ့ပါတယ်။ ဘိုရီဆော့ဗ်ရဲ့ ကြေညာချက်ကို အင်္ဂလန်အသင်း တောင်ပံကစားသမား စတာလင်က ကြိုဆိုခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မီဟာလော့ဗ်က ရာထူးကနေ နုတ်ထွက်သွားခဲ့တာပါ။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကလည်း လူမျိုးရေးခွဲခြားမှုတွေကို စက်ဆုပ်ရွံရှာ စရာကောင်းတယ်လို့ ရှုတ်ချခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို အမြန်ဆုံး စုံစမ်းစစ်ဆေးမှုလုပ်ပြီး ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်ပေးဖို့ ယူအီးအက်ဖ်အေထံ တောင်းဆိုခဲ့ပါတယ်။ အင်္ဂလန်ကစားသမားတွေက ဆတ်ဆတ်ထိမခံ၊ ရန်လိုသူတွေဖြစ်လို့ လူမျိုးရေးခွဲခြားခံရနိုင်တယ်လို့ ပွဲမစခင်ကတည်းက ဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မီဟာလော့ဗ်နဲ့ ဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ် အရာရှိတွေက ဆိုခဲ့ပါတယ်။ ဘူလ်ဂေးရီးယားနည်းပြ ဘာလာကော့ဗ်ကတော့ ပွဲချိန်အတွင်းမှာ လူမျိုးရေးခွဲခြားတဲ့အသံတွေ မကြားခဲ့ရဘူး၊ ဘူလ်ဂေးရီးယားနိုင်ငံတော် သီချင်းသီဆိုမှုကို ကြားဖြတ်သီဆိုတဲ့ အင်္ဂလန်အသင်း ပရိသတ်တွေရဲ့ လုပ်ရပ်က လက်မခံနိုင်စရာပဲလို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top