ထူထဲတဲ့ဆံသားတွေကိုပိုင်ဆိုင်စေမယ့် နည်းလမ်း (၇) မျိုး

hair_1-1500x1000-e1557924083798.jpg

လူတွေအနေနဲ့ တစ်နေ့နေ့မှာ မလွဲမရှောင်သာ ဆံပင်တွေ ကျွတ်လာလိမ့်မယ်ဆိုတာ ဝမ်းနည်းဖို့ကောင်းတဲ့ အမှန်တရားတစ်ခုပါ။

ဒါကြောင့် အဲ့ဒီလို ဖြစ်လာတဲ့ ပျက်စီးမှုတွေကို ကာကွယ်ဖို့အတွက် သင့်အနေနဲ့ ပထမဆုံး ဆံပင်ကျွတ်တဲ့ လက္ခဏာ ပြလာတာနဲ့ အခုဖော်ပြမယ့် ဆံပင်ထူစေမယ့် နည်းဗျူဟာ (၇) ခုကို အသုံးပြုရမှာ ဖြစ်ပါတယ်။

၁။ ဆံပင်ထူစေတဲ့ ခေါင်းလျှော်ရည်ကို သုံးပါ

Ketoconazole ဟာ ဆံပင်ပိုထူလာစေတဲ့အတွက် Ketoconazole ပါဝင်တဲ့ ခေါင်းလျှော်ရည်ကို သုံးသင့်ပါတယ်။ Nizoral A-D ဟာ Ketoconazole အများကြီးပါတဲ့ ခေါင်းလျှော်ရည် ဖြစ်တဲ့အတွက် သင့်ဆံပင်ကို အကောင်းဆုံး အနေအထားမှာ ထိန်းသိမ်းထားပေးပါလိမ့်မယ်။

အကောင်းဆုံးရလဒ်ရရှိဖို့အတွက် သင့်ဆံပင်ကို တစ်ပတ်မှာ သင့်တော်တဲ့ပမာဏနဲ့ မကြာခဏ လျှော်ပါ။ အဲ့ဒီခေါင်းလျှော်ရည် အလွန်အကျွံသုံးစွဲခြင်းက သင့်ဆံပင်ကို ခြောက်သွေ့နိုင်တဲ့အတွက် ကျန်အချိန်တွေမှာ တခြားသာမန် ခေါင်းလျှော်ရည်တွေကို သုံးပေးဖို့ လိုအပ်ပါတယ်။

၂။ ခေါင်းသေချာဖြီးပါ

ဘီးတစ်ချောင်းနဲ့ သင့်ဦးရေပြားကို ဖြီးပေးခြင်းက သင့်ဆံပင်ကို ပိပြားပြီး တောက်ပြောင်စေမှာ ဖြစ်ပါတယ်။

၃။ ဆေးလိပ်ဖြတ်ပါ

ဒီနေရာမှာ ဆေးလိပ်အကြောင်း ပြောရတာ သိပ်မကောင်းပေမယ့် ဆေးလိပ်သောက်ခြင်းဟာ ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်းပမာဏကို သွေးကြောတွေထဲမှာ တက်လာစေပါတယ်။

ဆေးလိပ်သောက်ခြင်းဟာ သင့်ဦးရေပြားမှာ ရှိတဲ့ သွေးကြောတွေကိုလည်း ကျဉ်းစေပြီး ဆံသားတွေဟာ အာဟာရ ပြည့်အောင် မရတော့ဘဲ ဆံပင်တွေ ကျွတ်လာပါလိမ့်မယ်။ ဒါ့အပြင် ဆေးလိပ်သောက်တာဟာ သင့်ခန္ဓာကိုယ်ရဲ့ ဘယ်အပိုင်းကိုမှလည်း ကောင်းကျိုး မပေးပါဘူး။

၄။ သင့်ဆံပင်ကို သဘာဝအတိုင်း အခြောက်ခံပါ

ဆံပင်တွေဟာ စိုနေတဲ့အချိန်မှာ အားအနည်းဆုံးပါပဲ။ သင့်ဆံပင်ကို ကြမ်းကြမ်းတမ်းတမ်း သဘက်ဖြင့် သုတ်ခြင်း၊ ဘီးဖြင့် အလွန်အကျွံ ဖြီးခြင်းတွေဟာ ဆံပင်တွေကို ပြတ်ထွက်သွား စေနိုင်ပါတယ်။

အဲ့ဒီလို ပြဿနာ အသေးစားလေးတွေကပဲ ကြည့်ရဆိုးတဲ့အထိ ဖြစ်တတ်ပါတယ်။ သင့်ဆံပင်ကို သဘာဝအတိုင်း ခြောက်သွေ့စေဖို့ ထားပြီး ပုံသွင်းတဲ့အခါ ပိုကောင်းတဲ့ ပုံစံဖြစ်အောင် (သဘက်ဖြင့်) ပုတ်၍ ပုတ်၍ အခြောက်ခံပါ။

၅။ အခြောက်ခံစက်မှ လေဖြင့် မှုတ်ပါ

အခြောက်ခံစက်ဖြင့် မှုတ်ခြင်းမှာ သင့်ဆံပင် ထူထဲလာအောင် ဖန်တီးဖို့အတွက် အံ့သြလောက်အောင် အလုပ်ဖြစ်ပါတယ်။ အပူမလွန်အောင် သတိထားဖို့တော့ လိုပါမယ်။ ဆံပင်ရဲ့ သဘာဝပရိုတင်းဓါတ်တွေ ပျက်ဆီးနိုင်တဲ့အတွက်ပါ။

၆။ နေပူထဲထွက်လျှင် ဦးထုပ်ဆောင်းပါ

သင့်ဆံပင်ကို နေရောင်ခြည်နဲ့ ကြာရှည်ထိတွေ့စေမယ်ဆိုရင် ပျက်စီးနိုင်ပါတယ်။ ဆံပင်နေလောင်ခြင်းက စူပါအောက်ဆိုက်ဒ်လို့ ခေါ်တဲ့ ဆံပင်ကျွတ်စေတဲ့ ဒြပ်ပေါင်းတစ်မျိုး ထုတ်ပြီး ဦးရေပြားကို ထိခိုက်စေတဲ့အတွက် ဆံသားတွေ ကြွတ်ဆတ်ပြီး ပျက်စီးလွယ်စေပါတယ်။

၇။ ဆံပင်ကောင်းကောင်း ညှပ်ပါ

အချို့သောသူများက ထိပ်ပြောင်တာကို ဖုံးဖိဖို့အတွက် ဆံပင်ကို အရှည်ထားပြီး အုပ်ဖုံးတာတွေ လုပ်ပါတယ်။ တကယ်တော့ ဆံပင်တိုတိုက အမြဲတမ်း လူကို ပိုတောက်ပြောင်လှပစေပါတယ်။ အဲဒီလိုတွေ ဖုံးဖိနေမယ့်အစား သင့်မှာ ဘယ်လိုဆံပင်ပဲရှိရှိ အဲ့ဒါနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံအတိုင်း နေလိုက်ပါ။

ရေးသားသူ – Dr. Phio Thia
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Kaung Thar

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top