သင့်မနက်ခင်းကို ချင်းပြုတ်ရည်လေးနဲ့ စတင်လိုက်ပါ

gin1.jpg

တစ်နေ့တာ စားတဲ့ ထမင်းအနပ်တွေထဲမှာ အရေးအကြီးဆုံးက မနက်စာပါ။ မနက်စာကို ပြည့်ဝနေအောင်စားမှ တစ်နေ့တာလုံးအတွက် အာဟာရပြည့်နေမှာ ဖြစ်ပါတယ်။ မနက်စာအတွက် ရွေးချယ်စရာ အစားအသောက်တွေကတော့ အများကြီးပါ။ ကျန်းမာရေးနဲ့ ညီညွတ်တာစားမလား ၊ ကိုယ်ကြိုက်တာစားမလားဆိုတာ ကိုယ့်ရဲ့ ရွေးချယ်မှုပေါ်မှာ ပဲ မူတည်ပါတယ်။ မနက်စာအတွက် ရွေးချယ်စရာတွေ များလွန်းလို့ ကျန်းမာရေးနဲ့ ညီညွတ်တာကို ဘယ်လို ရွေးချယ်ရမလဲလို့ ခေါင်းစားနေကြပြီလား။ ဒီဆောင်းပါးလေးထဲမှာတော့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ အများကြီးရှိတဲ့ ချင်းပြုတ်ရည် လေးနဲ့ သင့်မနက်ခင်းကို စတင်သင့်ကြောင်း ပြောပြပေးမှာဖြစ်ပါတယ်။

ချင်းက ဘာကြောင့် ကောင်းတာလဲ

ဓာတ်တိုးဆန့်ကျင်တဲ့ အာနိသင်တွေ အများကြီးရှိတယ်

ဓာတ်တိုးဆန့်ကျင်တဲ့ ပစ္စည်းတွေ ချင်းမှာ အများကြီးပါတဲ့အတွက်ကြောင့် ချင်းပြုတ်ရည်ဟာ ကိုယ်တွင်းက မကောင်းတဲ့ ဓာတုပစ္စည်းတွေကို ချေဖျက်ပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့်ကင်ဆာကို ကာကွယ်ပေးတဲ့ နေရာမှာ ချင်းက ဆရာတစ်ဆူပါ။

ဗီတာမင် C ကြွယ်ဝတယ်

ချဉ်တဲ့ အသီးအနှံတွေမှာမှ ဗီတာမင် C ကြွယ်ဝတာ မဟုတ်ပါဘူး။ ချင်းပြုတ်ရည်တစ်ခွက်မှာလည်း ခုခံအားကောင်းဖို့အတွက် လိုအပ်တဲ့ ဗီတာမင် C တွေ အများကြီးပါတာကြောင့် ကိုယ်ခံအားကိုကောင်းမွန်စေပြီး ရောဂါပေါင်းစုံကိုတိုက်ထုတ်ပေးမှာပါ။

ကိုယ်ဝန်ဆောင်များဖြစ်တတ်တဲ့ မနက်ခင်းပျို့အန်ခြင်းကိုလည်း ချင်းပြုတ်ရည်က သက်သာစေမှာပါ


ချင်းပြုတ်ရည်တစ်ခွက်ဟာ အစာအိမ်ကို သက်တောင့်သက်သာရှိစေတဲ့အတွက်ကြောင့် ကိုယ်ဝန် အစောပိုင်း ကာလဖြစ်တဲ့ မနက်ပိုင်း ပျို့အန်ချင်တာကို သက်သာစေပါတယ်။

အစာခြေစနစ်ကို အားပေးတယ်

ပူစပ်တဲ့ အရသာရှိတဲ့ ချင်းပြုတ်ရည်ဟာ သင့်အစာခြေစနစ်ကို ကောင်းမွန်စေဦးမှာပါ။ stomach emptying time ကို မြန်စေပြီး အစာခြေဖျက်ခြင်းကို အားပေးတာကြောင့် အစာမကြေတဲ့သူတွေအတွက်ဆို ချင်းပြုတ်ရည်က အားထားရာတစ်ခုပါ။

ရောင်ရမ်းတာကို လျော့ကျစေတဲ့ အာနိသင်ရှိတယ်

ချင်းပြုတ်ရည်တစ်ခွက်မှာ ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းကို သက်သာစေတဲ့ gingerols လို့ခေါ်တဲ့ ပစ္စည်းတစ်မျိုးပါပါတယ်။ ဒါကြောင့် မနက်ပိုင်း လေ့ကျင့်ခန်းလုပ်ပြီးချိန်တိုင်း ကိုယ်လက်ကိုက်ခဲတာကို သက်သာစေဖို့အတွက် ချင်းပြုတ်ရည်တစ်ခွက်ကသာ အသင့်တော်ဆုံးပါ။

မကောင်းတဲ့ ကိုလက်စရောကို လျော့ကျစေတယ်

နှလုံးရောဂါ ဖြစ်အောင် တွန်းအားပေးတဲ့ LDL ကိုလက်စရောကို ချင်းပြုတ်ရည်တစ်ခွက်က ကောင်းကောင်းကြီး အနိုင်ယူနိုင်ပါတယ်။

ဓမ္မတာ လာချိန် ကိုက်ခဲတာတွေကိုလည်း သက်သာစေတယ်

အစာအိမ်ထိမှာဆိုးလို့ ဓမ္မတာလာချိန် ကိုက်ခဲမှုတွေအတွက် အကိုက်အခဲပျောက်ဆေးမသုံးချင်ဘူးဆို ချင်းပြုတ်ရည်ကို အစားထိုးလို့ရပါတယ်။ ရှေးရှေးထဲက ဓမ္မတာလာချိန် ဂျင်းနဲ့ ထန်းလျက် ရောကြိုပြီး သောက်တဲ့ အလေ့အထလည်း ရှိခဲ့တယ် မဟုတ်လား။ ။

ဒီလောက်ကောင်းလှတဲ့ ချင်းပြုတ်ရည်တစ်ခွက်ကို ဘယ်လို ပြင်ဆင်ပြီးသောက်ရမလဲ

ချင်းပြုတ်ရည် တစ်ခွက်လုပ်ရတာ အင်မတန်မှ ရိုးရှင်းလွယ်ကူလှပါတယ်။

  • ချင်း တစ်တက်ကို အခွံတွေခွာ၊ ဓားလေးနဲ့လှီး ပွက်ပွက်ဆူအောင်တည်ထားတဲ့ ရေနွေးထဲ ထည့်ပြုတ်လိုက်ရုံပါပဲ ။
  • အဲဒီလိုပြုတ်ရတာ စိတ်မရှည်တဲ့ သူတွေ အတွက်ကတော့ ( Ginger tea) ချင်းလက်ဖက်ရည် အထုတ်တွေကို ဆိုင်တွေမှာ အလွယ်တကူဝယ်ပြီး အိမ်မှာ ဖျော်သောက်လိုက်ရုံပါပဲ ။ 
  • ချင်းပြုတ်ရည် သီးသီးချည်း မသောက်ချင်ဘူးဆိုရင် သံပုရာသီး၊ ပူစီနံရွက်၊ ပျားရည် ကိုယ်ကြိက်တာထည့်ပြီး သောက်လို့ရတယ်နော်။  

ကျန်းမာရေးအတွက်လည်းကောင်း၊ လုပ်ရတာလည်းလွယ်၊ ဈေးလည်းသက်သာ၊ ဘာဆိုးကျိုးမှလည်း ချင်းပြုတ်ရည်တစ်ခွက်နဲ့ သင့်မနက်ခင်းကို ခုပဲ စတင်လိုက်ရအောင်။ ။

ရေးသားသူ – Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top