(၁) ကျွန်တော်တို့ ပရဟိတကျောင်းက ကလေးတွေကို အပြင်ကနေ စာလာသင်ပေးတဲ့ ဆရာတစ်ယောက် ဖိတ်စာလေးတစ်စောင်နဲ့ ကျွန်တော့်ဆီ ရောက်လာပါတယ်။ သူ့အဆောင်မှာ ခရစ်ယာန် ဆရာမလေး တစ်ဦး ရှိပြီး ဆရာမလေးရဲ့ မွေးနေ့ပွဲ ပြုလုပ်မှာ ဖြစ်တဲ့အကြောင်း၊ ညနေပိုင်း ချက်ပြုတ် ကြော် လှော်ဖို့ ဒန်အိုးကြီးကြီးတစ်လုံးလောက် ခဏငှားလိုတဲ့ အကြောင်း အသိပေးရင်းနဲ့ မွေးနေ့ပွဲဖိတ်စာကို ပေးသွားတာပါ။ ပုံမှန်အားဖြင့်တော့ မင်္ဂလာပွဲ၊ မွေးနေ့ပွဲ …စတဲ့ အခမ်းအနား ဖိတ်စာတစ်ခုခု ရောက်လာပြီ ဆိုရင် သူ့ဘက်က လာစေချင်လို့ ဖိတ်တယ်၊ ကိုယ့်ဘက်က အဆင်ပြေရင် သွားရောက် ချီးမြှင့်ဖို့ဆိုတာ အားလုံးနားလည်ကြပါတယ်။ ဒါပေမဲ့ ခု ကျွန်တော့်ဆီ ရောက်လာတဲ့ ဖိတ်စာလေးတစ်စောင်နဲ့ပတ်သက်ပြီး တွေးမိတာက ‘ကိုယ့်ဆီကို ဖိတ်စာရောက်လာတိုင်းရော အဲဒီ မွေးနေ့ပွဲကို တကယ်သွားသင့်လား’ဆိုတဲ့ မေးခွန်းဖြစ်နေပါတယ်။ အဲဒီလို တွေးဖို့အတွက်လည်း အကြောင်းရှိနေပါတယ်။
မွေးနေ့ပွဲဖိတ်စာကို လာဖိတ်သူက ကျွန်တော်တို့ဆီကို စာလာသင်တဲ့ ဆရာ၊ မွေးနေ့ရှင်ကတော့ သူ့အဆောင်က ခရစ်ယာန် ဆရာမလေးတစ်ဦးတဲ့။ ဖိတ်စာ ပေးသွားသူနဲ့ အထိုက်အလျောက် ရင်းနှီးဆက်စပ်မှုရှိပေမယ့် မွေးနေ့ရှင် ဆရာမလေး ဆိုတာကိုတော့ တစ်ခါမှ မမြင်ဖူး၊ မတွေ့ဖူးသလို ကိုယ်နဲ့လည်း ပတ်သက်ရင်းနှီးမှု မရှိပါဘူး။
တကယ်လို့ ကျွန်တော်နဲ့သိတဲ့ အဆောင်ပိုင်ရှင် ဆရာ့အနေနဲ့မဟုတ်ဘဲ မွေးနေ့ရှင် ကိုယ်တိုင်ဆိုရင် သူနဲ့ မဆက်စပ်၊ မရင်းနှီးဖူးသူကို မွေးနေ့ပွဲ လာဖို့ လိုလိုလားလား ဖိတ်ချင်ပါ့မလား။ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှုဆိုတာထက် သူ့လုပ်ဖော်ကိုင်ဘက် ဆရာမလေး မွေးနေ့ပွဲအတွက် ချက်ပြုတ်ဖို့ ပရဟိတ ကျောင်းဆီ ဒန်အိုးလာငှားရင်း လူ့ယဉ်ကျေးမှု၊ လူမှုဝတ္တရားအရ ကြားခံအနေနဲ့ ဖိတ်စာလေး ပေးသွားတယ်လို့ပဲ တွေးမိတာပါ။
အဲဒါကိုမှ သူ့ဘက်ကိုယ့်ဘက် ထည့်မတွက်ဘဲ ကိုယ်နဲ့သိတဲ့ ဆရာက လာဖိတ်သွားတာပဲ၊ မွေးနေ့ရှင်ဆရာမလေးနဲ့ မသိလည်း ကိစ္စမရှိပါဘူးဆိုပြီး မျက်နှာပြောင်တိုက်ပြီး သွားရောက် စားသောက်လိုက်မယ်ဆိုရင် အဆင်ပြေပါ့မလား။ ကျွန်တော် အဓိကပြောချင်တာက လူမှုဆက်ဆံရေး၊ အပြန်အလှန် လေးစားမှုနဲ့ သိတတ်နားလည်မှုအကြောင်းပါ။
(၂) အဖွဲ့အစည်း၊ ပတ်ဝန်းကျင်နဲ့ နေထိုင်ရှင်သန်နေကြတဲ့ ကျွန်တော်တို့တွေရဲ့ လူမှုဗေဒအဆောက်အအုံမှာ တစ်ဦးနဲ့တစ်ဦး ကူးလူးဆက်ဆံမှု၊ ပေါင်းသင်း ဆက်နွယ်မှုတွေ မလွဲမသွေ ရှိနေကြရမှာပါ။ အလုပ်သဘောအရပဲဖြစ်ဖြစ်၊ ခင်မင်ရင်းနှီးမှုအရပဲဖြစ်ဖြစ် တစ်ဦးနဲ့တစ်ဦး ဆက်စပ်ပတ်သက်မှု တွေ ရှိလာတဲ့ အခါ သူ့ဘက်၊ ကိုယ့်ဘက် စောင့်စည်းရမယ့် ကျင့်ဝတ်၊ စည်းကမ်းတွေ ရှိကြပါတယ်။ သက်ဆိုင်ရာနိုင်ငံ၊ လူမျိုး၊ လူ့အဖွဲ့အစည်းအလိုက် လောက ဥပဒေ အရ ရှောင်ကြဉ်ရ၊ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ရေးဆွဲပြဋ္ဌာန်းထားတဲ့ဥပဒေ(Written Law)တွေ ရှိသလို မဖြစ်မနေ လိုက်နာရမယ်ဆိုပြီး သတ်မှတ်ပြဋ္ဌာန်းချက်နဲ့ ရေးဆွဲမထားတဲ့ ကျင့်ဝတ်စည်းကမ်းတွေလည်း ရှိပါတယ်။ ဒါကိုတော့ ရေးဆွဲမထားတဲ့ဥပဒေ (Unwritten Law) လို့ သုံးနှုန်း ကြပါတယ်။ Unwritten Law ဆိုတာ ဒါလုပ်ရင် ဒီပြစ်မှုမြောက်တယ်၊ ဒီအမှု ကျူးလွန်ရင် ဒီလို အရေးယူခံရမယ်ဆိုတာမျိုး တရားဝင် ရေးဆွဲထားတာ မျိုးတော့ မဟုတ်ဘူးပေါ့။ လူတွေရဲ့ ဓလေ့ထုံးစံ (Custom) နဲ့ ရိုးရာအစဉ်အလာ(Tradition)အရ ဖြစ်ပေါ်လာတဲ့ သတ်မှတ်ချက်၊ စောင့်စည်းလိုက်နာမှု လေးတွေပဲ ဖြစ်ပါတယ်။
လောကဥပဒေအရ ရေးဆွဲထားခြင်းမရှိတဲ့ Unwritten Law ကို မလိုက်နာရင် အပြစ်ပေးတာ၊ ဒဏ်ခတ်တာ မခံရပေမယ့် လူ့ဓလေ့ထုံးစံအရ လိုက်နာသင့်၊ ရှောင်ကြဉ်သင့်တာလေးတွေကို မလိုက်နာ၊ မစောင့်စည်းဘူးဆိုရင်တော့ အဲဒီပုဂ္ဂိုလ်ကို ယဉ်ကျေးမှုမရှိသူလို့ပဲ ဆိုရမှာပါ။ အထက်ကစကား ပြန်ကောက်ပြီး ပြောရရင် ကျွန်တော်နဲ့ မသိတဲ့ ခရစ်ယာန်ဆရာမလေးရဲ့ မွေးနေ့ပွဲကို ကိုယ့်ကျောင်းက ကျောင်းသူ/သားတွေကိုပါ ခေါ်ပြီးသွားရင်လည်း မောင်းထုတ်ခံရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ဘက်ကို ထည့်တွက်စဉ်းစားပေးခြင်းမရှိတဲ့ ကိုယ့်လုပ်ရပ်ကြောင့် စိတ်ကသိကအောက် ဖြစ်ရမယ်ဆိုတာတော့ သေချာပါတယ်။
(၃) လူ့အဖွဲ့အစည်းမှာ ရေးဆွဲမထားတဲ့ဥပဒေတွေဟာ သက်ဆိုင်ရာ နိုင်ငံ၊ လူမျိုးတွေရဲ့ ဓလေ့ထုံးစံနဲ့ ရိုးရာအစဉ်အလာအရ ဖြစ်ပေါ်လာတဲ့ သတ်မှတ်ချက် ဖြစ်တယ်ဆိုတာ ပြောထားခဲ့ပြီးသားပါ။ ဒီနေရာမှာ ကျွန်တော်တို့အနေနဲ့ အလေးအနက် ဆင်ခြင်သင့်တာက အစဉ်အဆက် ထိန်းသိမ်း စောင့်စည်းလာခဲ့တဲ့ ဓလေ့ ကျင့်ဝတ်တွေနဲ့အတူ ယဉ်ကျေးမှုအစဉ်အလာ ကြီးမားလှတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ Unwritten Law အနေနဲ့ စောင့်စည်း လိုက်နာစရာ ကျင့်ဝတ် များစွာ ရှိနေတယ်ဆိုတာပါပဲ။
အကြောင်းကိစ္စတစ်ခုကြောင့် လာမယ်လို့ပြောမထားဘဲ အသိတစ်ယောက်အိမ် ရောက်သွားတယ်။ ကိုယ်ရောက်သွားတဲ့အချိန်ကလည်း နေ့လည်စာ ထမင်းစားချိန်ဖြစ်လို့ အိမ်ရှင်မိသားစု ထမင်းစားနေတာနဲ့ တိုးတယ်။ အိမ်ရှင်ဘက်ကတော့ ယဉ်ကျေးမှုအရ ‘ထမင်းဝင်စားပါဦး’လို့ ခေါ်မှာပါပဲ။ အဲဒီအချိန် မှာ ကိုယ့်ဘက်က ထည့်တွက်စဉ်းစားရမှာက ‘ငါလည်း လာမယ်လို့ပြောမထားဘူး။ သူတို့မှာ ဧည့်သည်အတွက်ဆိုပြီး ချက်ထားမှာမဟုတ်ဘူး။ တကယ်လို့ ငါ ဝင်ပြီးစားလိုက်ရင် ထမင်းမလောက်၊ ဟင်းမလောက်နဲ့ မျက်နှာပူစရာတွေ ဖြစ်ကုန်မယ်’ဆိုပြီး သိတတ်နားလည်မှုနဲ့ ငြင်းလိုက်ဖို့ပါ။ အိမ်ရှင်ဘက်က ယဉ်ကျေး မှုအရ ဖိတ်ခေါ်တယ်ဆိုရင် ဧည့်သည်ဘက်ကလည်း သိတတ်နားလည်မှုနဲ့တုံ့ပြန်ပြီး ကိုယ့်ရဲ့စိတ်ယဉ်ကျေးမှုကို ပြဖို့ပါ။
အဲဒီလိုပါပဲ။ လူမှုဘဝမှာ ကိုယ့်ကို လာပါ၊ ထိုင်ပါလို့ နေရာပေးတိုင်း ချော်လှဲ ရောထိုင် အခွင့်အရေး မယူမိဖို့၊ ကိုယ့်ကိုယ် အကူအညီ လိုရင်ပြောပါလို့ လမ်းဖွင့်ထားတိုင်း အခွင့်ကောင်း မယူဖို့၊ တစ်ဘက်လူက အားနာမှုနဲ့ လိုက်လျောတိုင်း လက်တစ်ဆုံး မနှိုက်မိဖို့ဆိုတာတွေလည်း အလေးထား စဉ်းစား ဆင် ခြင် သင့်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဆက်စပ်ပတ်သက်ကြတဲ့အခါ ကိုယ့်ဘက်ချည်း တစ်ဘက်သတ် မတွေးဘဲ တစ်ဘက်လူရဲ့ အခက်အခဲကို ထည့်တွက်စဉ်းစားပြီး အပြန်အလှန်နားလည်မှုနဲ့ ရှေ့ဆက်နိုင်မှပဲ ရေရှည်အဆင်ပြေမယ့် ပေါင်းသင်းဆက်ဆံရေး တစ်ခုကို တည်ဆောက် နိုင်မှာဖြစ် ပါ တယ်။
(၄) တကယ်လို့ စာရှုသူဟာ စိတ်အချဉ်ပေါက်နေသူတစ်ယောက်ဆိုရင်တော့ ကိုယ့်အိမ်မှာ ထမင်းဟင်း အပိုချက်ထားတာ မရှိဘဲ ရောက်လာတဲ့ဧည့်သည်ကို ထမင်း တစ်ခါတည်း ဝင်စားဖို့ ပြောလိုက်တာကို အပိုအလုပ်တစ်ခုအဖြစ် မြင်နိုင်ပါတယ်။ ‘တကယ်မဟုတ်ဘဲနဲ့ ဘာဖြစ်လို့ လောကွတ်ချော်နေရတာလဲ’ ဆိုပြီး စောဒက တက်စရာရှိပါတယ်။
လက်တွေ့ဘဝမှာလည်း တစ်ဘက်လူက ‘ကျေးဇူးတင်ပါတယ်’လို့ ပြောတဲ့အချိန်မှာ ‘ကျေးဇူးက ချက်စားလို့၊ ကြော်စားလို့ ရလား’လို့ အငေါ်တူးတတ်သူ တချို့ တွေ့ဖူးပါတယ်။ ထမင်းစားချိန်ဖြစ်လို့ ယဉ်ကျေးမှုအရ ‘ထမင်းစားပြီးပြီလား’ မေးလာသူကို ‘မစားရသေးတော့ မင်းက ဝယ်ကျွေးမှာလား’ဆိုပြီး ပြန်ပက်သံမျိုးလည်း ကြားဖူးပါတယ်။ သူတို့အတွက်တော့ ‘ကျေးဇူးတင်ပါတယ်’၊ ‘နေကောင်းတယ်နော်’ ..အစရှိတဲ့ စကားတွေဟာ အပေါ်ယံ ဟန်ဆောင်မှု တွေ၊ အရေးမပါတဲ့ လောကွတ်ချော်မှုတွေလို့ မြင်နေမှာပေါ့။
တကယ်တမ်း လောကွတ်ချော်တာနဲ့ လောကွတ်စကားပြုတာ မတူပါဘူး။ ‘လောကွတ်ချော်’တယ်ဆိုတာ ‘လိုအပ်တာထက် ပိုပြီး လောကဝတ်ပြုခြင်း၊ လောကဝတ် မပြုသင့်တာကို ပြုခြင်း’ကို ဆိုလိုတာပါ။ လိုတာထက် ပိုနေတဲ့အတွက် အပိုလုပ်တဲ့သဘောဘက် ပါသွားပါတယ်။ ‘လောကွတ်စကား’ကိုတော့ ‘လောကဝတ္တရားအရ ဖော်ရွေ ပျူငှာစွာ ပြောလေ့ရှိသောစကား’လို့ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ တစ်နည်းအားဖြင့် လူလူချင်း ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ လောကဝတ်အရ၊ ယဉ်ကျေးမှုအရ၊ ဓလေ့ထုံးစံအရ ပြောသင့်၊ ပြောထိုက်တာကို ဆိုလိုတာပါ။ ကိုယ့်မှာ အခြေအနေအရ လက်တွေ့ကျကျ လုပ်ဆောင် ကူညီနိုင်ဖို့ အင်အားမရှိဘူးဆိုရင်တောင် နှုတ်အားဖြင့် ဖေးမကူညီအားပေးခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။
ကိုယ့်အတွက် ပစ္စည်းလေးတစ်ခု လှမ်းပေးတာ၊ ရေလေးတစ်ခွက် ခပ်ပေးတာကအစ၊ တစ်ယောက်နဲ့တစ်ယောက် ပြုံးပြ နှုတ်ဆက်တာအဆုံး ယဉ်ကျေးတဲ့ အမူအကျင့်အားလုံးကို အပိုလုပ်ပြီး လောကွတ်ချော်တယ်လို့ မမှတ်ယူသင့်ပါဘူး။ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် အသိအမှတ်ပြု၊ လေးစားသောအားဖြင့် လူ့ယဉ်ကျေးမှုအဆင့်အတန်းကို ထုတ်ဖော်ပြသခြင်းလို့ပဲ ခံယူသင့်ပါတယ်။
လောကလူသားတွေအနေနဲ့ ကိုယ်ပြုသင့်ပြုထိုက်တာကို ပြုလုပ်ပြီး ရှောင်ကြဉ်သင့်ရှောင်ကြဉ်သင့်တာတွေကို ရှောင်ကြဉ်ဖို့ အရေးကြီးတာကြောင့်လည်း ကိုယ့်ယဉ်ကျေးမှု၊ ဓလေ့ထုံးစံအလိုက် လိုက်နာစောင့်စည်းသင့်တာလေးတွေကို အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြတာပဲဖြစ်ပါတယ်။
ရှေးရှေးဆရာတော်ကြီးတွေကလည်း ‘လောကဝတ်ကိုလည်း မချွတ်စေနဲ့၊ ဓမ္မဝတ်ကိုလည်း မလွတ်စေနဲ့။ လောကဝတ် ချွတ်ယွင်းနေလျှင် အနေခက်မည်။ ဓမ္မဝတ် ချွတ်ယွင်းလျှင် အသေခက်မည်’လို့ ဆုံးမလမ်းညွှန်ခဲ့တာ ရှိပါတယ်။
ဒီနေရာမှာ ကျွန်တော်တို့အနေနဲ့ နောက်ထပ် ထည့်တွက်စဉ်းစားစရာတစ်ခုက လူမျိုး တစ်မျိုးနဲ့တစ်မျိုး၊ လူ့အဖွဲ့အစည်း တစ်ခုနဲ့တစ်ခု ယဉ်ကျေးမှုချင်း၊ ဓလေ့ထုံးတမ်းချင်း မတူညီတာတွေလည်း ရှိနေတယ်ဆိုတဲ့အချက်ပါ။ တစ်ခါတရံ ကိုယ့်ဓလေ့ ထုံးစံအရ အရေးမကြီးဘဲ ပေါ့ပေါ့းပါးပါးလေး ပြောလိုက်၊ လုပ်လိုက်တဲ့ကိစ္စတစ်ခုဟာ တခြားသူအတွက် အလေးအနက်ထား ရှောင်ကြဉ်ရမယ့် အလေ့အထတစ်ခု ဖြစ်နေတတ်ပါတယ်။ ဒီအတွက် ကိုယ်တစ်ခုခု ပြုလုပ်ပြောဆိုမယ်ကြံတိုင်း ကိုယ့်ရဲ့လုပ်ရပ်ကြောင့် တစ်ဘက်လူ စိတ်အနှောင့်အယှက်ဖြစ်သွားမလား၊ ရိုင်းစိုင်းသလို ဖြစ်သွားမလားဆိုတာ ဆင်ခြင် သင့်တာပါ။
ဒီလို စောင့်စည်းအပ်၊ ဆင်ခြင်အပ်တဲ့ကျင့်ဝတ်တွေဟာ တရားဝင်ရေးဆွဲပြဋ္ဌာန်းထားတာမျိုး မဟုတ်သလို နေရာတကာ ပါးစပ်ကထုတ်ပြော တောင်းဆို နေလို့လည်း ကောင်းတဲ့အရာ မဟုတ်တဲ့အတွက် ကိုယ်ပိုင်အသိ၊ ကိုယ်ပိုင်ဆင်ခြင်တုံတရားနဲ့ လိုက်နာဆောင်ရွက်မှပဲ အဆင်ပြေနိုင်မှာပါ။ ကဗျာဆရာ တာရာမင်းဝေ ပြောခဲ့ဖူးတဲ့စကား ငှားပြောရရင် ရေးထားတဲ့ ဥပဒေထက် ရေးမထားတဲ့ဥပဒေက ပိုပြီး နက်နဲကျယ်ပြန့်တယ်ဆိုတာ အမှန်ပါပဲ။ Unwritten Law လို့ခေါ်တဲ့ ရေးမထားတဲ့ ဥပဒေတွေအကြောင်း စဉ်းစားရင်း ကျွန်တော့်ဆီ ရောက်လာတဲ့ ဖိတ်စာလေးထဲက ဆရာမလေးရဲ့ မွေးနေ့ပွဲကို ကျွန်တော် မသွားဖြစ်တော့ပါဘူး။
မိုးအောင်လင်းနိုင် (ရိုးရာလေး)