ထိုင်ခုံ (၆) တန်းစာနေရာယူပြီး ပထမဆုံးအကြိမ် လေယာဉ်စီးခွင့်ရခဲ့တယ်ဆိုတဲ့ ကမ္ဘာ့အရပ်ရှည်ဆုံးအမျိုးသမီး

7.2.2023-yyl-image-၄.jpg

တူရကီနိုင်ငံက ကမ္ဘာ့အရပ်ရှည်ဆုံးအမျိုးသမီး ရူမေဆာ ဂယ်လ်ဂျီဟာ အရပ်အမြင့် ၇ ပေ ၀.၇ လက်မ ရှိပြီး မနှစ်ကမတိုင်ခင်အထိ လေယာဉ်စီးပြီးတော့ ဘယ်နေရာမှ မသွားခဲ့ရပါဘူး။ ရူမေဆာက အသက် ၄ နှစ်မှာ Weaver Syndrome လို့ခေါ်တဲ့ အရိုးကြီးထွားနှုန်းမြန်စေတဲ့ ရှားပါးမျိုးရိုးဗီဇရောဂါခံစားခဲ့ရတာပါ။ အသက် ၆ နှစ်ရောက်တော့ အရပ် ၅ ပေ ၈ လက်မ ရှိနေပါပြီ။ အခုလိုအခြေအနေက နှလုံးချို့ယွင်းမှုအပါအဝင် ကျန်းမာရေးအခြေအနေများစွာ ဖြစ်ပေါ်စေခဲ့ပါတယ်။ သူ့မှာ ကျောရိုးစောင်းရောဂါလည်းရှိပြီး အချိန်ကြာမြင့်စွာ ထိုင်ဖို့ အလွန်ခက်ခဲတာကြောင့် လေကြောင်းခရီးကို သွားလာဖို့ မဖြစ်နိုင်သလောက်ပါပဲ။

ရွေ့လျားဖို့နဲ့ မတ်တပ်ရပ်ဖို့အတွက် ဝှီးချဲ (သို့) မတ်တပ်ရပ်ထောက်တိုင်တို့ကို မှီခိုနေရတဲ့ ရူမေဆာက နှစ်နာရီ ဒါမှမဟုတ် သုံးနာရီထက် ပိုကြာအောင် မတ်မတ်ထိုင်လို့မရဘူး။ သူက အရပ် ၇ ပေကျော်တဲ့အတွက် သူ့ကျောရိုးမှာ ဖိအားတွေများတယ်။ Silicon Valley ဒေသမှာ Web Developer အဖြစ် အလုပ်လုပ်ဖို့အတွက် အမေရိကန်ကို အမြဲ သွားချင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီခရီးက ၁၄ နာရီ လေယာဉ်စီးရတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ သူ့ဖြစ်ချင်တဲ့ဆန္ဒက တူရကီလေကြောင်းလိုင်းကြောင့် အမှန်တကယ်ဖြစ်လာခဲ့ပါတယ်။ ခရီးစဉ်တစ်လျှောက်လုံး လဲလျောင်းပြီး လိုက်ပါသွားဖို့အတွက် တူရကီလေကြောင်းလိုင်းက ထိုင်ခုံ(၆)တန်းစာကို ဘုတ်ကင်လုပ်ခွင့်ပေးခဲ့ပါတယ်။

လေယာဉ်ပေါ်က လူတိုင်းဟာ အရမ်းကြင်နာကြပြီး အခြားခရီးသည်တွေကလည်း သူ့အဆင်ပြေရဲ့လားလို့ လာကြည့်ပေးကြပါတယ်လို့ သူက ပြောပါတယ်။
သူ့ခရီးစဉ်ပြီးတဲ့နောက်မှာ ရူမေဆာက အစအဆုံးကူညီပေးခဲ့တဲ့အတွက် လေကြောင်းလိုင်းကို ကျေးဇူးတင်ခဲ့ပါတယ်။ ဒါက သူ့အတွက် ပထမဆုံးလေကြောင်းခရီးပါပဲ။ နောက်လည်း တူရကီလေကြောင်းလိုင်းနဲ့ ခရီးတွေသွားမယ်လို့ ရူမေဆာက ဆိုပါတယ်။

Ref: Ladbible “World’s tallest woman says she has to book six seats to fly”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top