ရိုက်ကွင်းမှာ ဒါရိုက်တာ ဆူငေါက်လို့ ငိုခဲ့ဖူးတယ်ဆိုတဲ့ ဂျက်ကီချမ်း

27-6-2022-yyl15.jpg

အနုပညာရှင်တော်တော်များများက သူတို့ရဲ့ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်စေဖို့ Livestream တွေ လုပ်ကြပါတယ်။ အဲဒီလိုလုပ်ကြတဲ့အနုပညာရှင်တွေထဲမှာ ဝါရင့်အက်ရှင်မင်းသားကြီး ဂျက်ကီချမ်းလည်း အပါအဝင်ပါပဲ။

ဇွန်လ ၂၅ ရက်နေ့က မင်းသားကြီး ဂျက်ကီချမ်းဟာ သူ့ရဲ့ပထမဆုံး Livestreamကို Kuaishou App ကနေ လုပ်ခဲ့ပြီး ကြည့်ရှုသူ ၅.၄ သန်း ရှိခဲ့ပါတယ်။ Livestream လုပ်စဉ်အတွင်း ဂျက်ကီချမ်းဟာ အတိတ်က အမှတ်ရစရာတွေကို ပြန်ပြောပြခဲ့ပါတယ်။

ဂျက်ကီချမ်းနဲ့ Tao

မျက်နှာသစ်သရုပ်ဆောင်၊ ဇာတ်ရံအနေနဲ့ပါဝင်ခဲ့တဲ့အချိန် ဒါရိုက်တာရဲ့ဆူငေါက်တာကို ခံခဲ့ရပါတယ်။ ဇာတ်ကားရိုက်ကူးနေစဉ် ခေါင်းဆောင်မင်းသမီးရဲ့နောက်ကနေ ဂျက်ကီချမ်းက သူ့ရဲ့ဆံပင်တွေသပ်နေခဲ့တာပါ။ အဲဒီအပြုအမူက ဒါရိုက်တာရဲ့မျက်လုံးထဲမှာ လူအများရဲ့စိတ်ဝင်စားမှုကို ရချင်သလိုအပြုအမူဖြစ်နေတာကြောင့် သူ့ကိုခေါ်ပြီး ဆူငေါက်ခဲ့ပါတယ်။

“မင်းရဲ့ဆံပင်ကို ဘာလို့ သပ်နေတာလဲ၊ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ၊ခေါင်းဆောင်မင်းသမီးရဲ့ထင်ပေါ်မှုကို ခိုးဖို့ ကြိုးစားနေတာလား”လို့ ဒါရိုက်တာက ပြောခဲ့တာပါ။ အဲဒီနောက် ရိုက်ကွင်းကလူတွေရှေ့ကနေ ဂျက်ကီချမ်းကို မောင်းထုတ်ခဲ့ပါတယ်။ သူလည်း မျက်ရည်မထိန်းနိုင်ဘဲ ငိုချမိခဲ့တယ်လို့ ဂျက်ကီချမ်းက ပြန်ပြောပြခဲ့ပါတယ်။

Livestream လုပ်နေတဲ့ ဂျက်ကီချမ်

ဂျက်ကီချမ်းက သူ့ရဲ့ကိုယ်ရေးကိုယ်တာဇာတ်ကြောင်းတွေမျှဝေတာအပြင် ၂၀၁၆ခုနှစ်ရဲ့ Railroad Tigers ဇာတ်ကားမှာ သူနဲ့အတူ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Tao (EXO အဖွဲ့ဝင်ဟောင်း) ကိုလည်း ဖိတ်ကြားခဲ့ပါတယ်။ Livestream မှာ ဂျက်ကီချမ်းက Tao ကို သူ့ရဲ့ဂျူနီယာအဖြစ် မသတ်မှတ်ဘဲ သူ ချစ်မြတ်နိုးတဲ့ သားတစ်ယောက်အဖြစ် ယူဆထားတယ်လို့ ပြောခဲ့ပါတယ်။ သူ အဲဒီလိုပြောလိုက်တဲ့အတွက် Tao မျက်ရည်ကျခဲ့ရပါတယ်။

ရိုက်ကွင်းမှာ Tao က အနုပညာရှင်တစ်ယောက်အဖြစ် သူ့ရဲ့အခက်အခဲတွေနဲ့ တိုးတက်လာမှုတွေကို သူ့ဆီလာပြောလေ့ရှိတယ်။ သူကလည်း Tao ကို တွန်းအားတွေ ပေးခဲ့တယ်လို့ ဂျက်ကီချမ်းက ပြောပါတယ်။ “တချို့ကလေးတွေက ဘာမှ မအောင်မြင်သေးဘဲ မာနာထောင်လွှားတာကြောင့် ကျွန်တော် Tao Tao ကို တကယ်သဘောကျတယ်။ အလုပ်ကြိုးစားတဲ့ ကလေးတွေကို သဘောကျတယ်”တဲ့။

New Police Story ဇာတ်ကားမှာ သူနဲ့အတူ ပါဝင်ခဲ့တဲ့ နစ်ကိုးလပ်စ် ဆဲ အကြောင်းလည်းပြောခဲ့ပါတယ်။ နီကိုးလပ်စ်ရဲ့တိုးတက်မှုတွေကို သူမျက်မြင်တွေ့ခဲ့ရကြောင်း၊ သူနဲ့တွဲလုပ်ခဲ့ဖူးတဲ့လူတွေထဲမှာ အလုပ်ကြိုးစားဆုံးသူဖြစ်ကြောင်း၊ စတန့်တွေအားလုံးကိုလည်း သူကိုယ်တိုင်လုပ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဂျက်ကီချမ်းက သူ့ရဲ့ကိုယ်ခံပညာပြကွက်တချို့ကိုလည်း ပြသခဲ့တဲ့အပြင် သီချင်းတွေနဲ့လည်း ဖျော်ဖြေတင်ဆက်သွားခဲ့ပါတယ်။

Ref: 8daysSingapore “Jackie Chan Once Cried On Set After Being Scolded By A Director — He Revealed This & More Anecdotes On His First Livestream”

Team ( ရိုရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top