(၂) လနီးပါး Lockdown ချထားလို့ မလေးရှားနိုင်ငံရဲ့ဈေးဝယ်စင်တာက သားရေပစ္စည်းထုတ်ကုန်တွေမှာ မှိုတွေတက်နေ

11-5-2020-yyl-004.jpg

အာရှနိုင်ငံတွေထဲက မလေးရှားနိုင်ငံကလည်း COVID-19 ကူးစက်ခံရသူနဲ့ သေဆုံးသူအရေအတွက်က များနေပါတယ်။ ဒါကြောင့် မလေးရှားနိုင်ငံရဲ့ Movement Control Order က COVID-19 ကြောင့် Lockdown ချထားတာကို ဇွန်လ (၉) ရက်နေ့အထိ တိုးမြှင့်သွားမှာဖြစ်ပါတယ်။

Lockdown ချတာကို မတ်လ ၁၈ ရက်နေ့ကတည်းက စတင်ခဲ့တာဖြစ်ပြီး ရက်တိုးမြှင့်တာကတော့ အခုတစ်ခေါက်နဲ့ဆိုရင် လေးကြိမ်ရှိပြီဖြစ်ပါတယ်။ ဒါပေမဲ့ Lockdown ချထားတာ (၂) လနီးပါးလောက် ရှိပြီဖြစ်တဲ့အတွက် ဈေးဝယ်စင်တာတွေရဲ့ ပစ္စည်းတွေက ထင်သလောက်မကောင်းတော့ပါဘူး။ စီးပွားရေးလုပ်ငန်းတွေကို အောက်ဆုံးထိရောက်သွားစေခဲ့ရုံသာမက မလေးရှားနိုင်ငံက ဈေးဝယ်စင်တာရဲ့ဆိုင်တွေက ထုတ်ကုန်တွေက နေ့တိုင်း အခြေခံထိန်းသိမ်းကြည့်ရှုမှုတွေမရှိတဲ့အတွက် အရင်နဲ့မတူတော့ဘဲ အခြေအနေဆိုးရွားနေပါတယ်။

မေလ (၁၀) ရက်နေ့က မလေးရှားလူမျိုးတစ်ယောက်မျှဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုဟာ စတိုးဆိုင်က ပစ္စည်းတွေ ပုံမှန်မဟုတ်တာကို မီးမှောင်ထိုးပြနေပါတယ်။ အခုဆိုရင် Lockdown ရဲ့ ဘေးထွက်ဆိုးကျိုးကို ကြုံတွေ့နေကြရပါပြီ။ အဲဒီသူ တင်ထားတဲ့ပုံတွေက ဈေးဝယ်စင်တာမှာရှိတဲ့ဆိုင်တွေက သားရေပစ္စည်းထုတ်ကုန်တွေမှာ မှိုတက်နေတာကို ပြနေပါတယ်။

(၂) လနီးပါးလောက် အဲဒီပစ္စည်းတွေကို ဂရုမစိုက်မိလိုက်တဲ့အတွက် အခုလိုဖြစ်ရတာဖြစ်ပါတယ်။ တချို့သားရေအိတ်တွေဆိုရင် လုံးဝကို မှိုတက်နေပြီး သားရေပစ္စည်းအကုန်လုံးမှာ မှိုတွေ ပေါက်ဖွားပျံ့နှံ့နေပါပြီ။ သားရေပစ္စည်းထုတ်ကုန်တွေက အခြားပစ္စည်းတွေထက် ဆိုးရွားနေတာကို ပုံတွေမှာ မြင်ရင် သိနိုင်ပါတယ်။ စင်ကာပူဒေါ်လာ (၂၂၁) တန် အိတ်ဆိုရင်လည်း တစ်အိတ်လုံးကို မှိုတွေအပြည့်နဲ့ပါပဲ။ သားရေရှုးဖိနပ်တွေကလည်း အခြားပစ္စည်းတွေထက် ပိုပြီးဆိုးရွားနေပါတယ်။

၁၀၀ ရာခိုင်နှုန်း သားရေအစစ်တွေနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေက ဘာလို့ ဒီလိုဖြစ်ရတာလဲဆိုတဲ့ မေးခွန်းတွေလည်း မြင့်တက်လာခဲ့ပါတယ်။ လေအေးပေးစက်ပိတ်ထားတာနဲ့ ပစ္စည်းတွေကို ထိန်းသိမ်းမှုနည်းတာတွေက မှိုတွေကို ပေါက်ဖွားစေခဲ့တာဖြစ်နိုင်တယ်ဆိုတဲ့ အကြောင်းအရင်းတစ်ခုတော့ရှိပါတယ်။ မှိုတွေတက်နေတာက သားရေခါးပတ်၊ ပိုက်ဆံအိတ်နဲ့ သားရေထိုင်ခုံတွေရောဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပုံတွေက မူရင်းပုံတွေဟုတ်ရဲ့လား၊ အစစ်ရောဟုတ်ရဲ့လားဆိုပြီး သုံးသပ်ပြောဆိုချက်တွေရှိနေပါတယ်။ ဒါပေမဲ့ ဒီပုံတွေက Metrojaya Suria Sabah ဈေးဝယ်စင်တာကနေ ရိုက်ကူးထားတာဖြစ်ပါတယ်။

Ref: Leather goods in M’sia mall grow mouldy after near 2-month lockdown

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top