အဆိပ်ဖြင့် ငါးဖမ်း၊ ငှက်ဖမ်းမှုများကြောင့် ရှားပါးမျိုးစိတ်စာရင်းဝင် ဘဲပို့ချပ်အပါအဝင် အခြားဆောင်းခိုငှက်များသေဆုံး

51492278_2434185089929870_3632950511692414976_n.jpg

မြန်မာနိုင်ငံမှာ ရေငှက်မျိုးစိတ်စုစုပေါင်း (၁၈၈ မျိုး) ရှိပြီး ဆောင်းခိုရန်လာရောက်တဲ့ရေငှက်မျိုးစိတ် ( ၈၈ မျိုး) ပါဝင်နေပါတယ်။ ဘဲပို့ချပ်ဟာ မြန်မာနိုင်ငံမှာ လာရောက်ဆောင်းခိုတဲ့ ဆောင်းခိုရေဘဲငှက်အမျိုးအစားဖြစ်ပါတယ်။ ဘဲပို့ချပ်မျိုးစိတ်ဟာ ရုရှားနိုင်ငံ Amar ဒေသ၊ Ubasins ဒေသနဲ့ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတို့မှာ ဥချ သားပေါက်ပြီး ဆောင်းရာသီရောက်ရင် East Asian Australasian Flyway ကို အသုံးပြုကာ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလာဒေ့ရှ်၊ ဘူတန်၊ တရုတ်၊ ဟောင်ကောင်၊ မြန်မာ၊ နီပေါ၊ မြောက်ကိုးရီးယား၊ ထိုင်ဝမ်၊ ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ အစရှိတဲ့ နိုင်ငံတွေဆီကို ပြောင်းရွှေ့နေထိုင်ကျက်စားကြပါတယ်။

ဆောင်းခိုဖို့ ပျံသန်းကြရာမှာ မိုင်ထောင်ချီပျံသန်းကြရပြီး အခက်အခဲပေါင်း များစွာဖြတ်သန်းလို့ ခရီးနင်ကြရတာဖြစ်ပါတယ်။ လမ်းခရီးတလျှောက် ရာသီဥတုနဲ့ အခြားသားငှက်တွေရဲ့ဖမ်းဆီးစားသောက်ခြင်းကို ခံရတဲ့အပြင် ဆောင်းခိုရာ အင်းအိုင်တွေဆီရောက်ရှိပြန်ရင်လည်း လူသားတွေရဲ့ပစ်ခတ်ဖမ်းဆီးမှုခံရကာ သေကြေပျက်စီးကြပြန်ပါတယ်။

မြန်မာနိုင်ငံမှာ ဘဲပို့ချပ်ကို ရှာဖွေလေ့လာမှုရလဒ်များအရ ၂၀၀၄ ခုနှစ်ဝန်းကျင်အတွင်း နေရာပေါင်း (၉) နေရာ လာရောက်ကျက်စားနေကြောင်း သိရှိခဲ့ပါတယ်။ ယခင်ခေတ်ကာလက ဘဲပို့ချပ် အကောင်ရေများစွာပေါများခဲ့ပေမဲ့လည်း ယခုအချိန်မှာတော့ ကမ္ဘာပေါ်မှာ အကောင်ရေ (၁၅၀ မှ ၇၀၀) ကြားသာ ကျန်ရှိတော့တာဖြစ်ပါတယ်။

IUCN Redlist မှာ Critically Endangered (CR) မျိုးသုန်းရန် အစိုးရိမ်ရဆုံးအဆင့်မျိုးစိတ်အဖြစ်သတ်မှတ်ထားတာကြောင့် ဘဲပို့ချပ်တွေ ကမ္ဘာပေါ်မှ မျိုးသုန်းပျောက်ကွယ်ခြင်း မရှိရလေအောင် ထိန်းသိမ်းရေးလုပ်ငန်းတွေဆောင်ရွက်ရန် အရေးတကြီး လိုအပ်လာနေပါပြီ။ ထိန်းသိမ်းရေးလုပ်ငန်းတွေအတွက် အသင်းအဖွဲ့တစ်ခု၊ ဌာနတစ်ခုတည်း လုပ်ဆောင်လို့မအောင်မြင်နိုင်ဘဲ ပြည်သူလူထုနဲ့ သက်ဆိုင်ရာ NGO များ၊ ဒေသခံထိန်းသိမ်းရေးအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်မှ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

ဘဲပို့ချပ်တွေနဲ့ ရေပျော်ငှက်တွေကို ထိန်းသိမ်းခြင်းက နိုင်ငံရဲ့ဇီဝသယံဇာတကို ထိန်းသိမ်းရာရောက်ပြီး ဒေသတစ်ခုရဲ့အညွှန်းကိန်းအဖြစ် ရေပျော်ငှက်များ လာရောက်ဆောင်းခိုနေထိုင်ကျက်စားရာ နေရာတွေက ရာသီဥတုကောင်းမွန်နေတာကို သိရှိစေနိုင်ပြီး အစာရေစာပေါများနေကြောင်းကိုလည်း ညွှန်ပြနေပေါတယ်။ ကမ္ဘာပေါ်မှာ မျိုးစိတ်တစ်မျိုးပျောက်ကွယ်သွားရင် ဘယ်လိုမှ အစားထိုးမရနိုင်ပါဘူး။ ဒါကြောင့် ရှားပါးမျိုးစိတ်တွေ ရေရှည်တည်တံ့နေစေဖေို့ နိုင်ငံသားတိုင်း ပါဝင်ကူညီရန်လိုအပ်လှပါတယ်။

ဘဲပို့ချပ်ငှက်တွေကို ဖမ်းဆီးရောင်းချ စားသောက်ရင် တောရိုင်းတိရစ္တာန်တွေကိုကာကွယ်ပေးတဲ့ ဥပဒေပုဒ်မ ၃၇ (က) နဲ့ (ခ) အရ ထောင်ဒဏ်(၇ နှစ် ) နဲ့ ဒဏ်ငွေ ( ၅၀၀၀၀ ) ကျပ် အထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

Ref: Saw Than Htet’s Facebook
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top