တရုတ်နှစ်သစ်ကူးတွင် ONE ဘန်တန်ဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံဆုရယူဖို့ Han Zi Hao ရည်မှန်း

Han-Zi-Hao-1.jpg

တရုတ်ကိုယ်ခံပညာကစားသမားတစ်ဦးဖြစ်သော Han Zi Hao သည် ဖေဖော်ဝါရီလ
၁၆ ရက်နေ့တွင် ဘန်ကောက်၌ ကျင်းပပြုလုပ်မည့် ONE:CLASH OF LEGENDS ပြိုင်ပွဲကြီးတွင် ဘန်တန်ဝိတ်မွေထိုင်းကမ္ဘာ့ချန်ပီယံခါးပတ်ကို ရယူနိုင်ရန် အဆင်သင့်ဖြစ်နေသည်။ Mad Muay Thai Gym ကလပ်ကို ကိုယ်စားပြုယှဉ်ပြိုင်မည့် အသက် ၂၃ နှစ်အရွယ် Han Zi Hao သည် CLASH OF LEGENDS
ပြိုင်ပွဲကြီး၏ အဓိကတွဲဆိုင်းတွင် ၎င်းထက် အသက်အရွယ်အားဖြင့် ၉ နှစ်ကြီးသော ကျော်ကြားသော မွေထိုင်းလက်ဝှေ့သမား Nong-O Gaiyanghadao နှင့် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

အသက်(၁၂)နှစ်သားအရွယ်မှစ၍ ဝူရှူးအားကစားကို လေ့လာလိုက်စားခဲ့သော
Han သည် အရွယ်ရောက်လာသောအခါ ထိုင်းနိုင်ငံသို့ သွားရောက်ကာ ကမ္ဘာ့အကောင်းဆုံးမွေထိုင်းကလပ်များတွင် လေ့ကျင့်ရင်း ထိပ်တန်းမွေထိုင်းကစားသမား တစ်ဦးအဖြစ် ရပ်တည်နေသူဖြစ်သည်။ ၎င်းသည် ၂၀၁၈ခုနှစ် နှစ်ကုန်ပိုင်းတွင် ၃ ပွဲဆက်တိုက်အနိုင်ရရှိထားပြီး အခြားသော ONE Super Series
ပြိုင်ပွဲဝင်ကစားသမားများထက် နိုင်ပွဲ ပိုမိုရယူထားနိုင်သူလည်းဖြစ်သည်။ ယခုအခါ Han သည် ၎င်း ဆယ်စုနှစ်တစ်ခုကျော်နေထိုင်လာခဲ့သော ထိုင်းနိုင်ငံ၊ ထိုင်းပရိသတ်များ ရှေ့မှောက်တွင် ကမ္ဘာ့ချန်ပီယံဆုအတွက် ယှဉ်ပြိုင်ခွင့်ရရှိလာခဲ့သည်။

” ရွှေခါးပတ်အတွက် အခွင့်အရေးရလာချိန်မှာ ကျွန်တော် အမိအရဆုပ်ကိုင်ခဲ့တယ်။
ဒါဟာ ကျွန်တော်လုပ်ခဲ့တဲ့ အလုပ်တွေအတွက် ပြန်ရလိုက်တဲ့ အကောင်းဆုံး ဆုလာဘ်ပါပဲ ” ဟု မွေထိုင်းပွဲစဉ်ပေါင်းများစွာ ထိုးသတ်ထားသော Han က ပြောသည်။

Top King Muay Thai ကမ္ဘာ့ချန်ပီယံ Han သည် မွေးရပ်မြေဖြစ်သော
တရုတ်နိုင်ငံသို့ နှစ်သစ်ကူးအချိန်တွင် ရှားရှားပါးပါးပြန်ရန် စီစဉ်ထားသည်။ သို့သော ၎င်းသည် ကိုယ်ခံပညာ သိုင်းပေါင်းစုံ လောကတွင် အကြီးမားဆုံးဆုကြီးတစ်ခုကို ရယူရန် ကြိုးစားနေရဆဲဖြစ်သည်။

“ကျွန်တော်တို့ ဖုန်းနဲ့ဆက်သွယ်ပြောကြားနေချိန်မှာ ကျွန်တော့်ရဲ့နှလုံးသားက
ရိုလာကိုစတာစီးသလို ရင်ခုန်သံ မြန်လွန်းခဲ့ပါတယ် ” ဟု One Championship တာဝန်ရှိသူများမှ ဆက်သွယ်လာချိန်ကို ပြန်ပြောင်း ပြောပြသည်။

Han သည် တရုတ်လူမျိုးများ၏ နှစ်သစ်ကူးပွဲတော်နီးကပ်လာချိန်တွင် ပွဲယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ဝေခွဲမရဖြစ်နေသော်လည်း ယှဉ်ပြိုင်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ “စီစဉ်သူတစ်ယောက်က တရုတ်နှစ်သစ်ကူးရှိတာကို
မေ့နေတာခဲ့မိတယ်လို့ ကျွန်တော့်ကိုတောင်းပန်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် က ဘာမှမဖြစ်ပါဘူးလို့ ပြန်ပြောလိုက်တယ်။ နှစ်သစ်ကူးပွဲနီးမှ ယှဉ်ပြိုင်ရမှာက ကျွန်တော့်အတွက် ပိုပြီးအရေးကြီးတယ်လေ မဟုတ်ဘူးလား ” ဟု ၎င်းက ဆိုသည်။

ကိုယ်ခံပညာ သိုင်းပေါင်းစုံ လောကတွင် ထိပ်ဆုံးရောက်လိုလျှင် စွန့်လွှတ်အနစ်နာခံရမည်ဟူသည်ကို Han က နားလည်ထားသည်။ ၎င်းသည် ဘန်ကောက်တွင် နှစ်ပေါင်းများစွာနေထိုင်ရင်း မွေထိုင်းတွင် အထွဋ်အထိပ်ရောက်ရန် ခက်ခဲပင်ပန်းစွာ ကြိုးစားလေ့ကျင့်ခဲ့ရသည်။ တရုတ်နှစ်ကူးတွင် အောင်ပွဲခံနိုင်ရန် ရည်မှန်းထားသော Hanအနေနှင့် လွယ်ကူမည့်ပန်းခင်းလမ်း မဖြစ်နိုင်ချေ။

၎င်းရင်ဆိုင်ရမည့် Nong-O သည် အကောင်းဆုံး ထိုးလုံး သတ်ကွက်များနှင့်
တန်ဆာဆင်ထားသော ချန်ပီယံတစ်ဦးဖြစ်သည်။ Nong-O သည် လုမ္ပနီမွေထိုင်းကမ္ဘာ့ချန်ပီယံဖြစ်သလို ရာဂျာဒမ်နမ်၏ မွေထိုင်းကမ္ဘာ့ချန်ပီယံ တစ်ဦးလည်းဖြစ်သည်။ ထို့အပြင် ထိုင်းကစားသမားသည် ကမ္ဘာ့အကြီးမားဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံအဖွဲ့အစည်းကြီးတွင် မှတ်တမ်းကောင်း ရရှိထားသူဖြစ်ပြီး Fabio Pinca နှင့် Mehdi Zatout တို့ကို အနိုင်ယူခဲ့သည့်ပွဲများတွင် ထူးချွန်ပြောင်မြောက်သောလက်ရည်ကို ပြသနိုင်ခဲ့သည်။ သို့သော် Han သည် ၎င်း လေးစားအားကျရသော Nang-O နှင့် ရင်ဆိုင်ရမည့်ပွဲအတွက်စိတ်အားထက်သန်လျက်ရှိပြီး Nang-O သည် ၂၀၁၈ ခုနှစ်အတွင်း မည့်သည့်ပြိုင်ဘက်မှ အနိုင်မရရှိနိုင်လောက်သော စွမ်းရည်များကို ပြသထားခဲ့သည်။

“ကျွန်တော်ကလေးဘဝကတည်းက Nang-O ရဲ့အကြောင်း တွေကို သိခဲ့တာပါ။
သူဟာ မွေထိုင်းကမ္ဘာမှာ ဂန္တဝင်တစ်ယောက်ပါ ” ဟု ၎င်းလေးစားအားကျရသော ပြိုင်ဘက်ဖြစ်သူ၏အကြောင်းကို Han က ပြောပြသည်။ Hanသည် Nang-O ၏ ပြိုင်ပွဲများကိုကြည့်ရှုပြီး ကြီးပြင်းခဲ့ရသည်ဟု ဝန်ခံခဲ့သော်လည်း ၎င်း၏သူရဲကောင်းနှင့် ကြိုးဝိုင်းအတွင်း ရင်ဆိုင်ရချိန်တွင် ကိုယ်ခံပညာကို မည်မျှအထိ ယစ်မူးစွာလိုက်စားခဲ့သည်ကို ပြသသွားမည်ဟု ဆိုသည်။

လေးစားအားကျခဲ့ရသူနှင့် ချန်ပီယယံခါးပတ်လုပွဲယှဉ်ပြိုင်ရမယ့်အဖြစ်သည်
၎င်းအတွက် ဂုဏ်ယူစရာတစ်ခုပါဟု Han က ပြောသည်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့၌ ကျင်းပမည့်ပွဲစဉ်သည် ကိုယ်ခံပညာ သိုင်းပေါင်းစုံ လောကအ ပေါ်နှစ်မြှုပ်ထားသော ၎င်း၏ပေးဆပ်မှုများကို ဆက်လက်တောက်ပနေရန်အတွက် Nang-O နှင့် ပြိုင်ဘက်အဖြစ်ယှဉ်ပြိုင်ရန် အကြောင်းဖန်လာသည်။

Han သည် တဖြည်းဖြည်း ပိုမိုကြံ့ခိုင်သန်စွမ်းလာပြီး Nang-O နှင့် ရင်ဆိုင်သောအခါ ပြိုင်ဘက်နှင့် လက်ရည်တူအဆင့်ကို ရောက်ရှိနေလိမ့်မည်ဟု ကြုံးဝါးကာ မိမိကိုယ်ကို ဂုဏ်ယူမိပါသည်ဟု ဆိုသည်။ ကိုယ်ခံပညာရပ်များ ထွန်းကားရာ ထိုင်းနိုင်ငံတွင် ၄ ပွဲမြောက်ယှဉ်ပြိုင်ရမည့်ပွဲတွင် Han သည် အကောင်းဆုံးစွမ်းဆောင်ရည်များ ပြသရန် ဆုံးဖြတ်ထားပြီး အလဲထိုးတိုက်ကွက်များဖြင့် အနိုင်ယူရန် စီစဉ်ထားသည်။

Han သည် နောက်ဆုံးယှဉ်ပြိုင်ထားသော Pursuit of Greatness နှင့် Conquest of Champions ပြိုင်ပွဲကြီး ၂ ခုတွင် ယှဉ်ပြိုင်ခဲ့ရသော Ryan “The Filipino Assassin”
နှင့် Azwan “N41 Manik Urai” Che Wil တို့ကို ပထမအချီမှာတင်အနိုင်ရရှိထားခဲ့သည်။

Han က “Nang-O ဟာ ခံစစ်ကစားရာမှာရော၊ တိုက်စစ်ဆင်ရာမှာပါ နည်းစနစ်ပိုင်းကျွမ်းကျင်လွန်းတဲ့ ကစားသမားတစ်ဦးပါ။ စစ်မှန်တဲ့မွေထိုင်း ကစားသမားတစ်ယောက်ဖြစ်တယ်” ဟု အသိအမှတ်ပြုထားသည်။

အရပ်အမောင်းသာလွန်သည့်အချက်သည် Nang-O အတွက် အားသာချက်တစ်ရပ်ဖြစ်သည်ဟု Han က သုံးသပ်ပြီး ပြင်းထန်အားပါတဲ့ကန်ချက်များ၊ လက်သီးထိုးချက်များတွင် Nang-O ထက် ၎င်းက ပိုကောင်းသည်ဟု ပြောသည်။

တရုတ်နှစ်ကူးတွင် ချန်ပီယံခါးပတ်ရယူဖို့အားခဲထားသော Han သည် Nang-O
ကို (၅)ချီအတွင်း အလဲထိုးအနိုင်ယူသွား မည်ဟု ကြုံးဝါးထားသည်။ Han သည် ပြိုင်ဘက် အပေါ်လေးစားမှုရှိခြင်းက ၎င်း၏နိုင်ပွဲဆက်နေခြင်း၏ အဓိကအချက်ဖြစ်သည်ဟုလည်း ပြောသည်။

Han ၏ ပြင်းထန်အားပါသော ဒိုင်းနမိုက်လက်သီးများက အတွေ့အကြုံရင့်ကမ္ဘာ့ချန်ပီယံ
Nang-O ကို ရင်ဘောင်တန်းနိုင်မည်လောဟူသည် ဂုဏ်သတင်းကြီးမားသော Impact Arena ကွင်းကြီးထဲတွင် အဖြေရှာရတော့မည်ဖြစ်သည်။ ငယ်ရွယ်သူတစ်ဦးဖြစ်သော Han သည် အောင်မြင်မှုကို ဆာလောင်နေပြီး ၎င်း၏အစွမ်းကို ပြသနိုင်မည်ဟု ယုံကြည်နေသလို သမိုင်းမှတ်တမ်းတွင် ၎င်း၏နာမည်ကို ရေးထိုးရမည့်အချိန်ကျနေပြီဟုဆိုပါသည်။

“ကျွန်တော် ခင်ဗျားကို သိပ်ကို အားကျပြီး လေးလည်းလေးစားပါတယ်။
ဒါပေမယ့် ခင်ဗျားရဲ့ရွှေရောင်နေ့ရက်တွေ အဆုံးသတ်ပြီဆိုတာ ကျွန်တော် သက်သေပြသွားမှာပါ” ဟု Han က Nang-O ကို သတိပေးလိုက်သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top