တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရဲ့ဆီဂျွန်းတက္ကသိုလ်မှာ “ကျားမ နှင့် ယဉ်ကျေးမှု” ခေါင်းစဉ်နဲ့ ချိန်းတွေ့တာ၊ ချစ်တာ နဲ့ လိင်ပိုင်းဆိုင်ရာ အသိပညာအကြောင်းတွေကို သင်ကြားပေးနေပါတယ်။ “ကျားမ နှင့် ယဉ်ကျေးမှု” အတန်းကတော့ လုံးဝမသိကြတဲ့ ကျောင်းသားနဲ့ကျာင်းသူတွေကို ကြုံရာကျပန်း တွဲခိုင်းပြီး (၄) နာရီကြာတဲ့အထိ ချိန်းတွေ့ခိုင်းတဲ့ “ချိန်းတွေ့ခြင်း အိမ်စာ”ကြောင့် နာမည်ကြီးပါတယ်။ အဲဒီအတန်းက တကယ်ကော လိုအပ်နေပါသလား။
တောင်ကိုးရီးယားနိုင်ငံအတွက်တော့ လိုအပ်နေတဲ့အတန်း တစ်ခုပါ။ ဘာကြောင့်လဲဆိုရင် (၂၀၁၈) ခုနှစ်မှာ အသက် (၂၀) နဲ့ (၄၄) ကြား အရွယ်ရှိ တောင်ကိုးရီးယား ပြည်သူအများစုဟာ တစ်ကိုယ်တည်းသမား လူပျို၊ အပျို၊ လူလွတ်တွေသာ ဖြစ်ကြောင်း၊ အမျိုးသား (၅၁) ရာခိုင်နှုန်း နဲ့ အမျိုးသမီး (၆၄) ရာခိုင်နှုန်းတို့ကလည်း တခြားသူတွေနဲ့ ချိန်းတွေ့ချင်စိတ်မရှိကြဘဲ တစ်ကိုယ်တည်းနေဖို့သာ ရွေးချယ်နေကြတာကြောင့်ဖြစ်ပါတယ်။
မချိန်းတွေ့ချင်ကြတဲ့ အကြောင်းရင်းတွေ များစွာထဲက တစ်ခုက ချိန်းတွေ့မယ်ဆိုရင် ငွေကြေးကုန်ကျမှုများပြားတာကြောင့် ဖြစ်ပါတယ်။ စစ်တမ်းလေ့လာချက်တွေအရ တောင်ကိုးရီးယားနိုင်ငံမှာ တစ်ကြိမ် ချိန်းတွေ့ပြီဆိုရင် ပျမ်းမျှအနေနဲ့ ဒေါ်လာ (၅၅)၊ မြန်မာငွေ(၆၀၀၀၀) နီးပါး ကုန်ကျကြောင်း ဖော်ပြထားပါတယ်။ ဒါပေမယ့် လူတစ်ဦးရဲ့ အနည်းဆုံး တစ်နာရီဝင်ငွေဟာ (၇.၂၂) ဒေါ်လာသာ ဖြစ်ပြီး တစ်ကြိမ်ချိန်းတွေ့ဖို့အတွက် မလုံလောက်ပါဘူး။
ဒါကြောင့်မို့ ဆီဂျွန်းတက္ကသိုလ်က “ချိန်းတွေ့ခြင်း အိမ်စာ” ပေးတဲ့အခါမှာ ကျောင်းသား၊ ကျောင်းသူတွေကို တစ်ကြိမ်ချိန်းတွေ့ရင် (၉) ဒေါ်လာ အောက်သာ အသုံးပြုဖို့သတ်မှတ်ပေးထားပါတယ်။ တကယ့် လက်တွေ့မှာလည်း တစ်ယောက် နှင့် တစ်ယောက် ချိန်းတွေ့တဲ့အခါမှာ ငွေကြေးကုန်ကျမှုများတတ်ပါတယ်။ လူတစ်ဦးကို ချစ်ပေမယ့် မပြေလည်တဲ့ငွေကြေးကြောင့် လက်လျှော့သူများ တစ်စထက်တစ်စ ပိုမိုများပြားလျက်ရှိတယ်လို့ သိရပါတယ်။
Ref: CNN “For many young South Koreans, dating is too expensive, or too dangerous”
Ah Ko Latt (ရိုးရာလေး)