Déjà Vu ဖြစ်စဉ်ကို တွေ့ကြုံခံစားရခြင်းရဲ့အကြောင်းရင်းများ

maxresdefault-4.jpg

ကိုယ်တစ်ခါမှ ရှိမနေခဲ့ဖူးတဲ့အခြေအနေတစ်ခုနဲ့ မရောက်ခဲ့ဖူးတဲ့နေရာတစ်ခုကို ရင်းရင်းနှီးနှီးကို သိနေတယ်ဆိုတဲ့ခံစားမှုမျိုး ရဖူးပါသလား…။ ရဖူးတယ်ဆိုရင်တော့ သင်က Déjà Vu ဖြစ်စဉ်နဲ့ ကြုံဖူးသူတစ်ယောက်လို့ ဆိုနိုင်ပါတယ်။

Déjà Vu ဆိုတဲ့စကားလုံးဟာ ပြင်သစ်ဘာသာစကားဖြစ်ပြီး “မြင်ဖူးပြီးသား” လို့ အဓိပ္ပာယ်ရပါတယ်။ ကိုယ်မြင်နေရတဲ့မြင်ကွင်းတစ်ခုကို အရင်ကလည်း မြင်ဖူးထားသလိုလို ခံစားရတဲ့ ဖြစ်စဉ်တစ်ခုပါပဲ။

ဝါရှင်တန်ဒီစီမြို့က ဂျော့ချ်တောင်းတက္ကသိုလ်ဆေးပညာဌာနရဲ့ အာရုံကြောပါမောက္ခ ဒေါက်တာ ဂျိမ်းစ် ဂျော်ဒါနိုက “ဦးနှောက်အနေနဲ့ အထိအတွေ့နဲ့ မှတ်ဉာဏ်ဆိုင်ရာ မြန်ဆန်တဲ့ဖြစ်စဉ်တစ်ခုကိုသာမက အတိတ်ကအမှတ်တရတွေ၊ လက်တလောအတွေ့အကြုံဆိုင်ရာတွေအတွက် နှေးကွေးနေတဲ့ဖြစ်စဉ်တစ်ခုကိုပါ တစ်ပြိုင်တည်းအသုံးပြုမိလိုက်တဲ့အခါ Déjà Vu ဖြစ်စဉ်ပေါ်ပေါက်လာတတ်တယ်လို့ ပြောပြခဲ့ပါတယ်။

ဒီဖြစ်စဉ်ထဲမှာ အမြင် အကြား အထိအတွေ့နဲ့ အနံ့ စတာတွေနဲ့ဆိုင်တဲ့ အာရုံခံအပိုင်းအပါအဝင် ဦးနှောက်အတွင်းချိတ်ဆက်ဆောင်ရွက်မှု အများအပြား ပါဝင်ပတ်သက်နေပါတယ် လို့လည်း ဒေါက်တာ ဂျိမ်းစ် က ထပ်ရှင်းပြပါတယ်။

ဒါတွေကိုနားလည်ဖို့ နည်းနည်းတော့ ရှုပ်ထွေးနေနိုင်ပေမဲ့ တကယ့်ရလဒ်ကိုသိရရင် ပြောပလောက်စရာ ဖြစ်နေတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် ကျွမ်းကျင်သူတွေရဲ့လေ့လာတွေ့ရှိမှုတွေအရ Déjà Vu ဖြစ်စဉ်ကို ခံစားရစေတဲ့အကြောင်းရင်း (၇) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဦးနှောက်ထဲမှာမှတ်သားထားတဲ့အရာတွေက တစ်ထပ်တည်းကျပြီးထွက်ပေါ်လာခြင်း

ဦးနှောက်ထဲမှာ မှတ်သားထားတဲ့အရာတွေက အမြဲလိုလို သဟဇတဖြစ်နေတတ်ပါတယ်။ အခြေအနေတစ်ခုခုက စက္ကန့်အနည်းငယ်အတွင်းမှာပေါ်လာတဲ့အရာတွေကို အလျင်အမြန်တုံ့ပြန်လာအောင် ဦးနှောက်ကို အစပျိုးလိုက်တဲ့အခါ Déjà Vu ဖြစ်စဉ် ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

၂။ အာရုံကြောဆိုင်ရာအချိတ်အဆက်လွဲချော်မှု

ဦးနှောက်က ပြီးပြည့်စုံအောင်ကောင်းမနေနိုင်တာကြောင့် ကျွန်တော်တို့ရဲ့မှတ်ဉာဏ်တွေက အချိတ်အဆက်လွဲချော်မှုရှိနိုင်ပါတယ်။ ဒါကလည်း တစ်ခါမှမတွေ့ဖူး၊ မမြင်ဖူးတဲ့ အခြေအနေတစ်ခု၊ နေရာတစ်ခုခုကို မြင်ဖူးတွေ့ဖူးသလို ခံစားရစေတာဖြစ်ပါတယ်။

၃။ အကြောင်းအရာတစ်ခုတည်းကို အခါခါပြန်ကျော့ပြီးသိမြင်နေရခြင်း

 

Déjà vu ဖြစ်စဉ်က ကြိုမသိနိုင်ဘဲ ရုတ်တရက်ဆိုသလို ကြုံတွေ့ခံစားရတတ်တာဖြစ်လို့ လက်တွေ့လေ့လာဖို့တော့ ခက်ခဲပါတယ်။ ဦးနှောက်က မှတ်ဉာဏ်နဲ့ ဖြစ်စဉ်တွေကို ချိတ်ဆက်လွဲသွားစေတဲ့အတွက် မှတ်ဉာဏ်နဲ့ အာရုံကြောတွေမှာ ရုတ်တရက်ချို့ယွင်းချက်ဖြစ်သွားပါတယ်။ ဒါက အကြောင်းအရာတစ်ခုတည်းကို အခါခါ ပြန်ပြီးမြင်လာစေတာဖြစ်ပါတယ်။

၄။ ဝက်ရူးပြန်ရောဂါရှိခြင်း

ဝက်ရူးပြန်ရောဂါရှိတဲ့သူတချို့က ရောဂါထမေဖောက်ခင်မှာ ဒီဖြစ်စဉ်ကို ကြုံတွေ့ရတယ်လို့ဆိုပါတယ်။ အာရုံခံစနစ်တွေမှာအပြောင်းအလဲဖြစ်လာရင် Déjà Vu ဖြစ်စဉ် ဖြစ်ပေါ်လာတတ်တာဖြစ်ပါတယ်။

၅။ ငယ်ရွယ်တဲ့အသက်အပိုင်းအခြားမှာရောက်နေခြင်း

Déjà Vu ဖြစ်စဉ်ကိုကြုံတွေ့ဖူးတဲ့ (၆၀ – ၇၀) ရာခိုင်နှုန်းလောက်က အဲဒီဖြစ်စဉ်ကို ပိုပြီး တွေ့ကြုံခံစားရလေ့တယ်လို့ ဆိုပါတယ်။ ပုံမှန်ဆိုရင် ဒီဖြစ်စဉ်က ငယ်ရွယ်တဲ့လူတွေမှာ အဖြစ်များဆုံးပါ။ အသက်အရွယ်ကြီးတဲ့လူတွေက ဒီဖြစ်စဉ်ကိုမကြုံတွေ့ရဘူးလို့တော့မဟုတ်ပါဘူး။

၆။ အတိတ်ကာလကအဖြစ်တွေထဲမှာ နစ်မျောနေမိခြင်း

စိတ်ပညာရှင်တွေအတွက်ကတော့ အခြေအနေတစ်ခုကို မြင်ဖူး၊ တွေ့ကြုံဖူးတယ်လို့ ခံစားရတဲ့အခါ ဘာကြောင့်ဖြစ်ရတာလဲဆိုတာနဲ့ပတ်သက်ပြီး ကိုယ်ပိုင်အတွေးတွေရှိကြပါတယ်။ ဆိုလိုတာက တချို့စိတ်ပညာရှင်တွေက Déjà Vu ဖြစ်စဉ်က အတိတ်ဘဝမှာ ဆက်စပ်နေတဲ့အရာတွေ (ဒါမှမဟုတ်) တွေ့ကြုံခဲ့ဖူးတဲ့အရာတွေနဲ့ ဆက်နွယ်မှုရှိတယ်လို့ ထင်ကြပါတယ်။

၇။ ဦးနှောက်က ပုံမှန်အခြေအနေမှာရှိနေခြင်း

Déjà Vu ဖြစ်စဉ်ဟာ တကယ်တော့ ကောင်းမွန်တဲ့လက္ခဏာဖြစ်ပြီး အဆင့်သတ်မှတ်ချက်အသီးသီးမှာရှိတဲ့ မှတ်ဉာဏ်ဆိုင်ရာလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ဆောင်ရွက်နေတဲ့ ဦးနှောက်ရဲ့လုပ်ဆောင်စွမ်းကို ထင်ဟပ်ပြသနေတာဖြစ်ပါတယ်။ ဒါ့အပြင် လူသားတွေရဲ့ဦးနှောက်က မယုံကြည်နိုင်လောက်အောင် အံ့သြစရာကောင်းတယ်ဆိုတာကိုလည်း သက်သေပြနေပါတယ်။ ဒါကြောင့် နောက်တစ်ခါ သင်က Déjà Vu ဖြစ်စဉ်နဲ့ တွေ့ကြုံခံစားရတဲ့အခါ သင်ခံစားရတဲ့အရာက ဘယ်လောက်ကျောချမ်းစရာကောင်းလည်းဆိုတာကို စိုးရိမ်မနေဘဲ ထူးခြားတဲ့ချွတ်ယွင်းချက်တစ်ခုလို့ပဲ သဘောထားလို့ရပါတယ်။

Ref: Wikipedia, PsycologyToday
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top