ရုပ်မြင်သံကြားမှအားပေးနေသောပရိသတ်များကြောင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်ဟု ဖိုးသော်ဆို

64278697_2508844972670434_8961083430674628608_n.jpg

မြန်မာနိုင်ငံ၏ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမား ဖိုးသော်သည် နိုင်ငံရပ်ခြားဖြစ်သော တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင်ကျင်းပပြုလုပ်ခဲ့သည့် ONE: Legendary Quest ပြိုင်ပွဲကြီး၌ ယှဉ်ပြိုင်ခဲ့ရသော်လည်း ပရိသတ်များ၏ အားပေးမှုမှာ အနိုင်ရစေရန်တွန်းအားတစ်ခုဖြစ်ခဲ့သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ပရိသတ်များ၏ အားပေးမှုမှာ အနိုင်ရစေရန်တွန်းအားတစ်ခုဖြစ်ခဲ့သည်ဟု ထုတ်ဖော်ပြောကြားခဲ့

အဆိုပါပြိုင်ပွဲသည် ဖိုးသော်အတွက် ပထမဆုံး ပြည်ပတွင်ယှဉ်ပြိုင်ရသည့်ပြိုင်ပွဲဖြစ်ရာ ကွင်းအတွင်း မြန်မာပရိသတ်အားများစွာမရှိသော်လည်း တခဲနက်အားပေးကြမည့် မြန်မာပရိသတ်များရှိနေသည်ကို အကြွင်းမဲ့ ယုံကြည်ခဲ့သူဖြစ်သည်။

“တကယ်လို့ ကျွန်တော်ကစားနေတဲ့အချိန်မှာ အဲဒီလိုအားပေးသံတွေကြားရရင်တော့ အကောင်းဆုံး အားဖြစ်တာပေါ့။ ကစားသမားတစ်ယောက်ရဲ့ စိတ်ခွန်အားဟာ ပရိသတ်ရဲ့အားပေးသံပါ။ ဒါပေမဲ့ ဒီပွဲမှာ ဒီလိုအသံတွေတိတ်ဆိတ်နေပြီးကစားရမယ်ဆိုတာ ကျွန်တော်ကြိုသိထားပါတယ်။ ပွဲမတိုင်မီ အွန်လိုင်းကနေ အားပေးတဲ့ပရိသတ်တွေရဲ့ ခွန်အားတွေအများကြီးရှိတယ်။ ကွင်းထဲမှာ ဖိုးသော် ဖိုးသော် ဆိုတဲ့ အော်သံ ကျွန်တော်မကြားရပေမဲ့ သူတို့ TV ရှေ့ကနေ အော်နေမယ်ဆိုတာ ယုံကြည်တဲ့စိတ်နဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်” ဟု ဖိုးသော်ကဆိုသည်။

အဆိုပါပွဲတွင်အနိုင်ရရှိခဲ့ခြင်းကြောင့် ONE Championship ၏ ဖယ်သာဝိတ်တန်းတွင် ပွဲအများဆုံးအလဲထိုးအနိုင်ယူနိုင်သည့် ထိပ်တန်းကစားသမားစာရင်းတွင် ပါဝင်လာ

ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားကို နှစ်သက်သော မြန်မာပရိသတ်များကလည်း ဖိုးသော်နှင့် အင်ဒိုနီးရှားနိုင်ငံသား Victorio Senduk တို့ ယှဉ်ပြိုင်သည့်တွဲဆိုင်းကို MNTV မှ တခဲနက်အားပေးခဲ့ကြသည်။ ဖိုးသော်အနေဖြင့် အဆိုပါပွဲတွင်အနိုင်ရရှိခဲ့ခြင်းကြောင့် ONE Championship ၏ ဖယ်သာဝိတ်တန်းတွင် ပွဲအများဆုံးအလဲထိုးအနိုင်ယူနိုင်သည့် ထိပ်တန်းကစားသမားစာရင်းတွင် ပါဝင်လာခဲ့သည်။

“အရမ်းကို ပျော်ပါတယ်။ အထူးသဖြင့် ကျွန်တော့်ပရိသတ်တွေ၊ ကျွန်တော့်အသင်း၊ ကျွန်တော်နည်းပြအဖွဲ့ အားလုံးပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့အတွက် ပျော်ရပါတယ်” ဟု ဖိုးသော်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ပြိုင်ဘက်၏ အားနည်းချက်များကို အချိန်အတိုအတွင်းသိရှိအောင်လေ့လာပြီး အနိုင်ရရှိနိုင်ရန် မဟာဗျူဟာချမှတ်ခဲ့

ဆက်လက်ပြီး ဖိုးသော်က ၎င်းအနေဖြင့် Victorio Senduk ကိုယှဉ်ပြိုင်ရန် ကြိုးဝိုင်းအတွင်း ပြိုင်ဘက်၏ အားနည်းချက်များကို အချိန်အတိုအတွင်းသိရှိအောင်လေ့လာပြီး အနိုင်ရရှိနိုင်ရန် မဟာဗျူဟာချမှတ်ခဲ့ရပုံများကို ဖွင့်ဟခဲ့သည်။

ONE ပြည်တွင်း ဖယ်သာဝိတ်တန်း တံခွန်စိုက်ချန်ပီယံ ဖိုးသော်သည် ONE Championship တွင် (၈) ပွဲအနိုင်ရရှိထားပြီး (၁) ပွဲသာ ရှုံးနိမ့်ထား

“ကျွန်တော်နဲ့သူနဲ့ အနည်းငယ်ရင်ဆိုင်ပြီးနောက်မှာ သူက မတ်တပ်ရပ်တိုက်ခိုက်တာကို ပိုင်နိုင်တယ်ဆိုတာ အသေအချာသိခဲ့တယ်။ နောက်ပြီး ကျွန်တော့်အောက်ပိုင်းကို ခြေကန်ချက်နဲ့တိုက်ခိုက်ဖို့ သူစီစဉ်ထားတယ်ပေါ့။ ဒီတော့ မြေပြင်ချုပ်ကွက်နဲ့ တိုက်ခိုက်ဖို့ ကျွန်တော်စီစဉ်ခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်း မြေပြင်ချုပ်ကွက် ကစားတဲ့အခါ ကျွန်တော်သိလိုက်ရတာက သူက aggressive ကစားသမားတစ်ဦးပါ။ သူက ကျွန်တော့်ကို တရစပ်တိုက်စစ်ဆင်ပြီး အမြန်ပွဲသိမ်းနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီအားနည်းချက်ကိုယူပြီး တန်ပြန်တိုက်စစ်နဲ့ အနိုင်ယူခဲ့တာပါ” ဟု ဖိုးသော်ကဆိုသည်။

မြန်မာနိုင်ငံ၏ ONE ပြည်တွင်း ဖယ်သာဝိတ်တန်း တံခွန်စိုက်ချန်ပီယံ ဖိုးသော်သည် ONE Championship တွင် (၈) ပွဲအနိုင်ရရှိထားပြီး (၁)ပွဲသာ ရှုံးနိမ့်ထားသည်။ ထူးခြားချက်မှာ ၎င်းယှဉ်ပြိုင်ခဲ့သည့်ပွဲများအနက် တစ်ပွဲကိုသာ ဒိုင်ဆုံးဖြတ်ချက်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ကျန် (၇) ပွဲစလုံးတွင် ပထမအချီ၌ပင် ပြိုင်ဘက်ကို အလဲထိုးနိုင်ခဲ့ခြင်းဖြစ်သည်။

ချန်ပီယံခါးပတ်ပြိုင်ပွဲတစ်ခု ယှဉ်ပြိုင်ချင်

“ဘယ်ကစားသမားနဲ့ တွေ့ချင်တယ်ဆိုတာမျိုးတော့ မရှိဘူးပေါ့နော်။ အခု ကျွန်တော်အနေနဲ့ ဆန္ဒရှိတာက ချန်ပီယံခါးပတ်ပြိုင်ပွဲတစ်ခု ယှဉ်ပြိုင်ချင်တာပါပဲ။ ဒါဟာ ဖယ်သာဝိတ်တန်းချန်ပီယံကို စိန်ခေါ်ချင်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ONE Championship မှာ ကျွန်တော်နဲ့ သင့်တော်မယ့် ချန်ပီယံခါးပတ်အတွက် ယှဉ်ပြိုင်ရတဲ့ပွဲမျိုးကို ဆိုလိုတာပါ” ဟု ဖိုးသော်က အနာဂတ်တွင် ၎င်းယှဉ်ပြိုင်ကစားချင်သည့်ပုံစံကို ဖွင့်ဟခဲ့သည်။

Ref: ONE Championship
Team (ရိုးရာလေး)
www.yoyarlay.com

#Team_yyl #Sports_yyl #PhoeThaw #ONEChampionship

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top