အမေနဲ့အတူ တစ်နှစ်ကို အနည်းဆုံး တစ်ကြိမ် ခရီးထွက်သင့်တာ ဘာကြောင့်လဲ

62486989_419806692203193_8831014958910144512_n.jpg

ခရီးထွက်ရတာကို ကြိုက်တယ်ဆိုတာ ဘယ်သူနဲ့ပဲထွက်ထွက် ကောင်းတဲ့ဝါသနာတစ်ခုပါ။ အိမ်ထောင်ဖက်နဲ့သွားမလား။ ချစ်သူရည်စား ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ပဲသွားမလား။ တစ်ခေါက်ဆိုတစ်ခေါက် အတွေ့အကြုံသစ်တွေနဲ့ ဘဝသင်ခန်းစာတွေ သိသိသာသာရလာတာပါ။ အဲဒီထဲကမှ ကိုယ့်အမေနဲ့ တစ်နှစ်တစ်ကြိမ်လောက် နှစ်ယောက်တည်းခရီးထွက်တတ်တဲ့ သားသမီးတွေက အောင်မြင်မှုနဲ့ ပိုနီးကပ်ကြသလို လူတွေအကြောင်းလည်း ပိုနားလည်တတ်ကြတယ်လို့ဆိုပါတယ်။ ဒီလိုဆို အမေနဲ့နှစ်ယောက်တည်း ခရီးထွက်ခြင်းကနေပြီးရလာမယ့် အကျိုးကျေးဇူးတွေကို ကြည့်လိုက်ကြရအောင်။

၁။ နှစ်ယောက်ကိုယ်ပိုင်ချိန် ပိုရလာမယ်

အမေနဲ့သမီးဘယ်လောက်ပဲရင်းနှီးရင်းနှီး အိမ်မှာဆို တစ်ယောက်နဲ့တစ်ယောက် အတွင်းစကားတွေပြောဖို့ အချိန်ရှာရခက်နေတတ်ပါတယ်။ တစ်ခါတလေ စနေနဲ့ တနင်္ဂနွေ အလုပ်ပိတ်ရက်တွေလောက်မှာပဲ မျက်နှာချင်းဆိုင်မိတတ်ကြပါတယ်။ ဒါကြောင့်မို့လို့ အမေနဲ့ နှစ်ယောက်တည်းအတူခရီးထွက်ပေးခြင်းဖြင့် ဝေးကွာနေတဲ့ငယ်ငယ်တုန်းက သင်တို့ရဲ့ဆက်ဆံရေးကို ပြန်နွေးထွေးလာစေပြီး စကားပြောဖို့၊ ရင်ဖွင့်ဖို့၊ ပြုံးဖို့၊ ရယ်ဖို့ အချိန်ပိုတိုးလာစေပါတယ်။

၂။ အမှတ်တရကောင်းတွေ ဖန်တီးနိုင်မယ်

သင် အခုအရွယ်ရောက်နေပါပြီ။ အရင်တုန်းက တစ်နေရာရာသွားမယ်ဆို သူ(မ)ကပဲ သင့်ကို ဂရုစိုက်ပေးခဲ့ရတာပါ။ ဒီတစ်ခါတော့ သူ့ကိုလွတ်လွတ်လပ်လပ်ပေးနေလိုက်ပါ။ သဘာဝအလှတရားတွေကို ပေါ့ပေါ့ပါးပါးခံစားခွင့်ပေးပြီး အမှတ်တရကောင်းတွေဖန်တီးခဲ့ကြပါ။

၃။ အမေ့အပေါ် ကျေးဇူးတင်တတ်လာမယ်

သူ(မ) ဘယ်လောက်ရဲရင့်ခဲ့တယ်။ ဒီနှစ်တွေထဲ သင့်အတွက် ဘာတွေလုပ်ပေးခဲ့တယ်။ ဘယ်လောက်ပေးဆပ်ခဲ့တယ်ဆိုတာတွေကို အမေနဲ့နှစ်ယောက်တည်း ခရီးထွက်ပြီးတဲ့အခါ သင်ပိုနားလည်လာပါလိမ့်မယ်။ မယုံမရှိပါနဲ့။ လွတ်လွတ်လပ်လပ်မပျံသန်းရတာကြာပြီဖြစ်တဲ့ သင့်အမေက ခရီးစဉ်အတွင်းသင့်ထက်ပိုပြီး တက်ကြွလန်းဆန်းနေပါလိမ့်မယ်။

၄။ နားလည်မှုပိုရှိလာကြမယ်

ကမ္ဘာပေါ်က မိခင်အများစုက နှစ်တွေအကြာကြီး အမေတာဝန်ကို ထမ်းဆောင်ခဲ့ရတော့ သူတို့ရဲ့ ကိုယ်ပိုင်ဖြစ်တည်မှု၊ ဆန္ဒနဲ့ လူ့အခွင့်အရေးတွေကိုတောင် မေ့လို့နေပါပြီ။ သမီးနဲ့ အမေကြား၊ သားနဲ့ အမေကြားက သားသမီးနဲ့မိဘဆိုတဲ့ စည်းမျိုးခြားထားလေတော့ တစ်ယောက်နဲ့တစ်ယောက် သိပ်မနီးကပ်ကြပါဘူး။ ဒါကြောင့်မို့လို ခရီးထွက်ပေးခြင်းက သင်တို့သားအမိနှစ်ယောက် သူငယ်ချင်းတွေလို နားလည်မှုပိုရှိလာအောင် ကူညီပေးပါလိမ့်မယ်။

၅။ အမေ့အချစ်က ပြောင်းလဲခြင်းမရှိ

ငယ်ငယ်တည်းက သင့်ကိုအရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပေးတတ်တဲ့အမေက ဒီခရီးစဉ်အတွင်းမှာလည်း သူ(မ) ဘယ်လောက်ပင်ပန်းနေပါစေ သင်နဲပအမှတ်တရကောင်းတွေ ဖန်တီးနိုင်ဖို့၊ ဓာတ်ပုံတွေ ရိုက်ပြီးရင်းရိုက်နိုင်ဖို့နဲ့ တစ်နေရာပြီး တစ်နေရာမနားမနေသွားနိုင်ဖို့ မငြီးမငြူတက်ကြွနေပါလိမ့်မယ်။ သားသမီးတွေရဲ့နှလုံးသား၊ စိတ်ခံစားချက်ဟာ အမေဖြစ်သူနဲ့ အနီးကပ်ဆုံးဖြစ်တာကြောင့် သင့်နဲ့အသစ်အဆန်းတွေကို နှစ်ယောက်တူတူလုပ်ဖို့ ဘယ်တော့မှ ဝန်လေးတွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။ သူ(မ)ရဲ့အချစ်တွေနဲ့ သင့်နောက်လိုက်ကိုလိုက်ဖို့ အမြဲအသင့်ရှိနေမှာပါ။

ဒါကြောင့်မို့လို့ အမေကိုချစ်ကြတဲ့သားသမီးတိုင်း နှစ်ယောက်တည်းအတူခရီးထွက်ကြရင်း ပျော်ရွှင်စရာဖွယ် အမှတ်တရကောင်းတွေဖန်တီးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Ref : iheartintelligence.com “5 Good Reasons Why You Should Travel With Your Mom At Least Once A Year”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top