ပန်းနာရင်ကျပ်ရောဂါထနေတဲ့ မိခင်ဖြစ်သူရဲ့အသက်ကို ကယ်တင်ခဲ့တဲ့ ၅ နှစ်သားလေး

26-5-2022-yyl-32.jpg

ပြီးခဲ့တဲ့ကြာသပတေးနေ့က ၅ နှစ်သားလေး အိုလီဗာ ဘော့တ်ကို မိခင်ဖြစ်သူ ဆူဇန်နီက ကားနဲ့ ကျောင်းလိုက်ပို့ပေးခဲ့ပါတယ်။ ကျောင်းရောက်ခါနီးမှာ ဆူဇန်နီက စကားပြောလို့မရနိုင်တော့လောက်အောင် ပန်းနာရင်ကျပ်ရောဂါထခဲ့ပါတယ်။ အဲဒါကြောင့် သူက အိုလီဗာရဲ့ကျောင်းနဲ့ ဆန့်ကျင်ဘက်လမ်း​ဘေးကိုကပ်ရပ်ပစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ကားနောက်ခန်းမှာ ထိုင်နေတဲ့ အိုလီဗာက ကားရှေ့ခန်းထဲ ကျော်ဝင်ပြီး သူ့အမေအတွက် 999 ကို ဖုန်းဆက်ပြီး လူနာတင်ယာဥ်ခေါ်ပေးခဲ့ပါတယ်။

အခြားကလေးမိဘတွေရဲ့အကူအညီရအောင်လည်း အိုလီဗာ လုပ်ဆောင်ခဲ့ပါတယ်။ ဆူဇန်ဆီ ရောက်လာတဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့က အိုလီဗာရဲ့ဖြတ်ထိုးဉာဏ်က သူ့မိခင်ရဲ့အသက်ကို ကယ်တင်ပေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒီအဖြစ်အပျက်ပြီးတဲ့နောက်မှာ အရင်လိုပဲ အိုလီဗာကျောင်းသွားခဲ့ပြီး Royal Surrey County Hospital မှာ တက်ခဲ့တဲ့ သူ့အမေလည်း အိမ်မှာ ပြန်လည်သက်သာလာ​အောင်လုပ်နေပါတယ်။

“ဆေးဘက်ဆိုင်ရာအဖွဲ့ ရောက်လာတဲ့အချိန်မှာ ဆူဇန်နီက အောက်ဆီဂျင်ပမာဏ ၈၀ အောက် ရောက်နေပြီ။ ပန်းနာရင်ကျပ်ထပြီးတဲ့နောက် ဖြစ်လာတဲ့အရာကို ကျွန်တော်တို့ ပြောချင်တာမဟုတ်ဘူး။ အရမ်းမြန်ဆန်တဲ့အသက်အန္တရာယ်ခြိမ်းခြောက်မှုဖြစ်စေတဲ့ ဒီရောဂါကို ပြောချင်တာပါ။ ရုတ်တရက်ကြီး အသက်အန္တရာယ်ကြုံတွေ့ရတဲ့သူတွေကို ကျွန်တော်ကိုယ်တိုင် မြင်ဖူးတယ်။ အတော်လေး ကြောက်စရာကောင်းတယ်။ ကျွန်တော့်မိန်းမရဲ့အကြောင်းကြားတော့ ငိုမိခဲ့တယ်။ သားလေး ဒီလောက်လုပ်ပေးနိုင်ခဲ့အတွက် အရမ်းဂုဏ်ယူတယ်။ သားလေးက တကယ်ကိုပဲ သူရဲကောင်းလေးပါပဲ။ သူက အရမ်းဂရုစိုက်တတ်တဲ့ကလေးလေးဖြစ်ပြီး ဒီပိတ်ရက်မှာ သူ့အမေ နေကောင်းလာစေမယ့်အရာတွေ လုပ်ဆောင်ဖို့ ကြိုးစားရင်း အချိန်ကုန်ခဲ့တယ်” လို့ အိုလီဗာရဲ့ အဖေ ဒေးဗစ်က ပြောပါတယ်။

အိုလီဗာက သူ့အမေရဲ့အသက်ကို ကယ်တင်ပေးခဲ့သူဖြစ်ပေမဲ့ ​ဒေးဗစ်က ကျောင်းကိုလည်း အဖြစ်အပျက်အပြီးမှာ သူ့သားကို စောင့်ရှောက်ပေးခဲ့တဲ့အတွက် ချီးကျူးခဲ့ပါတယ်။ ၉၉၉ ကို အိုလီဗာ ဖုန်းခေါ်တာနဲ့ပတ်သက်ပြီး ဒေးဗစ်က “999 ကို ဘယ်လိုနှိပ်ပြီး ခေါ်ရလဲဆိုတာကို ကျွန်တော်တို့ သားလေးကို ပြောပြခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင်နှိပ်ပြီး ဖုန်းခေါ်တာကတော့ ဒါက ပထမဆုံးပါပဲ။ ၉၉၉ ကို ဘယ်လိုနှိပ်ရလဲဆိုတာ က​လေးတွေ သိထားဖို့၊ အဲဒီကို ​​ခေါ်လိုက်ရင် ကြောက်စရာမကောင်းဘူးဆိုတာ သိထားဖို့ အရမ်းအရေးကြီးတယ်ထင်တယ်”လို့ ဆိုပါတယ်။

Ref: TheMirror “‘Little legend’ boy, 5, praised after saving mum’s life during asthma attack”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top