သွေးအတွင်း သကြားဓာတ်နည်းရင် ဘာတွေဖြစ်လာမလဲ

yyl-001-21.jpg

အာဟာရဓာတ်ပြည့်ဝတဲ့အစားအစာတွေကို ပုံမှန်စားပေးတာက သွေးအတွင်း သကြားဓာတ်နည်းခြင်းပြဿနာကို ထိန်းပေးနိုင်တဲ့ အကောင်းဆုံးနည်းတွေထဲက တစ်ခုဖြစ်ပါတယ်။ တစ်နေ့လုံး သွေးအတွင်း သကြားဓာတ်ပမာဏကို ထိန်းညှိဖို့ဆိုရင် ပရိုတင်း၊ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အဆီအနှစ်တွေပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးသင့်ပါတယ်။ ဒါပေမဲ့ တစ်ခါတရံ အစားအစာကို ကျန်းမာရေးနဲ့ညီညွှတ်စွာ စားသုံးရင်တောင် သွေးအတွင်းသကြားဓာတ်နည်းတဲ့အခြေအနေကို ရှောင်လွှဲလို့မရနိုင်တာရှိပါတယ်။ သင်က သွေးအတွင်းသကြားဓာတ်နည်းတာကို ကြုံတွေ့နေရတယ်ဆိုရင် ဒီလက္ခဏာရပ်တွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ သကြားဓာတ်ရုတ်တရက်ထိုးကျသွားရင် ဗိုက်ဆာတာ၊ ဒေါသထွက်တာတွေဖြစ်လာနိုင်ပါတယ်။ အဲဒါတွေအပြင် သင့်တစ်နေ့တာလုပ်ဆောင်ချက်တွေကို အနှောင့်အယှက်ဖြစ်နိုင်တဲ့ အခြားလက္ခဏာရပ်တွေကို ဖော်ပြပေးလိုက်ရပါတယ်။

ဆုံးဖြတ်ချက်ချရတာခက်ခဲခြင်း

သကြားဓာတ် (သို့) ဂလူးကို့စ်က ခန္ဓာကိုယ်မှာ ခွန်အားတွေရှိလာနိုင်တဲ့အရင်းအမြစ်တွေထဲက တစ်ခုဖြစ်ပါတယ်။ သကြားဓာတ်ထိုးကျသွားတဲ့အခါ ကျွန်တော်တို့ရဲ့ဦးနှောက်က အာရုံစိုက်ဖို့ခက်ခဲလာပြီး ဆုံးဖြတ်ချက်ချဖို့လည်း မလွယ်ကူတော့ပါဘူး။ ဦးနှောက်က ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့အတွက် သွေးအတွင်း သကြားဓာတ်နည်းမသွားအောင် ဂရုစိုက်ပေးသင့်ပါတယ်။

အဆက်မပြတ်ချွေးထွက်ခြင်း

ရာသီဥတုပူလို့၊ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်လို့ ချွေးထွက်တာက ပုံမှန်ပေမယ့် အဲဒီလိုမဟုတ်ဘဲ ကောက်ခါငင်ကာကြီး ချွေးထွက်လာတယ်ဆိုရင် သွေးအတွင်းသကြားဓာတ်နည်းခြင်းရဲ့လက္ခဏာရပ်ဖြစ်နိုင်ပါတယ်။ သင်က ဒါက သတိပြုမိမယ်ဆိုရင် ချက်ချင်းပဲ တစ်ခုခုစားသင့်ပါတယ်။ ညဘက်တွေမှာ သကြားဓာတ်ထိုးကျတဲ့အတွက် ဒီပြဿနာက မနက်ခင်းမှာ အဖြစ်များပါတယ်။

ညလယ်လောက်မှာ အိပ်ရာနိုးလာခြင်း

အိပ်မက်ဆိုးမက်တာအပြင် သွေးအတွင်းသကြားဓာတ်နည်းတာကလည်း ညဘက်မှာ သင့်ရဲ့အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ ခဏခဏ အိပ်ရာကနိုးနိုးနေတယ်ဆိုရင် သွေးအတွင်းသကြားဓာတ်နည်းတာက အဲဒါရဲ့အကြောင်းအရင်းဖြစ်နိုင်ပါတယ်။ သင့်သွေးထဲက သကြားဓာတ်ပမာဏလျော့နည်းသွားတဲ့အခါ ခန္ဓာကိုယ်က စိတ်ဖိစီးမှုဟော်မုန်းတွေထုတ်လွှတ်ပါတယ်။ အဲဒီလိုဖြစ်လာတဲ့အခါ အိပ်စက်မှုမှာ အနှောင့်အယှက်ဖြစ်လာရပါတယ်။

မကြာခဏစိတ်မတည်ငြိမ်ခြင်း

သွေးအတွင်းသကြားဓာတ်နည်းခြင်းရဲ့အဖြစ်များတဲ့နောက်ထပ်လက္ခဏာရပ်က မကြာခဏစိတ်မတည်မငြိမ်ဖြစ်တာပါပဲ။ အကြောင်းအရင်းမရှိဘဲ ပျော်ရွှင်သလိုခံစားလိုက်၊ ခဏနေရင် ဝမ်းနည်းသလိုဖြစ်လိုက်နဲ့ စိတ်မတည်မငြိမ်ဖြစ်လာနိုင်ပါတယ်။ အဲဒီလို မကြာခဏဖြစ်နေတယ်ဆိုရင် ဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။

နှလုံးခုန်မြန်ခြင်း

နှလုံးခုန်တာက ပုံမှန်ထက် ပိုမြန်နေတယ်လို့ခံစားရရင် သွေးအတွင်းသကြားပမာဏကို ဂရုစိုက်ဖို့လိုလာပါပြီ။ ဒီအခြေအနေကို ြဖေရှင်းနိုင်မယ့် အလျင်မြန်ဆုံးနည်းကတော့ သစ်သီးစားတာ (သို့) အသီးဖျော်ရည်သောက်ပေးတာဖြစ်ပါတယ်။

Ref: Tell tale signs of low blood sugar

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top