ဒီတစ်ပတ်အတွက် ပြည်တွင်းသတင်းတိုကဏ္ဍ

29511790_895090640664043_2318116629549338043_n.jpg

ဒီတစ်ပတ်အတွက် ပြည်တွင်းသတင်းတိုကဏ္ဍမှာ နယ်စပ်တည်ငြိမ်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ လှည့်ကင်းဆောင်ရွက်တာ၊ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေနဲ့ ပက်သက်လို့ ဆောင်ရွက်ရမယ့် အစီအစဉ်တွေကို လက်မှတ်ရေးထိုးတာ နဲ့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်နုတ်ထွက်ခဲ့တဲ့ သတင်းတွေ အပါအဝင်

သတင်းတို ၆ ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။

နယ်စပ်တည်ငြိမ်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ လှည့်ကင်းဆောင်ရွက်

နယ်စပ်ဒေသတည်ငြိမ်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ညှိုနှိုင်းပြီး နှစ်နိုင်ငံ လှည့်ကင်းဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၅ ဦး နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ကင်းစခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦးတို့ဟာ မတ် ၁၅ ရက် နံနက် ၉ နာရီ ၃၅ မိနစ်ကနေ နံနက် ၁၁ နာရီ ၅၀ မိနစ်အထိကို နယ်ခြားမှတ်တိုင် ၃၄ မှ ၃၆ ထိ၊ မတ် ၁၈ ရက် နံနက် ၉ နာရီမှ ၁၁ ၂၅ မိနစ်အထိကို နိုင်ငံအသီးသီးအတွင်းက နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်ခြားမှတ်တိုင် ၃၆ မှ ၃၈ ထိ နှစ်နိုင်ငံနှစ်ဖက်ညှိုနှိုင်းပြီး လှည့်ကင်းဆောင်ရွက်ခဲ့ပါတယ်။

ထပ်မံပြီးတော့ နှစ်ဖက်ညှိုနှိုင်းပြီး ကင်းလှည့်ခြင်း Coordinated Patrol ကို မတ် ၁၉ ရက်မှ ၂၇ အတွင်း နယ်ခြားမှတ်တိုင် ၃၈ မှ ၄၂ ထိ၊ မတ် ၂၇ ရက်နောက်ပိုင်းမှာ နယ်ခြားမှတ်တိုင်အမှတ် ၄၂ မှ ၄၅ ထိ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Photo Credits- Information Commette

ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေနဲ့ ပက်သက်လို့ ဆောင်ရွက်ရမယ့် အစီအစဉ်တွေကို လက်မှတ်ရေးထိုး

ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူ ၅၅၆ ဦးကို ဘင်္ဂလားဒေ့ရှ်က လွှဲပြောင်းရင် လက်ခံဖို့ အသင့်ပြင်ဆင်ထားတယ်လို့ မြန်မာအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ ဒီ ၅၅၆ ဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပေးပို့လာတဲ့ အစ္စလာမ်ဘာသာဝင် ၈၅၃၂ ဦးထဲကနေ စနစ်တကျ စီစစ်အတည်ပြုထားတဲ့ သူတွေဖြစ်ပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အောင်မြင်စေဖို့အတွက် အချက်အလက်တွေ မှန်ကန်မှုရှိ မရှိ၊ အိမ်ထောင်စု ဓာတ်ပုံများနှင့် ရွာအမည်၊ တစ်ဦးချင်းအမည်ကို မြန်မာအစိုးရဘက်က စနစ်တကျ စိစစ်နေတယ်လို့ အစိုးရကသတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူများနဲ့ ပက်သက်လို့ ဆောင်ရွက်ရမယ့် အစီအစဉ်ဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနိုင်ငံခြားရေး ဝန်ကြီးတွေကနေတစ်ဆင့် အစည်းအဝေးကို နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်မှာ ကျင်းပပြီး နှစ်နိုင်ငံအကြား ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေနဲ့ ပက်သက်လို့ ဆောင်ရွက်ရမယ့် အစီအစဉ်တွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

 

နိုင်ငံတော် သမ္မတ ဦးထင်ကျော်နုတ်ထွက်

နိုင်ငံတော် သမ္မတ ဦးထင်ကျော်ဟာ လက်ရှိ အလုပ်တာဝန်တွေကနေ အနားယူလိုတာကြောင့် ၂၀၁၈ ခုနှစ် မတ် ၂၁ ရက်မှစပြီး နိုင်ငံတော် သမ္မတရာထူးက နုတ်ထွက်သွားတယ်လို့ နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြည်ထောင်စု သမ္မတနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၇၃၊ ပုဒ်မခွဲ (ခ) နဲ့ အညီ လစ်လပ်သွားတဲ့ နိုင်ငံတော်သမ္မတရာထူးကို အလုပ်လုပ်ရက် ခုနှစ်ရက်အတွင်း ဖြည့်စွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံတော် သမ္မတ ဦးထင်ကျော်နုတ်ထွက်တဲ့နေ့မှာပဲ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်ကလည်း ဥက္ကဌရာထူးက နုတ်ထွက်သွားပါတယ်။ လူမှုကွန်ရက် အင်တာနက်စာမျက်နှာမှာတော့ လစ်လပ်သွားတဲ့ သမ္မတ ဦးထင်ကျော်နေရာမှာ ဦးဝင်းမြင့် ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အသစ်ဖြစ်လာမယ့် သမ္မတဟာ ဘယ်သူဖြစ်မလဲဆိုတာကိုတော့ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ ပြည်သူလူထုက အထူး စိတ်ဝင်စားနေကြတာ တွေ့ရပါတယ်။

 

လွှတ်တော်ဥက္ကဌရာထူးအတွက် ဦးတီခွန်မြတ် ရွေးချယ်ခံရ

နုတ်ထွက်သွားတဲ့ ပြည်သူလွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်နေရာမှာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးတီခွန်မြတ်ကို မတ် ၂၂ ရက်မှာ ကျင်းပတဲ့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ကာ ရွေးချယ်လိုက်ပါတယ်။ ဦးတီခွန်မြတ်ဟာ နဂိုက ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီဝင်ဟောင်းဖြစ်တာကြောင့် ဒီလိုခန့်အပ်တာ နဲ့ ပက်သက်လို့ လူမှုကွန်ရက်အင်တာနက်စာမျက်နှာမှာ ဝေဖန်မှုတွေလည်းရှိနေပါတယ်။

သူရဲ့နေရာမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တစ်ဦးလည်းဖြစ်တဲ့ နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်(ခေါ်) ဦးထွန်းထွန်းဟိန်ကို လွှတ်တော်ကနေ ရွေးချယ်တင်မြောက်လိုက်ပါတယ်။

Photo Credit – Pyithu Hluttaw

 

ရော်ဘာလုပ်ငန်းဖွံ့ဖြိုးတိုးတတ်အောင် နိုင်ငံတော်က ပံ့ပိုးကူညီသွားမယ်

မြန်မာ့ရော်ဘာလုပ်ငန်းဖွံ့ဖြိုးတိုးတတ်အောင် နိုင်ငံတော်အစိုးရက ပံ့ပိုးကူညီပေးသွားမယ်ဖြစ်တယ်လို့ မတ် ၂၁ ရက် နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာ့ရော်ဘာကဏ္ဍဖွံ့ဖြိုးရေး နှီးနှောဖလှယ်ဆွေးနွေးပွဲ(Myanmar Rubber Forum-2018) ဖွင့်ပွဲအခမ်းအနားမှာ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက တက်ရောက်ပြောကြားသွားခဲ့ပါတယ်။

ဦးဟင်နရီဗန်ထီးယူက ရော်ဘာဟာ ကမ္ဘာတစ်ဝန်းအရေးကြီးတဲ့ စက်မှုကုန်ကြမ်းသီးနှံတစ်ခုဖြစ်တာကြောင့် ကမ္ဘာပေါ်မှာ သံ နဲ့ သံမဏိလုပ်ငန်းပြီးရင် ဒုတိယအကြီးမားဆုံး စက်မှုလုပ်ငန်းဖြစ်တဲ့အကြောင်း၊ ရော်ဘာဟာ ကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်တဲ့နေရာမှာ မရှိမဖြစ် အသုံးပြုရတဲ့ စက်မှုကုန်ကြမ်းတစ်ခုဖြစ်တာကြောင့် ကမ္ဘာအကြီးမားဆုံး တာယာလုပ်ငန်းရဲ့ ဝယ်လိုအားတွေကြောင့် ရော်ဘာဟာ အဖိုးတန်နိုင်ငံခြားဝင်ငွေ ရရှိစေတဲ့ ကုန်ပစ္စည်းဖြစ်တဲ့အကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ ရော်ဘာကို အဓိက ဦစားပေး စက်မှုကုန်ကြမ်းသီးနှံအဖြစ် သတ်မှတ်ထားပြီး ရော်ဘာလုပ်ငန်း စဉ်ဆက်မပြတ်တိုးတတ်မှုရရှိရေး အားစိုက်ဆောင်ရွက်သွားကြဖို့ တိုက်တွန်းကြောင်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit-Myanmar President Office

 

ခိုးဝင်ဘင်္ဂါလီတွေကို ဖမ်းမိပြန်ပြီ

မတ်လ ၂၀ ရက်မှာ နံနက် ၅ နာရီခွဲချိန်မှာ ပုသိမ်-မုံရွာကားလမ်းပေါ် မိုင်တိုင်အမှတ်(၂၅၂/၂) အနီး ဇီးကြီးကျေးရွာအနောက်ဘက် ၄ ဖာလုံအကွာမှာ ဘင်္ဂါလီ ၁၀ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစဋ္ဌီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ယင်များက မတ် ၂၀ ရက် နံနက် ၅ နာရီချိန်မှာ ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင်အမှတ်(၂၄၅/၂)အနီးက ဇီးကြီးကျေးရွာအဝင်လမ်းထိပ်သို့ အရောက်မှာ မသင်္ကာဖွယ် အမျိုးသားလေးဦးကိုတွေ့ရှိတာကြောင့် ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ စစ်ဆေးချက်အရ အမ်းမြို့နယ်၊ ကျောက်ဇကွဲကျေးရွာနေ ချင်းလူမျိုးသားလေးဦးဟာ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် နဲ့ မင်းပြားမြို့နယ်တို့မှ ဘင်္ဂါလီ ၁၀ ဦးကို မြောက်ဦးမြို့ကနေ ရန်ကုန်အထိ တစ်ဦးကို ငွေကျပ် ၂၅၀၀၀၀ နှုန်းနဲ့ ခေါ်ဆောင်လာသူတွေဖြစ်နေတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ စစ်ဆေးတွေ့ရှိတာကြောင့် ဘင်္ဂါလီတွေကို ဖမ်းဆီးရမိခဲ့တာပါ။

Thar Ko (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top