ခိုးမှုကျူးလွန်ထားတယ်လို့ သတင်းရတာကြောင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နှင်းရေးဌာနစုက တပ်ဖွဲ့ဝင်တွေဟာ လှိုင်သာယာမြို့နယ်နေ မင်းသူရကျော်၊ ပြည့်စုံထွန်း(ခ)ပလပ်၊ ကျော်ဇေယျ(ခ)မိုးဒီ၊ သက်ပိုင်ထွန်း၊ ရဲရင့်မင်းဦး(ခ)ကိုရဲတို့ ၅ ဦးကို သွားရောက်ဖမ်းဆီး ရမိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။
ဖမ်းမိတဲ့သူတွေကို စစ်ဆေးခဲ့တဲ့အခါ သူတို့ဟာ သက်ပိုင်စိုး(စုံစမ်းဆဲ)၊ ပြည့်ပြည့်(စုံစမ်းဆဲ) တို့နဲ့အတူ လှိုင်သာယာမြို့နယ်၊ အမှတ် ၅ ရပ်ကွက်၊ မဟာဆွေ ၈ လမ်းဘေးရှိအဆောင်အတွင်းက Huawei အမှတ်တံဆိပ် လက်ကိုင်ဖုန်းကို ခိုးယူရောင်းချတယ်လို့ ပေါ်ပေါက်တာကြောင့် လှိုင်သာယာမြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပါတယ်။
ဆက်လက်စစ်ဆေးတဲ့အခါမှာတော့ သူတို့ဟာ ၂၀၁၇ ခုနှစ် ဇွန်၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလတွေမှာ လှိုင်သာယာမြို့နယ်အတွင်း နေအိမ်တွေက ဖုန်းခိုးမှု ၁၅ မှု ကျူးလွန်ထားတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ စစ်ဆေးပေါ်ပေါက်ချက်တွေအရ ခိုးမှုကျူးလွန်သူ ၅ ဦးကို လှိုင်သာယာမြို့မရဲစခန်းမှာ အမှုတွေအသီးသီးဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိပြီး သက်သေခံလက်ကိုင်ဖုန်းတွေကိုလည်း ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပါတယ်။
ဒါ့အပြင် အမှုက လွတ်မြောက်နေသူ ပြည့်ပြည့် နဲ့ သက်ပိုင်စိုးတို့ကို ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိပြီး အမှုတွေက ပျောက်ဆုံးလက်ကိုင်ဖုန်းတွေနဲ့ ပက်သက်ပြီး ပိုင်ရှင်တွေအနေနဲ့ လှိုင်သာယာမြို့မရဲစခန်းမှာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Thar Ko (ရိုးရာလေး)