အိမ်ခြေရာမဲ့တွေကို တစ်ဖက်တစ်လမ်းကနေကူညီပေးနေတဲ့ နှလုံးလှပိုင်ရှင်လေး

26-11-2020-yyl-017.jpg

ဂျော်ဂျီယာနိုင်ငံက (၆) နှစ်သမီးလေးတစ်ယောက်ကတော အရွယ်နဲ့မလိုက်အောင် စိတ်ထားမွန်မြတ်လှတဲ့ နှလုံးလှပိုင်ရှင်လေးပါ။ ဘီသနီ မော်ထရီ (Bethany Moultry) ဆိုတဲ့ အဲဒီကလေးလေးက သူ့ရဲ့မွေးရပ်မြေမှာ အိမ်ခြေရာမဲ့လူတွေကို ကူညီဖို့အတွက် အစီအစဉ်တစ်ခုလုပ်ဆောင်နေပါတယ်။ အိမ်ခြေရာမဲ့လူတွေကို ဘီသနီကူညီပေးနေတာက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက ဖြစ်တယ်လို့ သူ့မိခင်ရဲ့ပြောစကားအရ သိရပါတယ်။

ဘီသနီဟာ လမ်းဘေးတစ်နေရာမှာ ကူညီတောင်းခံနေတဲ့ ဆိုင်းဘုတ်နဲ့ ရပ်နေတဲ့ အမျိုးသားတစ်ဦးကို တွေ့ကတည်းက အိမ်ခြေရာမဲ့တွေကို ကူညီပေးချင်ခဲ့တာဖြစ်ပါတယ်။ အဲဒီအမျိုးသားကို ဘီသနီတွေ့တဲ့အချိန်မှာ ငိုနေခဲ့ပြီး သူ့ရဲ့စုဗူးကို ဖောက်ပြီး သူ့ပိုက်ဆံအားလုံးကို အဲဒီအမျိုးသားကို ပေးဖြစ်ရမလားလို့ သူ့ရဲ့အမေကို ဘီသနီက မေးခဲ့တာပါ။ အဲဒီတုန်းက သူ့အမေကလည်း သူ့ကို ကူညီပေးဖို့အခြားနည်းလမ်းရှိလောက်ပါတယ်လို့ ချော့မော့ရှင်းပြခဲ့ရပါတယ်။ ဘီသနီနဲ့သူ့မိခင် ကော်လိန် မော်ထရီ (Colleen Moultry) တို့နှစ်ယောက် ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာဖွေရင်း မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေထည့်ထားတဲ့ Happy Bags ဆိုတဲ့ စိတ်ကူးရလာခဲ့ပါတယ်။ အဲဒီ Happy Bags တွေကို အိမ်ခြေရာမဲ့တွေကို ပေးမှာဖြစ်ပါတယ်။ အဲဒီအိတ်ထဲမှာ ခြေအိတ်၊ Mask (၂) ခု၊ အနာကပ်ပလာစတာ၊ လိမ်းဆေး၊ Body Wipesအပြင် သစ်သီးခွက်တစ်ခု၊ ပရိုတင်းနဲ့ ဖျော်ရည်တွေလည်း ပါဝင်ပါတယ်။

ဘီသနီရဲ့မိခင်က အဖွဲ့အစည်းတွေကို လှူဒါန်းမယ့်အစား သူတို့ကိုယ်တိုင် ပစ္စည်းအိတ်တွေလှူဒါန်းတာက သူ့သမီးလေးကို ဘယ်သူ့ကို ကူညီပေးနေတယ်။ ဘယ်လိုကူညီပေးနေတယ်ဆိုတာကို နားလည်ဖို့နဲ့ အခြားသူတွေကို ကူညီပေးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေတတ်စေချင်တာကြောင့်ဖြစ်ပါတယ်။ ဘီသနီက ဒီပရောဂျက်မှာ အရမ်းစိတ်နှစ်ထားတာပါ။ (၆) နှစ်ပြည့်မွေးနေ့မှာ ဘာလုပ်ချင်လဲ မေးရင်း Happy Bags အတွက် ပစ္စည်းတွေ ပိုထည့်ပေးချင်တယ်လို့ ဘီသနီက ဖြေတတ်တယ်လို့ ဘီသနီရဲ့မိခင်က ဆိုပါတယ်။ သူ့သမီးလေး အဲဒီလိုဖြေလိမ့်မယ်လို့ မမျှော်လင့်ခဲ့ကြောင်း၊ စက်ဘီးအသစ်၊ အရုပ်တွေပဲ ပူဆာလိမ့်မယ်ထင်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

အိမ်ခြေရာမဲ့တွေက အိမ်လည်းမရှိ၊ အသုံးအဆောင်တွေလည်းမရှိတဲ့အတွက် အခုလိုကူညီပေးရတာကို ဘီသနီက ပျော်ရွှင်နေပြီး အခြားသူတွေကို ကူညီရတာ အရမ်းကောင်းတယ်လို့ ဘီသနီက ဆိုပါတယ်။ တဖြည်းဖြည်းနဲ့ ဘီသနီရဲ့Happy Bags အစီအစဉ်ကို လူသိများသွားခဲ့ပြီး Amazon Wish List ကနေတဆင့် လိုအပ်တဲ့အပိုပစ္စည်းတွေ ရရှိတော့မှာဖြစ်ပါတယ်။ မြို့တွင်းကျောင်းတွေ၊ The Matthew Reardon Center for Autism တို့ကလည်း ဘီသနီနဲ့အတူ ကူညီလှူဒါန်းပေးခဲ့ကြပါတယ်။ Happy Bags တွေကို ဝေပေးဖို့အတွက်ကတော့ အိမ်ရာမဲ့အဖွဲ့အစည်းတွေ၊ ရဲဌာနတွေနဲ့ချိတ်ဆက်လုပ်ကိုင်တယ်လို့ သိရပါတယ်။

ဒီနေ့အထိ ဘီသနီဟာ အိမ်ရာမဲ့တွေကို Happy Bags (၇၅၀) ကျော်ကို ပေးဝေပြီးသွားခဲ့ပါပြီ။ ဘီသနီရဲ့မိခင်က ပြောမပြတတ်လောက်အောင် သူ့သမီးကို အရမ်းဂုဏ်ယူတယ်လို့ ဆိုပါတယ်။ တစ်ခါတလေ ခက်ခဲတဲ့အခြေအနေတစ်ခုကို တွေ့တဲ့အခါ အခြားနည်းတစ်နည်းနဲ့ဖြေရှင်းဖို့ ရှာဖွေရတာ လွယ်ကူတယ်လို့ ထင်ကြောင်းပြောပါတယ်။

ဘီသနီရဲ့နောက်ဆုံးရည်မှန်းချက်ကတော့ အိမ်ရာမဲ့တွေအတွက် အိမ်သေးသေးလေးတွေဆောက်ပေးနိုင်ဖို့ပါပဲ။ ဒါပေမဲ့ အခုတော့ အခြားသူတွေရဲ့အကူအညီတွေကိုလည်း မျှော်လင့်နေပါတယ်။ အိမ်ရာမဲ့တွေကို အလုပ်သင်ကြားပေးပြီး ကူညီပေးတာကလည်း အိမ်ရာမဲ့တွေ ဝင်ငွေရလာနိုင်တဲ့ အခြားနည်းတစ်ခုလည်းဖြစ်တယ်လို့ ဆိုပါတယ်။

Ref: ABCNews “This 6-year-old girl is helping homeless people in Georgia with ‘happy bags'”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top