လက်မှာ “911”လို့ ရေးပြီး အသံတိတ်အကူအညီတောင်းနေတဲ့အမျိုးသမီးကို သော့ပြင်ဆရာ ကယ်တင်ပေးခဲ့

8-10-2020-yyl-028.jpg

ဒုက္ခရောက်နေတဲ့ တစ်စုံတစ်ယောက်ဟာ လက်မှာ ရေးထားတဲ့စာကို ပြပြီး အသံတိတ်အကူအညီတောင်းမယ်ဆိုရင် သင်ဘယ်လိုလုပ်မလဲ။ သူ ဒုက္ခတွေ့နေတယ်ဆိုတာ သင်ရိပ်မိပါမလား။ ယူးတားပြည်နယ်၊ မစ်တ်ဝေးမြို့က အမျိုးသမီးတစ်ယောက်ကတော့ သူ့လက်မှာ “911” လို့ ရေးပြီး လူတစ်ယောက်ကို တိတ်တဆိတ်အကူအညီတောင်းလိုက်တဲ့အခါမှာ သူ့အိမ်မှာ ချုပ်နှောင်ထားခံရတဲ့အန္တရာယ်ကနေ လွတ်မြောက်သွားခဲ့ရပါတယ်။ သူ့ကို ကယ်တင်ခဲ့တဲ့သူက သူ့အိမ်တံခါးကို လာပြင်ပေးခဲ့တဲ့ သော့ပြင်ဆရာပါ။

သော့ပြင်ဆရာက အဲဒီအမျိုးသမီးရဲ့အိမ်ရှေ့တံခါးကို လာပြင်တဲ့အချိန်မှာ ဒုက္ခရောက်နေတာကို ရိပ်မိခဲ့ပြီး ရဲကို အကြောင်းကြားပေးခဲ့တာပါ။ သော့ပြင်ဆရာက သော့ပြင်ပြီးလို့ အဲဒီအမျိုးသမီးကို ပြေစာပေးတဲ့အချိန်မှာ (911) လို့ရေးထားတဲ့ သူ့လက်ကို ပြခဲ့ပါတယ်။ သော့ပြင်ဆရာ ရိပ်မိသွားလို့ ကြည့်လိုက်တဲ့အချိန် အိမ်ထဲမှာ အဲဒီအမျိုးသမီးရဲ့အနီးနားမှာ ကပ်နေတဲ့ သံသယရှိအမျိုးသားတစ်ယောက်ရှိနေပါတယ်။ အဲဒါနဲ့ သော့ပြင်ဆရာလည်း အဲဒီအမျိုးသား သတိမထားမိခင်မှာ ဖုန်းဆက်ပြီး ရဲခေါ်ခဲ့ပါတယ်။

အိမ်ကို ရဲအရာရှိတွေ ရောက်လာတဲ့အခါမှာ အိမ်ထဲရှိနေတဲ့ အမျိုးသားက ဒုက္ခရောက်နေတဲ့အမျိုးသမီးနဲ့ အရင်က ပတ်သက်ခဲ့ဖူးတဲ့ ဂရန့် အီဂါစတန် (Grant Eggertsen) ဆိုသူဖြစ်ပြီး ဂရန့်က အမျိုးသမီးရဲ့ခွင့်ပြုချက်မရှိဘဲ အိမ်ထဲ ကျူးကျော်ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သူ အခြားတစ်ယောက်နဲ့ တွဲနေလို့ ဂရန့်က စိတ်ဆိုးဒေါသထွက်ပြီး စကားများခဲ့ကြတယ်လို့ အမျိုးသမီးက ပြောပါတယ်။ သူ့ကို အိမ်ထဲကနေ အပြင်ကို မထွက်ခိုင်းတဲ့အပြင် ဖုန်းလည်းဆက်ခွင့်မပေးတဲ့အတွက် ဘယ်သူကိုမှ ဖုန်းဆက်အကြောင်းကြားလို့မရခဲ့ဘူးလို့ ဆိုပါတယ်။

ရဲအရာရှိတွေက ဂရန့်ကို ဖမ်းဆီးခဲ့ပြီး Wasatch County Attorney’s Office က သူ့ကို ဥပဒေနဲ့မလွတ်ကင်းတဲ့ ချုပ်နှောင်ထားမှု၊ ကျူးကျော်ဝင်ရောက်မှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတို့နဲ့ စွဲချက်တင်ခဲ့ပါတယ်။ The Wasatch County Justice Court က ဂရန့်ကို အာမခံနဲ့လွှတ်မပေးဘဲ အကျဉ်းချထားဖို့ အမိန့်ချမှတ်ခဲ့ပေမဲ့ the Fourth District Court ကတော့ အမိန့်ကို ပြောင်းခဲ့ပြီး ဒဏ်ငွေ ဒေါ်လာ ၅၀၀၀ နဲ့ အချုပ်ကနေ လွှတ်ပေးခဲ့ပါတယ်။

အမျိုးသမီးရဲ့နာမည်ကိုတော့ ထုတ်ပြောမထားပါဘူး။ သော့ပြင်ဆရာရဲ့နာမည်ကိုတော့ ဂျော့လို့ပဲ သိရပါတယ်။ “သော့ပြင်ဆရာတစ်ယောက်ဖြစ်ရတာ တချို့အခြေအနေတွေမှာ ပါဝင်ပတ်သက်ရပါတယ်။ အခုတစ်ခါလောက်တော့ မဆိုးပါဘူး”လို့ ဂျော့က ပြောပါတယ်။ ဒုက္ခရောက်နေတဲ့အမျိုးသမီးက သူ့လက်ကို နှစ်ခါတောင်ပြခဲ့တာလို့ ဆိုပါတယ်။ အဲဒီအမျိုးသမီးဒုက္ခရောက်မှန်းသိတော့ ဂျော့က FBI မှာ အလုပ်လုပ်နေတဲ့သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်ပြီး ဘယ်လိုလုပ်ရမလဲမေး၊ ပြီးမှ ၉၁၁ ကို ဖုန်းခေါ်ခဲ့တာပါ။ အဲဒီအမျိုးသမီးကလည်း ဂရန့် သူ့အိမ်ကို ရောက်မလာခင်မှာ သော့ပြင်ဆရာကို လာဖို့ ခေါ်ခဲ့တာပါ။ ဒါမှ သူ့အိမ်အပြင်ဘက်မှာသူ့ကို စောင့်ကြည့်ပေးပြီး အကူအညီပေးနိုင်မယ့် လူတစ်ယောက်ရှိစေချင်တဲ့အတွက်ကြောင့်လို့ သိရပါတယ်။

Ref: CNN “Locksmith helps save Utah woman who wrote ‘911’ on her hand in a silent plea for help”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top