ဘွဲ့ယူတဲ့အချိန် အနီးနားမှာ မီးလောင်လို့ သွားရောက်ငြိမ်းသတ်ပေးခဲ့ရတဲ့ အထက်တန်းကျောင်းသားလူငယ်တစ်စု

1-7-2022-04.jpg

မီးသတ်ဌာနမှာ စေတနာ့ဝန်ထမ်းလုပ်တဲ့ အထက်တန်းကျောင်းသားလူငယ်တစ်စု

နယူးယောက်မြို့က Port Jefferson အထက်တန်းကျောင်းရဲ့ ကျောင်းသား (၆) ဦးပါတဲ့ အသက် (၁၇-၁၈) နှစ်အရွယ် လူငယ်တစ်စုဟာ ဘွဲ့နှင်းသဘင်အခမ်းအနားကနေ မီးငြိမ်းသတ်ပေးရမယ့်နေရာဆီ ရောက်သွားခဲ့ရပါတယ်။

Port Jefferson မီးသတ်ဌာနနဲ့အတူ စေတနာ့ဝန်ထမ်းလုပ်တဲ့ အဲဒီကျောင်းသားအဖွဲ့ဟာ ပြီးခဲ့တဲ့သောကြာနေ့က ဘွဲ့ယူပြီးတဲ့အချိန် သူတို့ရဲ့မိသားစုဝင်တွေနဲ့ ဓာတ်ပုံတွေရိုက်နေခဲ့ကြပါတယ်။ အဲဒီအချိန်မှာ သူတို့တွေဟာ မီးလောင်တဲ့အချက်ပေးမှုကို ရရှိခဲ့ပါတယ်။

သူတို့လုပ်နေတဲ့ အရာတွေကို ပစ်ချထားခဲ့ပြီး မီးသတ်ဌာနဆီ အလျင်အမြန်ပြေးကာ ဘွဲ့ယူတဲ့ဝတ်စုံအပေါ်ကနေ မီးသတ်ဝတ်စုံကို ကောက်ဝတ်ဆင်ခဲ့ရပါတယ်။ တချို့ဆို နက်ကတိုင်ကိုတောင် မဖြုတ်အားဘဲ မီးသတ်ဝတ်စုံကို ဝတ်ဆင်ခဲ့ရတာပါ။

မီးငြိမ်းသတ်ဖို့ အပြေးအလွှားသွားရတဲ့အတွက် မီးသတ်ဌာနမှာ ဘွဲ့ဝတ်ရုံတွေကို ချွတ်ထားခဲ့တဲ့ပုံ

ကျောင်းသား (၆) ဦးထဲက (၂) ဦးက ရှေ့ကသွားတဲ့မီးသတ်ကားနဲ့ လိုက်ပါခဲ့ပြီး ကျန် (၄) ဦးကတော့ နောက်ကကားနဲ့ လိုက်ခဲ့ပါတယ်။ မီးလောင်တဲ့အိမ်က သူတို့အတန်းဖော်တစ်ယောက်ရဲ့အိမ်ဖြစ်ခဲ့ပါတယ်။ အဲဒီအတန်းဖော်လည်း သူ့အိမ်မီးလောင်နေတာကြောင့် ဘွဲ့နှင်းသဘင်အခမ်းအနားကနေ ပြန်ပြေးလာခဲ့ရပါတယ်။

မီးကို အလျင်အမြန်ငြိမ်းသတ်နိုင်ခဲ့ပြီး ဘယ်သူမှ ထိခိုက်ဒဏ်ရာမရရှိခဲ့ဘူးလို့ Port Jefferson မီးသတ်ခေါင်းဆောင် ခရစ်ရှန် နူဘတ်က ပြောပါတယ်။ ကျောင်းသား (၆) ဦးက အသက် ၁၄ နှစ်မှာ မီးသတ်ဌာနရဲ့အငယ်တန်းစေတနာ့ဝန်ထမ်းပရိုဂရမ်မှာ ပါဝင်ခဲ့ပြီး တစ်နှစ်ခွဲလောက်မှာ စေတနာ့ဝန်ထမ်းအဖြစ် အပြည့်အဝလုပ်ဆောင်ပေးနိုင်ခဲ့တယ်။ သူတို့အားလုံးဟာ ပြင်းထန်တဲ့ လေ့ကျင့်မှုတွေ လုပ်ဆောင်ထားပြီးသားဖြစ်တယ်လို့ ခရစ်ရှန်ကပြောပါတယ်။

အခြားသူတွေနဲ့အတူ ဘွဲ့ဝတ်စုံနဲ့ရိုက်ထားတဲ့ ကျောင်းသား (၆) ဦး

အဲဒီကျောင်းသား (၆) ဦးကတော့ ရမ် ပါမယ်ဂီယားနီ၊ ကာဆူမီ လိန်း စတာဆစ်ခ်၊ ဟန်တာ ဗိုလ်ပီ၊ အန်ဒရူး ပတ်တာဆန်၊ ရှိန် ဟာတင်ဂျ်၊ ပီတာ ရစ်ဇ်ဇိုတို့ပါပဲ။ ဘွဲ့ယူတဲ့နေ့က သူတို့ စီစဉ်ထားသလို မဖြစ်လာခဲ့ပေမဲ့ အမှတ်တရအဖြစ် ကျန်ရှိနေမှာပါ။

“ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ကျွန်တော်ရိုက်တဲ့ပုံတွေထက် မီးလောင်တဲ့နေရာမှာ ကျွန်တော့်ရဲ့ပုံတွေ ပိုပြီး ရိုက်ခဲ့ရတယ်။ ဒါပေမဲ့ လူတွေကို ပြောပြနိုင်တဲ့ ကောင်းတဲ့ဇာတ်လမ်း၊ ကောင်းတဲ့အမှတ်တရအဖြစ် ဒါကို ကျွန်တော် သေချာပေါက် အမှတ်ရနေမှာပါ”လို့ အသက် ၁၈ နှစ် ရမ် ပါမယ်ဂီယားနီက ဆိုပါတယ်။

Ref: GMA “Long Island high school students leave graduation to put out fire”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top