အပစ်အခတ်ရပ်စဲမှု စတင်ပြီး နာရီပိုင်းအကြာမှာ ပါလက်စတိုင်းလက်နက်ကိုင်တွေက အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်

yyl-010-6.jpg

အပစ်အခတ်ရပ်စဲမှု စတင်ပြီး နာရီပိုင်းအကြာမှာပဲ ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ပါလက်စတိုင်း လက်နက်ကိုင်တွေက အစ္စရေးနိုင်ငံကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ အစ္စရေးနိုင်ငံရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ Palestinian Islamic Jihad အဖွဲ့ ထိပ်တန်းခေါင်းဆောင် အယ်အတာနဲ့ သူ့ဇနီး သေဆုံးခဲ့ပြီးနောက်မှာ အခြေအနေတွေ တင်းမာလာခဲ့တာပါ။

အစ္စရေးလေယာဉ်တွေက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့သလို ပါလက်စတိုင်းလက်နက်ကိုင်တွေကလည်း ဒုံးကျည် ၄၅၀ ပစ်လွှတ်ခဲ့ပါတယ်။ တိုက်ခိုက်မှုတွေ ၂ ရက်ကြာ ဖြစ်ပွားခဲ့တဲ့ကာလအတွင်း ပါလက်စတိုင်းဒေသခံ ၃၄ ယောက် သေဆုံးခဲ့ပြီး အစ္စရေးနိုင်ငံသား ၆၃ ယောက် ဆေးကုသမှုခံယူခဲ့ရပါတယ်။ သေဆုံးခဲ့သူတွေထဲမှာ ၂၅ ယောက်ဟာ လက်နက်ကိုင်တွေ ဖြစ်တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ ကြာသပတေးနေ့ နံနက်အစောပိုင်းကလည်း ဂါဇာကမ်းမြောင်ဒေသမှာ မိသားစု ၈ ယောက် သေဆုံးခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။

အစ္စရေးနိုင်ငံကတော့ လက်နက်ကိုင်တစ်ယောက်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ကုလသမဂ္ဂနဲ့ အီဂျစ်အစိုးရရဲ့ ကြိုးပမ်းမှုကြောင့် အစ္စရေးနဲ့ ပါလက်စတိုင်း လက်နက်ကိုင်တွေကြားမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြတယ်လို့ အစောပိုင်းက သတင်းထွက်ခဲ့ပါတယ်။အစ္စရေးနိုင်ငံကတော့ အပစ်အခတ်ရပ်စဲလိုက်ပြီဆိုတာကိုအတည်ပြုခဲ့ခြင်း မရှိပါဘူး။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အစ္စရေးကက်ဇ်ကတော့ ”ဆိတ်ငြိမ်မှုကို ဆိတ်ငြိမ်မှုနဲ့ တုံ့ပြန်မယ်။ အစ္စရေးနိုင်ငံကို ထိခိုက်အောင်လုပ်ဖို့ ကြိုးစားနေသူတွေကို ပစ်ခတ်ဖို့ဆိုရင်တော့ အစ္စရေးနိုင်ငံက ဘယ်တော့မှ လက်တွန့်နေမှာမဟုတ်ပါဘူး။ ဂါဇာကမ်းမြောင်ဒေသပဲဖြစ်ဖြစ်၊ တခြားဘယ်နေရာပဲဖြစ်ဖြစ်ပါ”လို့ ပြောခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေး စတင်အကျုံးဝင်ပြီလို့ သတင်းထွက်လာပြီးနောက် နာရီပိုင်းအကြာမှာပဲ ဂါဇာကမ်းမြောင်ဒေသကနေ ဒုံးကျည် ၅ စင်း ပစ်ခတ်ခဲ့ပြီး ဒုံးကျည် ၂ စင်းကို Iron Dome လေကြောင်းကာကွယ်ရေးစနစ်က တားဆီးနိုင်ခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ ဒုံးကျည်တွေကြောင့် ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူ ရှိ၊ မရှိဆိုတာကိုတော့ မသိရသေးပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top