တဒင်္ဂ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းရဲ့ နောင်တ

th1VS0YR2D.jpg

တစ်ခါက အရမ်းချစ်ကြတဲ့ ဇနီးမောင်နှံရှိကြသတဲ့။ သူတို့နှစ်ဦးဟာ ဆယ်နှစ်ကျော်ကြာ ပေါင်းသင်းနေထိုင်ခဲ့ကြပြီး ကလေးမရရှိသေးပါဘူး။ တဖြည်းဖြည်းနဲ့ သူတို့ရဲ့ အိမ်ထောင်သက်ဟာ ၁၁နှစ်ကို ရောက်ရှိလို့လာပါပြီ။ အပေါင်းအသင်းမိတ်ဆွေတွေနဲ့ မိသားစုဝင်တွေက ကွာရှင်းကြဖို့ တိုက်တွန်းနေကြတာကြောင့် ၁၁နှစ်မြောက်နှစ်မှာ ရင်သွေးလေးရရှိဖို့ သူတို့ ဇနီးမောင်နှံ နှစ်ဦးဟာ အရမ်းကို မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့လည်း သူတို့နှစ်ဦးကြားက ခိုင်မြဲတဲ့ ချစ်ခြင်းမေတ္တာကို သူတို့ လက်လွှတ်မခံနိုင်ကြပါဘူး။

လပေါင်းများစွာ ကြာပြီး တစ်ရက်မှာ ခင်ပွန်းဖြစ်သူ အလုပ်က ပြန်လာချိန်မှာ သူ့ရဲ့ဇနီးဖြစ်သူဟာ ယောင်္ကျားတစ်ယောက်နဲ့ လမ်းလျှောက်နေတာကို မြင်ပါသတဲ့။ တစ်ပတ်လောက်ကြာတဲ့အထိ သူ့ဇနီးနဲ့အတူ ဒီအမျိုးသားကို နေရာအနှံ့မှာ သူတွေ့ပါတယ်။ တစ်ညနေ သူအလုပ်ကနေ ပြန်လာချိန်မှာ အဲဒီအမျိုးသားဟာ သူ့ဇနီးရဲ့ ပါးပြင်ကို နမ်းပြီး အိမ်ကနေ ထွက်သွားတာကို တွေ့မြင်လိုက်ပါတယ်။ ခင်ပွန်းဖြစ်သူဟာ အလွန်ဒေါသဖြစ်ပေမဲ့ သူ့ဇနီးကို ဒီအကြောင်း ဘာမှ မပြောခဲ့ပါဘူး။

နှစ်ရက်အကြာမှာ ခင်ပွန်းဖြစ်သူဟာ ရေကရားထဲမှ ရေသောက်နေချိန်မှာ ဖုန်းမြည်လာပါတယ်။ သူ ဖုန်းကောက်ကိုင်လိုက်တော့ တစ်ဖက်ကလူက “ပြောထားတဲ့အတိုင်း ဒီနေ့ညနေ မင်းအိမ်မှာ မင်းကို လာတွေ့မယ်နော်” လို့ ပြောပါသတဲ့။ ခင်ပွန်းဖြစ်သူ ဖုန်းချလိုက်ပါတယ်။ ယောင်္ကျားတစ်ယောက်ရဲ့ အသံဖြစ်ပြီး ဒီလူဟာ သူ့ဇနီးဖြစ်သူနဲ့ အမြဲတတွဲတွဲ တွေ့နေတဲ့သူ ဖြစ်ကြောင်း သူတပ်အပ်သိလိုက်ပါသတဲ့။ သူ့ဇနီးသည်ကို တခြား ယောင်္ကျားတစ်ယောက် လက်ထဲမှာ ဆုံးရှုံးရတော့မယ်ဆိုတဲ့ အသိစိတ်နဲ့ သူ ရုတ်တရက် တုန်လှုပ်သွားပါတယ်။ လက်ထဲက ရေကရားလွတ်ကျပြီး အစိတ်စိတ်အမွှာမွှာ ကွဲသွားပါတယ်။

သူ့ဇနီးဟာ အခန်းထဲ အပြေးရောက်လာပြီး “ဘာဖြစ်တာလဲ” လို့ မေးပါတယ်။ ခင်ပွန်းဖြစ်သူဟာ ဒေါသတကြီး ဇနီးကို ဆောင့်တွန်းလိုက်ပါတယ်။ ဇနီးဖြစ်သူ လဲကျသွားပြီး ပြန်မထနိုင်ဖြစ်နေပါတယ်။ အဲဒီတော့မှ သူမ လဲကျသွားတဲ့နေရာဟာ ဖန်ကွဲစတွေ ရှိနေတဲ့နေရာဆိုတာ သူ သတိထားမိသွားပါတယ်။ ဖန်ကွဲစကြီးတစ်ခုဟာ သူမကိုယ်တွင်း ဖောက်ထွင်း နစ်ဝင်နေပါတယ်။ သူမရဲ့ သွေးခုန်နှုန်းတွေကို ခံစားမိနေရပေမယ့်လို့ သူမက မလှုပ်တော့ပါဘူး။ ထိတ်လန့်တကြားဖြစ်စွာနဲ့ ဇနီးဖြစ်သူရဲ့ လက်ထဲမှာ စာလေးတစ်စောင်ကို တွေ့လိုက်ပါတယ်။ သူယူလိုက်ပြီး ဖွင့်ဖောက်ကြည့်လိုက်ချိန်မှာ အထဲမှာပါဝင်တဲ့ အကြောင်းအရာတွေကြောင့် တုန်လှုပ်သွားပါတယ်။ စာထဲမှာက-

“ချစ်ရတဲ့ ယောင်္ကျားရေ

ဒီစာကို ကျွန်မရေးနေတဲ့အချိန် ဘယ်လိုခံစားနေရတယ်ဆိုတာကို ပြောတောင် ပြောမပြတတ်ပါဘူးရှင်။ တစ်ပတ်လောက် ကျွန်မ ဆရာဝန်နဲ့ သွားတွေ့ခဲ့တယ်။ ကျွန်မ ရှင့်ကို ပြောပြမယ့် သတင်းကို သေချာအောင်လို့ပါ ကျွန်မမှာ အခုဆိုရင် အမြွှာ ရင်သွေးလေး ကိုယ်ဝန် ဆောင်ထားတာ (၂)လ ရှိပြီလို့ ဆရာဝန်က ပြောထားတယ်။ သူက ကျွန်မတို့ မင်္ဂလာဆောင်ပြီးကတည်းက အဆက်အသွယ်ပြတ်နေတဲ့ ကျွန်မရဲ့ မောင်လေးပါ။ မောင်လေးက ငွေမယူဘဲ ကျွန်မနဲ့ ကျွန်မတို့ရဲ့ ကလေးလေးတွေကို စောင့်ရှောက်ပေးဖို့ ကတိပေးထားတယ်။ သူဒီနေ့ ကျွန်မတို့နဲ့အတူ ညစာ လာစားလိမ့်မယ်။ ကျွန်မအနားမှာ ရှိနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

ချစ်လှစွာသော မိန်းမ”

သူ့လက်ထဲက စာလေး လွင့်ကျသွားပါတယ်။ အဲဒီအချိန်မှာ တံခါးခေါက်သံ ကြားလိုက်ရပြီး သူ့ဇနီးနဲ့ တွေ့တွေ့နေရတဲ့ ယောင်္ကျားကို တွေ့လိုက်ရပါတယ်။ အဲဒီယောင်္ကျားဟာ သူ့ကို နှုတ်ဆက်စကားဆိုပြီး သူဟာ ဇနီးဖြစ်သူရဲ့မောင်ဖြစ်ကြောင်း ပြောလိုက်ပါတယ်။ မောင်ဖြစ်သူက သွေးအိုင်ထဲမှာ လဲကျနေတဲ့ အစ်မဖြစ်သူကို မြင်လိုက်ချိန်မှာ ဆေးရုံကို အမြန် ပို့ဆောင်ပေးပါတယ်။ နောက်ဆုံးမှာတော့ ဇနီးဖြစ်သူဟာ ကိုမာဖြစ်သွားပြီး သူတို့ရဲ့ အမြွှာရင်သွေးလေးကို ဆုံးရှုံးလိုက်ရပါတယ်။

ဒီပုံပြင်ကနေ ရရှိတဲ့သင်ခန်းစာကတော့ အိမ်ထောင်ရေးမှာ ကိုယ့်ရဲ့အိမ်ထောင်ဖက်နဲ့ ပတ်သက်ပြီး ကိုယ်မြင်တာ ကြားတာနဲ့ပတ်သက်ပြီး သံသယတွေနဲ့ မလိုလားအပ်တဲ့ အပြုအမူတွေကို အလျင်အမြန် မလုပ်ဆောင်သင့်ဘူးဆိုတာ နားလည်ရပါမယ်။ လူသားတိုင်းမှာ အပြစ်ဆိုတာ ရှိတတ်ကြပါတယ်။ ဒါကြောင့် တခြားသူတွေကို အဆောတလျင် ပြစ်တင်မဝေဖန် သင့်ပါဘူး။ ကိုယ်မြင်သမျှ ကြားသမျှ ထင်သမျှတိုင်းဟာလည်း အမှန်မဟုတ်နိုင်ပါဘူး။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဘယ်လိုအရာကို မြင်ရ ကြားရပါစေ ကိုယ့်ကိုကိုယ် ထိန်းချုပ်တတ်ဖို့ အမြဲတမ်း သင်ယူသင့်ပါတယ်။

Ref : Knowledge : Bond of Love and the Truth

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top