ဒီနေ့တော့ ရိုးရာလေးပရိတ်သတ်တွေကို ရုပ်ရှင်အညွှန်းလေးတစ်ခု ပေးချင်ပါတယ်။ လက်ရှိ JCGV ရုပ်ရှင်ရုံတွေမှာ ပြနေတဲ့ ရုပ်ရှင်ကားအသစ် ဖြစ်ပါတယ်။ မုဒြာရဲ့ခေါ်သံ လို ဒရာမာဇာတ်ကိုကြည့်ပြီး ကြည်နူးပျော်ရွှင်မှုတွေ ခံစားခဲ့ရသလိုပဲ ဒီရုပ်ရှင်ကလည်း စိတ်လှုပ်ရှား ရင်ခုန်စရာတွေကို ခံစားရစေမှာ အသေအချာပါပဲ။
ဇာတ်ကားနာမည်က “Tomb Raider ပါ။ လွန်ခဲ့တဲ့ နှစ်အတော်ကြာကြာက လာရာ ခရော့ဖ် အဖြစ် အင်ဂျလီနာဂျိုလီ ခပ်လန်းလန်း သရုပ်ဆောင်ခဲ့တဲ့ Tomb Raider ဇာတ်ကားတွေနဲ့ ကွဲပြားတဲ့ ပံုစံမျိုးရိုက်ကူးထားပါတယ်။ 2013တုန်းက ထွက်ခဲ့တဲ့ Tomb Raider game ရဲ့ဇာတ်လမ်းကျောရိုးကို ယူထားပုံရပါတယ်။
လာရာ ဆယ်ကျော်သက်အရွယ်လောက်က လာရာ့အဖေ ရစ်ချတ်ခရော့ဖ် တစ်ယောက် အစအန ပျောက်သွားခဲ့ပါတယ်။ လာရာ အရွယ်ရောက်လာတဲ့ အချိန်ထိဆို ၇ နှစ်လောက် ရှိခဲ့ပါပြီ။ ရစ်ချတ်ခရော့ဖ်ဟာ ချမ်းသာတဲ့ စီးပွားရေးသမားတစ်ဦး ဖြစ်သလို စွန့်စားခန်းတွေနဲ့ စူးစမ်းရှာဖွေရတာတွေကို စိတ်ဝင်စားတဲ့သူလည်း ဖြစ်ပါတယ်။ သူပျောက်မသွားခင်မှာ သူသေဆုံးခဲ့ရင် လာရာ ဆက်ခံရမယ့် အမွေအဖြစ် စီးပွားရေးလုပ်ငန်းကြီးတစ်ခုကို ချန်ထားပေးခဲ့ပါတယ်။
သူ့အဖေ သေပြီဆိုတာကို လက်မခံနိုင်တဲ့ လာရာက အမွေဆက်ခံခွင့် စာချုပ်မှာ လက်မှတ်မထိုးသေးဘဲ စက်ဘီးနဲ့ ပစ္စည်းပို့တဲ့အလုပ် လုပ်ပြီး ဝမ်းကျောင်းနေခဲ့တာ ဖြစ်ပါတယ်။ အမွေစာချုပ် လက်မှတ်ထိုးရမယ့်နေ့မှာ စားပွဲပေါ်က ဂျပန်ရိုးရာ ပဟေဠိ သေတ္တာလေးကို အဖြေရှာကြည့်ရင်း ပဟေဠိသေတ္တာထဲမှာ သူ့အဖေ ထည့်ထားခဲ့တဲ့ စာကို အမှတ်မထင် တွေ့လိုက်ရပါတယ်။ ဒါကြောင့်ပဲ သူ့ရဲ့ ယုံကြည်ချက်က ပိုခိုင်မာလာပြီး သူ့အဖေ အလုပ်ခန်းက စာအုပ်ထဲမှာ ရေးမှတ်ထားတဲ့ ဂျပန်ကမ်းရိုးတန်းအနီးက ကျွန်းတစ်ခုဆီ အဖေဖြစ်သူကို သွားရှာဖို့ ပြင်ပါတော့တယ်။

သူ့ရဲ့ခရီးစဉ် စချိန်ကတည်းက ကျွန်းပေါ်ရောက်ချိန်အထိ တွေ့ရသမျှ အခက်အခဲတွေကိုနည်းအမျိုးမျိုးနဲ့ ရင်ဆိုင် ကျော်ဖြတ်ပြီးတဲ့နောက် သူ့အဖေ ရစ်ချတ်ခရော့ဖ် စိတ်ဝင်တစား လေ့လာချင်တဲ့ ရှေးဂျပန်မင်းသမီးတစ်ပါးနဲ့နောက်လိုက်ငယ်သားတွေကို မြုပ်နှံထားရာ ဂူသချုႋင်းကို တွေ့လိုက်ရတဲ့အခါမှာတော့… ဘယ်လိုအတားအဆီးတွေ အန္တရာယ်တွေကို ထပ်ကြုံရသလဲဆိုတာ စိတ်လှုပ်ရှားစရာကောင်းလွန်းတာမို့ ကိုယ်တိုင် သွားကြည့်ပြီး ခံစားလိုက်ပါ လို့ပဲ အကြံပေးပါရစေ။ ရုပ်ရှင်ထဲက ရိုက်ကွင်း ရိုက်ကွက်တွေ၊ အသံစနစ်တွေက အရမ်းကိုကောင်းပြီး ရင်တမမဖြစ်ရလောက်တဲ့ ဇာတ်ဝင်ခန်းတွေလည်း ပါနေလို့ပါ။

အခုဆိုရင် ဒီဇာတ်ကားဟာ နိုင်ငံတကာက ရုပ်ရှင်ရုံတွေမှာ ပွဲဦးထွက်ပြသမှုကနေ အမေရိကန်ဒေါ်လာ ၈၄.၅ သန်း ဝင်ငွေရရှိထားပြီး ဖြစ်တဲ့အပြင် တရုတ်နိုင်ငံတွင်းမှာလည်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၁.၁သန်းနဲ့ ဦးဆောင်နေပါတယ်။
လာရာခရော့ဖ် အဖြစ် မင်းသမီး အယ်လစ်ရှာ ဗီကန်ဒါက တကယ့်ကို ပီပီပြင်ပြင် ဇာတ်ရုပ်နဲ့ ထပ်တူကျအောင် သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ တရုတ်မင်းသား ဒန်နီရယ်ဝူရဲ့ မာန်ပါပါ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကိုလည်း တွေ့ရမှာပါ။
လာရာခရော့ဖ်ရဲ့ အစဦးဆုံး စွန့်စားခန်း အဖြစ် ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကို ၂နာရီလောက်အချိန်ပေးကြည့်ဖို့က ဘယ်လိုပဲဖြစ်ဖြစ် တန်နေတာမို့ ရိုးရာလေးပရိသတ်တွေ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ လို့ ညွှန်းလိုက်ပါရစေ။
TH (ရိုးရာလေး)
Post Views: 4,537
You may also like...
၂၇ နှစ်အတွင်း ဂီတဖျော်ဖြေပွဲ ၃၄၄ ပွဲ ဖျော်ဖြေနိုင်ခဲ့ပြီးနောက်မှာတော့ Vegetable Orchestra သံစုံတီးဝိုင်းဟာ ဟင်းသီးဟင်းရွက် သစ်သီးဝလံတူရိယာတွေ အသုံးပြုပြီး ဖျော်ဖြေပွဲအများဆုံးလုပ်နိုင်တဲ့ တီးဝိုင်းအဖြစ် ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့ပါတယ်။ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေကို တူရိယာအဖြစ် ဖန်တီး…
ထိုင်ဝမ်နာမည်ကြီးမင်းသမီး ဘာဘီဆု ကွယ်လွန်ခဲ့တာ ၇ လရှိပါပြီ။ သူ့ရဲ့ခင်ပွန်း တောင်ကိုရီးယားရက်ပ်အဆိုတော် DJ Koo ကလည်း ဘာဘီဆုရဲ့အုတ်ဂူရှိရာ Chin Pao San သင်္ချိုင်းကို မကြာခဏ လာကာ ဝမ်းနည်းပူဆွေးလိုနေပါတယ်။ ပြီးခဲ့တဲ့အပတ်က သင်္ချိုင်းကို…
ဒါရိုက်တာ ရော်ဆင်မာရှယ်သာဘာ (Rawson Marshall Thurber) ကိုယ်တိုင် ဇာတ်ညွှန်းရေးသား ရိုက်ကူးမယ့် “Red Notice” ရုပ်ရှင်ဇာတ်ကားမှာ ညှို့မင်းသမီး ဂဲလ်ဂဒေါ့ နဲ့ ဒွိုင်းဂျွန်ဆင်တို့ ပါဝင်ဖို့သေချာသွားခဲ့ပြီလို့ သိရပါတယ်။ ဂဲလ်ဂဒေါ့ကခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်လာမှာပါ။ လာမယ့်နှစ်၂၀၁၉…
ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။