ဒဏ်ရာကို သွေးထွက်နည်းအောင် လုပ်ပေးခဲ့တဲ့ ကြိုးဝိုင်းအကူလူကို တိုင်ဆန်ဖျူရီ ဆုချီးမြှင့်

yyl-014-4.jpg

ဆွီဒင်လက်ဝှေ့သမား အော့တိုဝယ်လင်နဲ့ပွဲမှာ တိုင်ဆန်ဖျူရီ အနိုင်ရခဲ့တယ်ဆိုပေမဲ့ သူ့အခြေအနေက စိုးရိမ်စရာဖြစ်ခဲ့တာတော့ အမှန်ပါပဲ။ တတိယအချီမှာကတည်းက အော့တိုဝယ်လင်ရဲ့ ပါဝါလက်သီးချက်ကြောင့် တိုင်ဆန်ဖျူရီ ညာဘက်မျက်ခုံးကွဲသွားခဲ့လို့ ကြိုးဝိုင်းဆရာဝန်ကို ပြခဲ့ရပါတယ်။ ဒီပွဲကို တိုင်ဆန်ဖျူရီ အနိုင်ရခဲ့တဲ့ အဓိကအကြောင်းရင်းတစ်ရပ်ကို ပြောရမယ်ဆိုရင် အကူလူ ဂျော့ကာပီတီလိုကို ချန်ထားလို့မရပါဘူး။

တစ်ချီနဲ့ တစ်ချီကြား အနားရချိန်မှာ ဂျော့ကာပီတီလိုက ထိရောက်၊ မြန်ဆန်တဲ့ နည်းတွေနဲ့ ကုသပေးခဲ့လို့ တိုင်ဆန်ဖျူရီ ဆက်လက်ယှဉ်ပြိုင်ခွင့်ရခဲ့တာပါ။ အဲဒါကြောင့်လည်း တိုင်ဆန်ဖျူရီက ဂျော့ကာပီတီလိုကို ပွဲအပြီးမှာ ဘောက်ဆူးပေးခဲ့ပါတယ်။ ” ဂျယ်တော်တော်သုံးခဲ့ရတယ်။ ဒဏ်ရာက တော်တော်နက်တယ်ဗျ။ ဆရာဝန်တွေက ဒဏ်ရာကို မမြင်ရအောင် ဖုံးကွယ်ပေးဖို့ ကျွန်တော် ကြိုးစားပေးခဲ့တယ်။ ဆရာဝန်တွေက ပွဲကို ရပ်ပစ်လိုက်နိုင်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒဏ်ရာကို သွေးသိပ်မထွက်အောင် လုပ်ပေးရမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒဏ်ရာက သွေးသိပ်မထွက်ရင် သူတို့ တစ်ချီပြီး တစ်ချီ ဆက်လွှတ်မယ်ဆိုတာ
ကျွန်တော် သိတယ်။ တိုင်ဆန်ဖျူရီက တစ်ချီပြီးတိုင်း အမှတ်အသာရနေတယ်။ အဲဒီတော့ ကျွန်တော် သွေးထွက်နည်းအောင်လုပ်ပေးခဲ့တယ်။ ဆရာဝန်တွေ၊ ကြိုးဝိုင်းဒိုင်တွေက ဒဏ်ရာကိုကြည့်ပြီး ပွဲကို ဆက်ထိုးခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဒဏ်ရာက ကျွန်တော်မြင်ဖူးသမျှထဲမှာ အဆိုးဆုံးပဲ”လို့ ဂျော့ကာပီတီလိုက ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မနက်မှာတော့ ဂျော့ကာပီတီလိုက တိုင်ဆန်ဖျူရီရဲ့ ဒဏ်ရာအခြေအနေ ဘယ်လိုရှိလဲဆိုတာ သွားကြည့်ခဲ့ပါတယ်။ အဲဒီအချိန်မှာ တိုင်ဆန်ဖျူရီက သူ့ကို ဆုကြေးငွေပေးခဲ့တယ်လို့ ဂျော့ကာပီတီလိုက ဆိုပါတယ်။
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top