ICJ ရဲ့ ယခင်အမှုစီရင်ချက်ကို ကိုးကားပြီး ရခိုင်ပြည်နယ်ဖြစ်ရပ်က ဂျီနိုဆိုက်မမြောက်ကြောင်း မြန်မာဥပဒေပညာရှင်အဖွဲ့ ချေပ

yyl-018-6.jpg

ဘင်္ဂါလီတွေကို ဂျီနိုဆိုက်လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေက ပြည့်စုံခြင်းမရှိဘဲ အထင်မှားအောင်လုပ်နေလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ICJ ရဲ့ ဒုတိယနေ့ ကြားနာမှုမှာ လျှောက်လဲခဲ့ပါတယ်။ ဘင်္ဂါလီတွေကို ဂျီနိုဆိုက်လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး(ICJ)မှာ အမှုတင်သွင်းခဲ့ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာဥပဒေပညာရှင်အဖွဲ့က လျှောက်လဲချက်ပေးခဲ့ပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လက မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှာ တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်ခဲ့ပါတယ်။ ရဲကင်းဒါဇင်ပေါင်းများစွာကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဘင်္ဂါလီလက်နက်ကိုင်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ နယ်မြေရှင်းလင်းရေးလုပ်ခဲ့တာလို့ ဒေါ်အောင်ဆန်းစုကြည်က လျှောက်လဲခဲ့ပါတယ်။ ”ဂမ်ဘီယာနိုင်ငံက ရခိုင်ပြည်နယ်ရဲ့ ပကတိအခြေအနေမှန် တစ်ရပ်လုံးကို ပြည့်ဝစုံလင်အောင် မဖော်ပြဘဲ အထင်မှားအောင် ပုံဖော်နေတာ ဝမ်းနည်းစရာပါ”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချိန်မှာ တပ်မတော်က အင်အားသုံးနှိမ်နင်းခဲ့ပြီး အရပ်သားတွေကို သတ်ခဲ့တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ အဲဒီလုပ်ရပ်တွေက ဂျီနိုဆိုက်မမြောက်ဘူးလို့ ဆိုပါတယ်။ ”အဲဒီအခြေအနေအရ ဂျီနိုဆိုက်လုပ်ဖို့ ရည်ရွယ်တယ်ဆိုတဲ့ အယူအဆတစ်ခုတည်းကို စဉ်းစားလို့မရပါဘူး” အပြစ်ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ စစ်သည်တွေ၊ အရာရှိတွေကို အဆက်မပြတ် စုံစမ်းစစ်ဆေး၊ စွဲချက်တင်၊ အပြစ်ပေးနေတဲ့ အဲဒီဒေသမှာ ဂျီနိုဆိုက်လုပ်ဖို့ ရည်ရွယ်ချက် ရှိနိုင်ပါ့မလား”လို့ ဒေါ်အောင်ဆန်းစုကြည်က တရားသူကြီး ၁၇ ဦးရှေ့မှောက်မှာ လျှောက်လဲခဲ့ပါတယ်။

မြန်မာနိုင်ငံအပေါ် ယာယီတားဆီးမိန့် ထုတ်ပြန်ပေးဖို့ ဂမ်ဘီယာနိုင်ငံရဲ့ တောင်းဆိုချက်ကို တရားရုံးက ပယ်ချပေးဖို့ မြန်မာဥပဒေအဖွဲ့က ရှေ့နေ ဝီလျံရှားဘက်က လျှောက်ထားခဲ့ပါတယ်။ JNA နဲ့ ဆားဘီးယားတပ်ဖွဲ့တွေရဲ့ လုပ်ရပ်ကြောင့် သက်ဆိုင်ရာနယ်မြေတွေကနေ ခရိုအေးရှားတွေ ထွက်ပြေးခဲ့ရတဲ့ဖြစ်ရပ်ကို ခရိုအေးရှားနဲ့ ဆားဘီးယားအမှုမှာ ICJ က စစ်ဆေးတွေ့ရှိခဲ့ပေမဲ့ ခရိုအေးရှားမျိုးနွယ်တွေကို စနစ်တကျ ဖျက်ဆီးချေမှုန်းမှုလို့ မသတ်မှတ်ခဲ့ဘဲ လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကနေ ထွက်ခွာသွားအောင် အတင်းအကျပ် ဖိအားပေးခဲ့တာလို့ သတ်မှတ်ခဲ့ကြောင်း ဝီလျံရှားဘတ်က ထောက်ပြခဲ့ပါတယ်။

မျိုးနွယ်စုတစ်စုကို အတင်းအကျပ် နေရာရွှေ့ပြောင်းခိုင်းတာဟာ ဂျီနိုဆိုက်သတ်မှတ်ချက်တွေထဲမှာ ပါဝင်ဘူးလို့ ခရိုအေးရှားနဲ့ ဆားဘီးယားအမှုမှာ သတ်မှတ်ခဲ့ကြောင်း၊ ခရိုအေးရှားနဲ့ ဆားဘီးယားအမှုမှာ ခရိုအေးရှားဘက်က သေဆုံးသူ ၁၂၅၀၀ ရှိတယ်လို့ တင်ပြခဲ့ပြီး(ဆားဘီးယားနိုင်ငံဘက်က အဲဒီပမာဏကို ငြင်းဆန်)အဲဒီအရေအတွက် မှန်ကန်တယ်ဆိုရင်တောင် သက်ဆိုင်ရာမျိုးနွယ်စု အရွယ်အစားနဲ့ နှိုင်းယှဉ်ရင် ခရိုအေးရှားဘက်က တင်ပြတဲ့ သေဆုံးသူအရေအတွက်က အရမ်းနည်းနေလို့ ဂျီနိုဆိုက်ကျူးလွန်မှုအဖြစ် သတ်မှတ်မှာမဟုတ်ဘူးလို့ ICJ က ဆုံးဖြတ်ခဲ့ကြောင်း ဝီလျံရှားဘတ်က ချေပခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ သေဆုံးသူ ၁၀၀၀၀ ရှိတယ်လို့ အစီရင်ခံတင်ပြခဲ့ပေမဲ့ အဲဒီပမာဏဟာ ဂျီနိုဆိုက်သတ်မှတ်ချက်နဲ့ ကိုက်ညီခြင်းမရှိဘူး၊ ဂျီနိုဆိုက်ဆိုတာ မျိုးနွယ်စုတစ်စုကို လုံးဝ ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်း ပျောက်ကွယ်သွားအောင်လုပ်မှုလို့ သတ်မှတ်ထားကြောင်း ဝီလျံရှားဘတ်က ချေပခဲ့ပါတယ်။

၂၀၀၇ ခုနှစ်က အမိန့်ချမှတ်ခဲ့တဲ့ ဘော့စနီးယားနဲ့ ဆားဘီးယားအမှုမှာ တရားရုံးရဲ့ တွေ့ရှိချက် ၂ ရပ်ကို ပြန်လည်ထောက်ပြခဲ့ပြီး ICJ ရဲ့ တရားစီရင်ရေးမှာ ဒီဆုံးဖြတ်ချက်က အမြစ်တွယ်နေမယ်လို့ မှတ်ယူမိတဲ့အကြောင်း ဝီလျံရှားဘတ်က ဆိုပါတယ်။ အဲဒီ(၂)ချက်ကတော့ လူမျိုးရေးရှင်းလင်းမှုဆိုတဲ့ သတ်မှတ်ချက်ဟာ ဂျီနိုဆိုက်ရဲ့ပုံစံတစ်ရပ်အဖြစ် မပါဝင်ကြောင်း၊ ဒုတိယအချက်ကတော့ သတ်မှတ်အချိန်ကာလတစ်ခုထဲမှာ လုပ်ရပ်တစ်ခုကို ထပ်ဖန်တလဲလဲလုပ်တဲ့ (Pattern of Condut)ရှိမှပဲ အဲဒီလုပ်ရပ်ကို ရည်ရွယ်ချက်ရှိရှိလုပ်တာလို့ သတ်မှတ်တယ်ဆိုတာပါပဲ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top