နာမည်ကြီးပန်းချီဆရာတစ်ယောက်လို အသက်ဝင်ပြောင်မြောက်လှတဲ့ပန်းချီကားတွေကို ရေးဆွဲတတ်တဲ့ ပါရမီရှင်လေး

yyl-025-2.jpg

အသက် (၁၁) နှစ်အရွယ်ကောင်လေး ကာရီအမ် ဝါရစ် အိုလာမီခန် (Kareen Waris Olamilekan) ဟာ သက်ကြီးပိုင်ကျောင်းသားတွေနဲ့အတူ အနုပညာကျောင်းတစ်ခုမှာ တက်ခွင့်ရခဲ့ပါပြီ။ သူ အခုလိုတက်ခွင့်ရတာက အံ့သြစရာတော့မရှိလောက်ပါဘူး။ သူက ကမ္ဘာပေါ်မှာရှိတဲ့ပန်းချီပြခန်းတွေမှာ ပြသဖို့တောင်ထိုက်တန်လှတဲ့ အမိုက်စားပုံတူပန်းချီကားတွေကို ရေးဆွဲနိုင်လို့ပါပဲ။ စာဖတ်ပရိသတ်တွေလည်း အဲဒီကောင်လေး ရေးဆွဲထားတဲ့ပုံတွေကို မြင်ရင် တအံ့တသြဖြစ်မိကြမှာပါ။

ကာရီအမ်က နိုင်ဂျီးရီးယားနိုင်ငံရဲ့သာမန်မိသားစုကနေ မွေးဖွားလာခဲ့တာပါ။ အသက် (၆) နှစ်အရွယ်မှာ ပန်းချီကို စဆွဲခဲ့ပြီး အဲဒီကတည်းက ပန်းချီဆွဲခြင်းက သူ့ကြိုက်နှစ်သက်တဲ့ အရာဖြစ်လာခဲ့ပါတယ်။ သူ့အသက် (၈) နှစ်အရွယ်မှာ သူ့မိသားစုက အိမ်အသစ်ကို ပြောင်းရွေ့ခဲ့တဲ့အချိန်မှာ သူ့အိမ်အနီးနားက ပန်းချီဆွဲနေတဲ့ Ayowole Art Vocational Academy ကျောင်းက ကျောင်းသားတစ်ယောက်ကို မြင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ သူလည်း အဲဒီကျောင်းကို တက်ရမယ်လို့ နားလည်သွားခဲ့ပါတယ်။

ကာရီအမ်ဟာ Ayowole ပန်းချီကျောင်းက ပါမောက္ခကို သူ့ရဲ့ပန်းချီကားတွေကို ပြသခဲ့ပြီး ပန်းချီကျောင်းကို တက်ရောက်ဖို့ ထိုက်တန်တယ်လို့ ပါမောက္ခကယုံကြည်ခဲ့ပါတယ်။ အဲဒီကနေ ပန်းချီပညာကို ပရောဖက်ရှင်နယ်ကျကျ စတင်သင်ကြားခဲ့ရပါတယ်။ ကာရီအမ်ရဲ့ပန်းချီတွေကို ကြည့်လိုက်ရင် အသက် (၁၁) နှစ်ကောင်လေးက အရင်က ပန်းချီသင်တန်းတွေမတက်ခဲ့ဖူးဘဲ ဘာလို့ ပန်းချီကို သေချာဆွဲနိုင်တာလဲလို့ နားလည်ရခက်စေပါတယ်။

ကာရီအမ်က ဂရက်ဖစ်ပုံတွေ၊ ကာတွန်းပုံတွေကို ရေးဆွဲသလို စာအုပ်တွေနဲ့ သတင်းစာတွေအတွက် သရုပ်ဖော်ပုံတွေလည်း ဖန်တီးရေးဆွဲလေ့ရှိပါတယ်။ ဒါပေမဲ့ သူ ကြိုက်နှစ်သက်ဆုံးအရာက ခဲတံနဲ့ရေးဆွဲရတဲ့ အရမ်းအသက်ဝင်လှတဲ့ ပန်းချီအမျိုးအစားမျိုးဖြစ်ပါတယ်။ သူ့အနီးနားမှာဖြစ်ပျက်တဲ့အရာရာတိုင်း၊ အထူးသဖြင့် သူ့မိသားစုဆီကနေ စိတ်ကူးဉာဏ်ကွန့်မြူးပြီး ရေးဆွဲတယ်လို့ သိရပါတယ်။

အခုဆိုရင် ကာရီအမ်က နာမည်ကြီးနေပြီး သူ့ရဲ့အင်စတာဂရမ်ပေ့ချ်မှာလည်း follower တွေရှိနေပါပြီ။ ဒါပေမဲ့ သူက သာမန်ကောင်လေးတစ်ယောက်ဖြစ်နေတုန်းပါပဲ။ သူ့ရဲ့မိသားစုတွေကို ကူညီပြီး သူ့သူငယ်ချင်းတွေရဲ့ပုံတူပန်းချီတွေကို မကြာခဏရေးဆွဲပေးပါတယ်။

သူ့ပန်းချီကားတွေထဲမှာ သူ့အကြိုက်ဆုံးပန်းချီကားက မျက်နှာမှာချွေးတွေ၊ မျက်ရည်တွေကျပြီး ဇွန်းနဲ့တစ်ခုခုစားနေတဲ့ ကောင်လေးတစ်ယောက်ရဲ့ပုံပါပဲ။ “ကျွန်တော်မိသားစုက ကျွန်တော်တို့ တစ်ခုခုစားရဖို့အတွက် အလုပ်ကြိုးစားရပါတယ်။ ဒါက ကျွန်တော်ကို တွန်းအားဖြစ်စေပါတယ်” လို့ သူက ပြောပါတယ်။ ကာရီအမ်ရဲ့မိသားစုက အခုထိ ချမ်းချမ်းသာသာနဲ့ နေထိုင်နေရတာမဟုတ်ပါဘူး။ သူ့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် ငွေလုံလုံလောက်လောက်မရှိပါဘူး။ သူ့မိဘတွေနဲ့ သူ့ဆရာတွေက ပန်းချီအတွက်လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ပေးပေမယ့် မလုံလောက်ဘူးလို့ ဆိုပါတယ်။

နိုင်ဂျီးရီးယားအစိုးရက မျိုးဆက်သစ်လူငယ်တွေအတွက် အခွင့်အလမ်းတွေရအောင် လမ်းဖွင့်ပေးသင့်တယ်။ အရည်အချင်းရှိတဲ့လူတွေကို ရှာဖို့အတွက် ရွာတွေကိုလာလည်ဖို့ အစိုးရက အရေးပါတဲ့လူတွေကို လွှတ်ပေးသင့်တယ်လို့ ကာရီအမ်က ယူဆထားပါတယ်။ ကာရီအမ်ရဲ့အိပ်မက်က ပန်းချီပညာရှင် မိုက်ကယ်အိန်ဂျလို ကဲ့သို့ပညာရှင်ဖြစ်ချင်ပြီး ပန်းချီပြခန်းတွေမှာ နာမည်ကြီးပန်းချီပညာရှင်တွေရဲ့ လက်ရာတွေနဲ့အတူ သူ့ရဲ့ပန်းချီကားတွေကို မြင်တွေ့ရဖို့ပါပဲ။

Ref: An 11-Year-Old Boy Draws Hyperrealistic Pictures Making Even Adult Artists Jealous

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top