ကလေးငယ်တွေကို ထိခိုက်စေပြီး ဒီမိုကရေစီကို အားနည်းစေတယ်ဆိုတဲ့ ဖေ့ဘွတ်ခ်ကို အမေရိကန်လွှတ်တော်အမတ်တွေ ဘယ်လို ပြင်ဆင်မလဲ

8-10-2021yyl07.jpg

ဖေ့ဘွတ်ခ်ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်တွေနဲ့ app တွေက ” ကလေးငယ်တွေကို ထိခိုက်စေတယ်၊ သွေးကွဲအောင် လှုံ့ဆော်တယ်၊ ဒီမိုကရေစီကို အားနည်းစေတယ်” လို့ ဖေ့ဘွတ်ခ်ဝန်ထမ်းဟောင်းတစ်ဦးက အမေရိကန်လွှတ်တော်မှာ ထွက်ဆိုသွားခဲ့ပါတယ်။

ဖရန့်ဆက်ဟောက်ဂန် (Frances Haugen)ဆိုတဲ့ အမျိုးသမီးက ဖေ့ဘွတ်ခ်ကုမ္ပဏီမှာ product မန်နေဂျာအဖြစ် လုပ်ကိုင်ခဲ့သူပါ။ အောက်တိုဘာလ ၅ ရက်က အမေရိကန်အထက်လွှတ်တော်ဆိုင်ရာ စားသုံးသူကာကွယ်ရေး ဆပ်ကော်မတီ ကြားနာမှုမှာ သူက အခုလို ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။” ကျွန်မတို့ ဒီကနေ့ မြင်တွေ့နေရတဲ့ သွေးကွဲမှုနဲ့ အစွန်းရောက်အပြုအမူတွေက အစအနလောက်ပဲ ရှိသေးလို့ အရေးယူဆောင်ရွက်ခြင်းမရှိရင် ( ဒီထက် ပိုဆိုးရွားလာမှာကို) စိုးရိမ်မိပါတယ်။

မြန်မာနိုင်ငံနဲ့ အီသီယိုးပီးယားမှာ အခုမြင်တွေ့နေရတဲ့ ဖြစ်ရပ်တွေဟာ ဇာတ်လမ်းရဲ့အဖွင့်ပဲ ရှိပါသေးတယ်။ ဒီဇာတ်လမ်းက ကြောက်စရာကောင်းလွန်းလို့ ဘယ်သူမှ ဆုံးခန်းတိုင်အောင် ဖတ်ချင်ကြမှာ မဟုတ်ပါဘူး” လို့ ဖရန့်ဆက်ဟောက်ဂန်က ပြောပါတယ်။ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး အမုန်းတရား ကြီးထွားလာစေမယ့် ရေးသားဖော်ပြချက်တွေ ပျံ့နှံ့မှုကို ကာကွယ်ဖို့ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ဘူးလို့ ၂၀၁၈ ခုနှစ်မှာ ဖေ့ဘွတ်ခ်က ဝန်ခံခဲ့ဖူးပါတယ်။

ကမ္ဘာတစ်လွှားမှာရှိတဲ့ အာဏာရှင်တွေ၊ အကြမ်းဖက်ခေါင်းဆောင်တွေက ဖေ့ဘွတ်ခ်ကို အသုံးချနေသလားလို့ အထက်လွှတ်တော်အမတ်တစ်ယောက်က မေးခွန်းထုတ်ချိန်မှာ ” ဖေ့ဘွတ်ခ်ကို အဲဒီလို အသုံးချမှုမျိုး ရှိနေတယ်၊ ဖေ့ဘွတ်ခ်ကုမ္ပဏီကလည်း ဒီကိစ္စကို သတိထားမိပါတယ်”လို့ ဖရန့်ဆက်ဟောက်ဂန်က ဖြေဆိုခဲ့ပါတယ်။

ဖရန့်ဆက်ဟောက်ဂန်ဟာ ဖေ့ဘွတ်ခ်ကုမ္ပဏီကနေ အလုပ်မထွက်ခင် ဖေ့ဘွတ်ခ်ရဲ့ သူလျှိုလုပ်မှုတန်ပြန်တိုက်ဖျက်ရေးအဖွဲ့မှာ ပါဝင်ခဲ့သူပါ။ တရုတ်အစိုးရက ဖေ့ဘွတ်ခ် ပလက်ဖောင်းကို အသုံးပြုပြီး ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဝီဂါမျိုးနွယ်စု လူဦးရေကို စစ်တမ်းကောက်ယူဖို့ လှုပ်ရှားနေတာကို အဲဒီအဖွဲ့က ခြေရာခံစောင့်ကြည့်ရတာပါ။ တရုတ်နိုင်ငံပြင်ပမှာ နေထိုင်တဲ့ ဝီဂါမျိုးနွယ်ဝင် တက်ကြွလှုပ်ရှားသူတွေ၊ ဂျာနယ်လစ်တွေကို တရုတ်ဟက်ကာတွေက ဖေ့ဘွတ်ခ်အကောင့်တုတွေ၊ malware တွေ အသုံးပြုပြီး ပစ်မှတ်ထားနေတယ်လို့ ဖေ့ဘွတ်ခ်ကုမ္ပဏီရဲ့ လုံခြုံရေးဝန်ထမ်းတစ်ယောက်က ပြီးခဲ့တဲ့မတ်လမှာ ထုတ်ပြောခဲ့ဖူးပါတယ်။

အီရန်အစိုးရကလည်း ဖေ့ဘွတ်ခ်ကို အသုံးချပြီး တခြားနိုင်ငံ့ခေါင်းဆောင်တွေကို ထောက်လှမ်းမှုလုပ်နေကြောင်း တွေ့ရတယ်လို့ ဖရန့်ဆက်ဟောက်ဂန်က ပြောပါတယ်။ အီရန်အစိုးရရဲ့ ထောက်လှမ်းရေးလှုပ်ရှားမှုနဲ့ဆက်နွှယ်နေတဲ့ ဖေ့ဘွတ်ခ်အကောင့် ၂၀၀ နီးပါးကို ပိတ်ပစ်ခဲ့တယ်လို့ ပြီးခဲ့တဲ့နွေရာသီမှာ ဖေ့ဘွတ်ခ်ကုမ္ပဏီရဲ့ ဆိုက်ဘာထောက်လှမ်းမှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးခေါင်းဆောင် မိုက်ဒီယန်စကီက CNN ကို ပြောခဲ့ဖူးပါတယ်။

အမုန်းတရားနဲ့ ဆူပူအုံကြွမှုတွေ ကြီးထွားလာအောင်၊ သတင်းမှားတွေ ပျံ့နှံ့အောင် သူတို့ရဲ့ပလက်ဖောင်းကို အသုံးပြုနေတယ်ဆိုတာ ဖေ့ဘွတ်ခ်ကုမ္ပဏီက ကောင်းကောင်းသတိပြုမိပေမဲ့ ဝင်ငွေပိုရစေဖို့အတွက် သူတို့တွေ့ရတဲ့ အထောက်အထားတွေကို ဖုံးကွယ်ဖို့ပဲ ကြိုးစားခဲ့တယ်လို့ CNN နဲ့ အင်တာဗျူးမှာ ဖရန့်ဆက်ဟောက်ဂန်က ပြောပါတယ်။ ” ဖေ့ဘွတ်ခ်မှာ ကျွန်မ ထပ်ဖန်တလဲလဲ တွေ့နေရတာကတော့ အများပြည်သူကောင်းကျိုးနဲ့ ဖေ့ဘွတ်ခ်ကုမ္ပဏီကောင်းကျိုးဆိုတဲ့ အကျိုးစီးပွားနှစ်ခု ထိပ်တိုက်တွေ့နေတာပါပဲ။ အဲဒီလို ထိပ်တိုက်တွေ့တိုင်းလည်း ဖေ့ဘွတ်ခ်က ဝင်ငွေပိုရရေးဆိုတဲ့ သူတို့ကိုယ်ကျိုးကိုပဲ ထပ်ခါထပ်ခါ ရွေးချယ်ခဲ့ပါတယ်”လို့ သူက ဆိုပါတယ်။

ဖေ့ဘွတ်ခ်ကုမ္ပဏီခေါင်းဆောင်ပိုင်းက ဖေ့ဘွတ်ခ်နဲ့ Instagram ကို လုံခြုံစိတ်ချရအောင် ဘယ်လိုပြင်ဆင်ရမလဲဆိုတာ သိနားလည်ပေမဲ့ လူထုအကျိုးစီးပွားထက် အကျိုးအမြတ်ရရေးကိုပဲ ရှေ့တန်းတင်နေလို့ အပြောင်းအလဲလုပ်မှာ မဟုတ်ဘူးလို့ သူက ဝေဖန်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီစွပ်စွဲချက်တွေဟာ ဖေ့ဘွတ်ခ်ကို ပုံဖျက်နေတာသာ ဖြစ်တယ်လို့ ဖေ့ဘွတ်ခ်ကုမ္ပဏီအမှုဆောင်ချုပ် မက်ခ်ဇူကာဘတ်က တုံ့ပြန်ခဲ့ပါတယ်။ ” လုံခြုံရေး၊ ကောင်းကျိုးချမ်းသာရရှိရေး၊ စိတ်ကျန်းမာရေး စတဲ့ အကြောင်းကိစ္စတွေကို ကျွန်တော်တို့ အလေးထားပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုနဲ့ ရည်ရွယ်ချက်ကို ပုံမှားရိုက်ထားတဲ့ ဒီရေးသားဖော်ပြချက်တွေက နားလည်ဖို့ ခက်ခဲပါတယ်”လို့ မက်ခ်ဇူကာဘတ်က ဆိုပါတယ်။

” ဖေ့ဘွတ်ခ်ရဲ့ ကိုယ်ကျိုးကြည့်မှုနဲ့ ကိုယ်ရည်သွေးမှုကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်မှုက နောက်မျိုးဆက်အထိ ခြောက်လှန့်နေပါလိမ့်မယ်” လို့ ဒီမိုကရက်တစ်ပါတီဝင် အထက်လွှတ်တော်အမတ် ရစ်ချက်ဘလူမန်သယ်က မှတ်ချက်ပေးခဲ့ပါတယ်။ ဖေ့ဘွတ်ခ်ကုမ္ပဏီမှာ ပြောင်းလဲမှုတွေလုပ်ဖို့ လိုအပ်နေပြီလို့ ရီပတ်ဗလစ်ကန်နဲ့ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ်တွေဟာ သဘောတူညီခဲ့ကြပြီး ဒါဟာ ပါတီ ၂ ခုကြား ကြုံတောင့်ကြုံခဲသဘောတူညီမှုလည်း ဖြစ်လာခဲ့ပါတယ်။

ဖေ့ဘွတ်ခ်ဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး လူမှုကွန်ရက်စာမျက်နှာဖြစ်ပြီး လစဉ်အသုံးပြုသူ ၂.၇ ဘီလျံ ရှိပါတယ်။ ဒါ့အပြင် ဖေ့ဘွတ်ခ်ကုမ္ပဏီက ဖန်တီးထားတဲ့ WhatsApp ၊ Instagram တို့ကို အသုံးပြုသူပေါင်း သန်းရာချီ ရှိနေပါတယ်။

Ref: BBC & CNN ” Facebook harms children and weakens democracy: ex-employee “

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top