နိုင်ငံတကာအဆင့်မီ ကျောက်ကပ်အစားထိုး လုပ်ငန်းကို မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီး၌ အောင်မြင်စွာ လုပ်ဆောင်နိုင်

kidney-large.jpg

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် ကျောက်ကပ်အစားထိုး ခွဲစိတ်ခြင်းလုပ်ငန်းကို ၂ဝ၁၅ ခုနှစ်မှစတင်၍ လစဉ် လူနာ နှစ်တွဲနှုန်းဖြင့် ဆောင်ရွက်ပေးခဲ့ရာ ယခုနှစ်မေလကုန်တွင် ကျောက်ကပ်ဝေဒနာရှင်နှင့်အလှူရှင် ၃၃ တွဲအား အောင်မြင်စွာ ခွဲစိတ်အစားထိုးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရှိခဲ့ရသည်။

အဆိုပါ ကျောက်ကပ်အစားထိုးလုပ်ငန်းနှင့် ပတ်သက် ၍ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး ဆီးနှင့် ကျောက်ကပ်ခွဲစိတ်အထူးကုဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာဦးမင်းသူနှင့် တွေ့ဆုံမေးမြန်းခဲ့ရသည်များကို ဖော်ပြလိုက်ပါသည်။

မေး။ ဆရာ့အနေနဲ့ ဒီဆေးရုံကြီးမှာ ကျောက်ကပ်အစားထိုး လုပ်ငန်းဆောင်ရွက်ခဲ့ပုံတွေကို ပြောပြပေးပါခင်ဗျာ။

ဖြေ။ ကျွန်တော်က ဒီဆေးရုံကြီးရဲ့  ဆီးနှင့်ကျောက်ကပ် ဌာနကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင် တာဝန်ထမ်း ဆောင်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ရည်မှန်းချက်က ကျောက်ကပ်အစား ထိုးလုပ်ငန်းကို ပုံမှန် လုပ်ဆောင်သွားဖို့က အဓိကပါ။ ကျွန်တော် မရောက်ခင် ဒီဆေးရုံကြီးမှာ ကျောက်ကပ် အစားထိုး လုပ်ငန်းကို ၂ဝဝ၁ ခုနှစ်ကနေ ၂ဝဝ၂ ခုနှစ်အထိ ဆက်တိုက် လုပ်ဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာ အကြောင်း အမျိုးမျိုးကြောင့် ဆက်ပြီး မလုပ်ဆောင်နိုင်ခဲ့ ဘူး။ ဒါကြောင့် ကျွန်တော် စရောက်တဲ့အချိန်မှာ ဆေးရုံအုပ်ကြီးနဲ့ ဝန်ကြီး ဌာနက တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်ပြီး ကျောက်ကပ်အစား ထိုး လုပ်ငန်းကို လုပ်ဆောင်ဖို့ စတင်ပြင်ဆင်ခဲ့ ပါတယ်။

ဒီလုပ်ငန်းကို လုပ်ဖို့ ကျွန်တော်တို့ဌာန တစ်ခုတည်း နဲ့ မပြီးပါဘူး။ ဒီမှာရှိတဲ့ဌာန အားလုံး ပူးပေါင်းပါဝင်ပြီး ဆွေးနွေးမှုတွေ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ရတယ်။ နောက်ပြီး ခွဲစိတ်မှုတွေနဲ့ ပတ်သက်လို့ အဆင်ပြေစေဖို့ အားလပ်တဲ့အချိန် တိုင်း ခွဲစိတ်မှုတွေ အကြိမ်ကြိမ် လေ့ကျင့်ခဲ့ရတယ်။ လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြည့်စုံသွားတဲ့ အချိန်မှာ ၂ဝ၁၅ ခုနှစ် စက်တင် ဘာလ ၉ ရက်နေ့မှာ ပထမဆုံး အကြိမ်အဖြစ် ကျောက်ကပ် အစားထိုးခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့တယ်။ ဒီနေ့အထိ ဆိုရင် ၃၃ တွဲ ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ပါတယ်။

လူနာရော အလှူရှင်တွေပါ ကျန်းမာစွာ ရှိနေပါတယ်။ ဒီလုပ်ငန်းကို ပုံမှန်ဖြစ်အောင် လစဉ် နှစ်တွဲနှုန်းနဲ့ အစားထိုး ခွဲစိတ်မှုတွေကို လုပ်ဆောင် နေပါတယ်။ ဒီလုပ်ငန်းက ပထမ ပိုင်းမှာ အခက်အခဲ တွေရှိခဲ့ပေမယ့် ဒါတွေကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့တဲ့အတွက် အခုဆို သာမန်ခွဲစိတ်မှုတစ်ခုလိုပဲ လုပ်ဆောင်နိုင်ခဲ့ပါပြီ။

ဒါ့အပြင် ပထမဆုံးအကြိမ် ကလေး ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု လုပ်ငန်းကိုလည်း ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလမှာ စင်ကာပူပညာရှင်အဖွဲ့နဲ့အတူ ခုတင် ၃ဝဝ ကလေးဆေးရုံက အထူးကုအဖွဲ့တွေနဲ့ ပူးပေါင်း ပြီး ကျောက်ကပ်ဝေဒနာရှင်နဲ့ အလှူရှင်လေးတွဲကို အောင်မြင် စွာ လုပ်ဆောင်နိုင်ခဲ့တယ်။ နောက်ပြီး ကျောက်ကပ်အစားထိုး လုပ်ငန်းကို အခုလုပ်နေတဲ့ တစ်လကိုတစ်ကြိမ်ကနေ နှစ်ကြိမ် တိုးပြီး လုပ်ဆောင်ဖို့ ကြိုးစားနေပါတယ်။

မေး။ ကျောက်ကပ်အစားထိုးလုပ်ငန်းနဲ့ပတ်သက်ပြီး ထူးခြားတဲ့ ကုသမှုတွေရှိရင် ပြောပြပေးပါဆရာ။

ဖြေ။ ဒီလုပ်ငန်းအတွက် ထူးခြားချက်တွေ ကြိုးစားထားမှုတွေရှိပါတယ်။ ပထမ ထူးခြားချက်ကတော့ ဆေးရုံ အုပ်ကြီး ဦးဆောင်မှုနဲ့ ကျွန်တော်တို့ ခွဲစိတ်ခန်းမှာ မြန်မာ နိုင်ငံမှာ ပထမဆုံး ကျောက်ကပ်အစားထိုးသီးသန့် ခွဲစိတ်ခန်း နှစ်ခန်းကို ထားရှိလုပ်ဆောင်နိုင်ခဲ့တယ်။ ဒီသီးသန့်ခန်းမှာပဲ ကလေးကျောက်ကပ်အစားထိုးလုပ်ငန်းကို ဆောင်ရွက်ခဲ့ ပါတယ်။

ဒုတိယ ထူးခြားချက်တစ်ခုကတော့ ကျောက်ကပ်အလှူ ရှင်တွေဆီက ကျောက်ကပ်ထုတ်ယူတဲ့ နည်းပညာရပ်ပါပဲ။ အရင် က အလှူရှင်တွေဆီက ကျောက်ကပ်ထုတ်ယူတဲ့အခါ အရေပြား ကို ရှစ်လက်မအရှည်ခွဲပြီး ထုတ်ယူခဲ့ကြရတယ်။ ဒီနှစ် ဖေဖော်ဝါရီလကစပြီး သုံးလက်မအရွယ် အပေါက် ဖောက်ပြီး ထုတ်ယူတဲ့နည်းပညာကို ပထမဆုံးအသုံးပြုပြီး အလှူရှင်ဆီကနေ ကျောက်ကပ်ကို ထုတ်ယူနိုင်ခဲ့ပါတယ်။

ဒီနည်းက ကမ္ဘာကိုရင်ပေါင်တန်းနိုင်တဲ့ နည်းပါပဲ။ လှူတဲ့ အလှူရှင်အတွက် အတော်လေးသက်သာစေပါတယ်။ ခွဲစိတ် ပြီးရင်လည်း နာကျင်မှုက မပြောပလောက်ဘူး။ ဆေးရုံကနေ လေးရက်လောက်နဲ့ အမြန်ဆုံးဆင်းနိုင်ပြီး လုပ်ငန်းခွင်ကို ပြန်ဝင် နိုင်ပါတယ်။ လှူတဲ့သူတွေ ပိုပြီး လှူချင်လာအောင် ဆောင်ရွက် ပေးတာပါ။

မေး။ ကျောက်ကပ်အစားထိုးလုပ်ငန်းမှာ ကုန်ကျစရိတ်နဲ့ ခွဲစိတ်ပြီးသွားတဲ့ လူနာနဲ့ အလှူရှင်တို့ရဲ့ တုံ့ပြန်မှုကိုလည်း ရှင်းပြပေးပါဦးဆရာ။

ဖြေ။ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု လုပ်ငန်းတစ်ခုလုံးအတွက် လူနာတစ်ဦးကို ငွေကျပ်သိန်း ၆ဝ လောက်ကုန် ပါတယ်။ ဒါတွေအားလုံးကို နိုင်ငံတော်က ထောက်ပံ့ပေးပါတယ်။ မခွဲခင် ကြိုတင်ပြင်ဆင်မှုအပိုင်းတွေဖြစ်တဲ့ တစ်သျှူးနမူနာယူ တာတွေ၊ သွေးစစ်တာတွေအတွက်တော့ လူနာက ကျခံရမှာပါ။ ကျွန်တော်တို့က ခွဲစိတ်ကုသမှုအောင်မြင်သွားပြီးရင်လည်း အလှူရှင်ရော၊ လူနာကိုပါ ပစ်မထားပါဘူး။ အလှူရှင်တွေကို သုံးလတစ်ကြိမ်၊ ခြောက်လတစ်ကြိမ်နဲ့ တစ်နှစ်တစ်ကြိမ် စစ်ဆေးပေးသွားမှာပါ။

အလှူခံတဲ့သူကလည်း သူ့ခန္ဓာကိုယ်ထဲမှာ အခြား တစ်ယောက်ရဲ့ ကျောက်ကပ်ရှိနေတဲ့အတွက် တုံ့ပြန်မှုမရှိအောင် ဆေးသောက်ရမှာဖြစ်လို့ ရာသက်ပန်စောင့်ရှောက်ပေးသွားရ မှာဖြစ်ပါတယ်။ ကုသမှုအောင်မြင်သွားသူတွေရဲ့ တုံ့ပြန်မှု စကားကိုတော့ ပြီးခဲ့တဲ့ မေလကကျင်းပခဲ့တဲ့ ကမ္ဘာ့ကျောက်ကပ် နေ့ အခမ်းအနားမှာ ဒီလူတွေအားလုံးလာကြပြီး သူတို့ရဲ့ အတွေ့ အကြုံတွေကိုပြောကြတယ်။ စုပေါင်းဓာတ်ပုံရိုက်ကြပြီး လူတစ်ဦး ကဆိုရင် သူဟာ ဘဝနှစ်ခုနဲ့ ရှင်သန်နေတဲ့ လူသားပါလို့ ကျေနပ် စွာနဲ့ ပြောသွားခဲ့ပါတယ်။

မေး။ ကျောက်ကပ်ဝေဒနာရှင်တွေနဲ့ပတ်သက်ပြီး တိုးချဲ့ကုသနိုင်မယ့် အခြေအနေတွေရှိရင်လည်း ပြောပြပေးစေလိုပါ တယ်။

ဖြေ။ လက်ရှိ ကျွန်တော်တို့ လုပ်နေတဲ့ ကျောက်ကပ် အစားထိုးလုပ်ငန်းက ဆွေမျိုးသားချင်းဆီကပဲ ကျောက်ကပ် အလှူခံပြီး အစားထိုး ကုသပေးနိုင်တာပါ။ ဆွေမျိုးဆိုတော့ တစ်သျှူးတူမယ်၊ သွေးတူမယ်ပေါ့။ အခု ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး တိုးချဲ့လုပ်ဆောင်နိုင်ဖို့ ရန်ကုန်မှာ ဓာတ်ခွဲခန်း တစ်ခုကို ထူထောင် နေတယ်။ ဒီနှစ်မကုန်ခင် ပြီးစီးမယ်လို့ ထင်ပါတယ်။ ဒီဓာတ်ခွဲခန်း အောင်မြင်သွားရင် တချို့ဆွေမျိုးသားချင်း လှူမယ့်သူမရှိတဲ့ ကျောက်ကပ် လူနာတွေ အတွက် အကြောင်းတစ်ခုခုကြောင့် ရုတ်တရက် သေဆုံးသွားတဲ့ လူနာတွေဆီကနေ ကျောက်ကပ် ကို အလှူခံ ထုတ်ယူပြီး အစားထိုး ကုသ ပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မခွဲခင်ကြိုတင်ပြင်ဆင်ရမယ့် လုပ်ငန်းတွေ အတွက် ကုန်ကျစရိတ်ကလည်း သက်သာသွားမှာပါ။

မေး။ ဆရာတို့ဌာနနဲ့ ပြည်သူတွေအတွက် နေ့စဉ်ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အခြေအနေတွေကိုလည်းသိရှိလိုပါတယ်။

ဖြေ။ ကျွန်တော်တို့ဌာနမှာ လူနာတွေအတွက် နေ့စဉ်ပုံမှန်ခွဲစိတ်ပေးနေတဲ့ အခန်းလေးခန်းရှိပါတယ်။သီးသန့် ခန်းနဲ့ ပေါင်းရင် ခြောက်ခန်းပါ။ အဲဒီပုံမှန်အခန်းလေးခန်းမှာ တနင်္လာနေ့ကနေ သောကြာနေ့အထိ ပုံမှန်ခွဲစိတ်မှုတွေ ပြုလုပ် ပေးနေတယ်။ ၂ဝ၁၆ ခုနှစ်မှာ အကြီးစား၊ အသေးစား ခွဲစိတ်မှု ပေါင်း ၃၅ဝဝ အထိ ရှိခဲ့ပါတယ်။ ဌာနမှာ လူနာ အယောက် ၇ဝ ပဲ တင်လို့ရပေမယ့် အမြဲတမ်းက ၁ဝဝ ကျော် ပါတယ်။

ဆေးရုံကြီးကို အားကိုးပြီး တိုးတက်များပြားစွာ ရောက်လာတဲ့ လူနာတွေ အကြာကြီးစောင့်စရာမလိုအောင် လျင်လျင်မြန်မြန်နဲ့ ကြိုးစားပြီးခွဲစိတ်ပေးနေပါတယ်။ နောက် တစ်ချက်က သင်ကြား ရေးအပိုင်းမှာလည်း ဘွဲ့ကြို၊ ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူတွေကို သင်ကြားပေးနေပါတယ်။ သုတေသနလုပ်ငန်းတွေကိုလည်း အားလုံးတက်ညီလက်ညီလုပ်ဆောင်နေကြပါတယ်။ နိုင်ငံတကာအဆင့်မီ ကုသ နိုင်အောင် ဒီဆေးရုံမှာရှိတဲ့ ဌာနတွေ အားလုံး စည်းစည်း လုံးလုံးနဲ့ပူးပေါင်းပြီး လူနာတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက် ပေးနေပါတယ်။

အခု ကျွန်တော်တို့ လုပ်ဆောင်နေရတာက လူ ၁ဝ ယောက်လောက်လုပ်ရမယ့် အလုပ်တွေကို တစ်ယောက် တည်းနဲ့ လုပ်နေရသလို ဖြစ်နေပေမယ့် ကြိုးစားပြီးလုပ်ပေးနေ တယ်ဆိုတာကို သိစေချင်ပါတယ်။ အရင်တုန်းက ကျောက်ကပ် ထဲမှာ တည်နေတဲ့ ကျောက်ကို ခွဲစိတ်ပြီးထုတ်ခဲ့ရပေမယ့် ဒီနေ့အချိန်မှာတော့ တစ်စင်တီမီတာ အပေါက်လေးဖောက်ပြီး ကျောက်ကို ထုတ်ယူလို့ရနေပါပြီ။ တန်ဖိုးကြီးတဲ့ ကျောက်ချေ စက်တွေလည်း နှစ်လုံးတောင်ရှိပါတယ်။

မေး။ ကျောက်ကပ်ဝေဒနာရှင်တွေကို အကြံပြုပြောချင်တဲ့စကားများရှိရင် ပြောပေးပါ ဆရာ။

ဖြေ။ မြန်မာနိုင်ငံမှာ တစ်နှစ်ကို ကျောက်ကပ်လူနာ ၁ဝဝဝဝ ကနေ ၁၅ဝဝဝ အထိ ရှိနေပါတယ်။ ကျောက်ကပ် ပျက်စီးနေတဲ့ လူနာတွေအနေနဲ့ အရင်ဆုံးကာကွယ်ခြင်းက ကုသခြင်းထက် ပိုမိုကောင်းမွန်ပါတယ်။ ရောဂါမဖြစ်အောင် ကာကွယ်နေထိုင်ကြပါ။ ရောဂါဖြစ်လာပြီဆိုရင်လည်း အချိန်မီကုသရင် ပျောက်ကင်းနိုင်ပါတယ်။ အချိန်မီကုသခွင့် မရခဲ့လို့ ကျောက်ကပ်ပျက်စီးတဲ့အဆင့်ကို ရောက်နေရင်လည်း လမ်းမဆုံးသေးပါဘူး။ ကျောက်ကပ်အစားထိုးပြီးတော့ သက်တမ်းစေ့ နေထိုင်နိုင်အောင် ကုသပေးနေပါတယ်။

ကျောက်ကပ်အစား ထိုး ခွဲစိတ်ကုသမှုအတွက် ကုန်ကျစရိတ်က ကြီးမားသယောင် ရှိပေမယ့် ကျောက်ကပ်ကို တောက်လျှောက် တစ်သက်လုံး ဆေးနေရမှာနဲ့ နှိုင်းယှဉ်လျှင် အများကြီးသက်သာတဲ့အပြင် စက်ပေါ်မှာ ဆေးနေရင်းနဲ့ မမှန်တာရှိပြီး ခန္ဓာကိုယ်အစိတ် အပိုင်းတွေတဖြည်းဖြည်း ယိုယွင်းပျက်စီးလာရင် သက်တမ်း စေ့နေရမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ဆေးရုံကြီးကို အားကိုး ယုံကြည်စွာ လာရောက်ကုသနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်းက အခြားနိုင်ငံ တွေထက်မသာရင်တောင် မလျော့ပါဘူးလို့ ပြောချင်ပါတယ်။ ဒါကြောင့် ကျောက်ကပ် ပျက်စီးနေတဲ့ဝေဒနာရှင်တွေအတွက် အဓိကထွက်ပေါက်က ကျောက်ကပ်အစားထိုးခြင်းပါပဲလို့ စကားလက်ဆောင်ပါးချင်ပါတယ်။

Credit : MOI Webportal Myanmar

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top